သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အယူခံကိစ္စ ရှေ့နေနှင့်ထပ်တွေ့


နေအိမ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်အနေနဲ့ သူ့ကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့
အာဏာပိုင်တွေကို အယူခံတင်သွင်းဖို့ ရှေ့နေဖြစ်သူနဲ့ ဒီကနေ့ ထပ်မံတွေ့ဆုံခွင့် ရခဲ့ပါ
တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီရက်ပိုင်းအတွင်း အစားအသောက်တွေကို
လက်မခံဘဲ ဆန္ဒပြနေတယ်၊ အစာငတ်ခံနေတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်
နေတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်မကင်းသံတွေကလည်း ထွက်ပေါ်နေတာပါ။
အကြောင်းစုံကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့
ကိစ္စနဲ့ ပတ်သက်လို့ ရှေ့နေနဲ့ ဆွေးနွေးတိုင်ပင်ခွင့်ရအောင် တောင်းဆိုနေတာ အခု
တော့ တတိယအကြိမ်အဖြစ် ဥပဒေအကျိုးဆောင်ဖြစ်သူနဲ့ တွေ့ခွင့်ရခဲ့တာပါ။ ဒါပေမယ့်
လည်း ရှေ့နေဖြစ်သူ ဦးကြည်ဝင်းနဲ့ တွေ့ဆုံခွင့်ရတဲ့ အချိန်ကာလက တိုတောင်းတာမို့
ကိစ္စတွေ အပြီးအပြတ်တော့ ဆောင်ရွက်နိုင်တာမျိုး မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီရဲ့ အထွေထွေအတွင်းရေးမှူး
ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနဲ့တွေ့ဆုံခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့
ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

"ဘာတွေသိရလဲဆိုတော့ အန်ကယ်ဦးကြည်ဝင်း သွားတာက အယူခံလျှောက်လွှာ
အတည်ပြုဖို့သွားတာ။ အချိန်နည်းတော့ အယူခံလျှောက်လွှာတော့ အတည်ပြုလို့ မရ
သေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်။ နောက်မှပဲ ဖတ်ပြီးတော့ ပြင်ဆင်၊
ဖြည့်စွက်၊ အတည်ပြုမှာပေါ့။ ကျန်တာကတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျနော်
လည်း မေးပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် Hunger Strike နဲ့ပတ်သက်ပြီး ဘာပြောလဲဆိုတော့ သူက
အစာငတ်ခံ ဆန္ဒပြခြင်း ရှိမရှိကိုတော့ သူ မသိဘူး၊ သူလည်း မမေးဘူး၊ ဒေါ်အောင်ဆန်း
စုကြည်လည်း မပြောဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ သူ ပင်ပန်းနေ
တယ်၊ နားဖို့လိုတယ်။ ကျန်းမာရေးတော့ ကောင်းပါတယ်။ သို့သော် ကိုယ်အလေးချိန်
အနည်းငယ်ကျနေတယ်၊ အဲလိုတော့ပြောတယ်။"

တကယ်တော့ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းထားတာ သက်တမ်းစေ့သွားခဲ့
ပေမယ်လို့ ဆက်လက်ဖမ်းဆီးထားတာ၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ
အဖော်အဖြစ် နေထိုင်နေသူတွေအပေါ် အာဏာပိုင်တွေက ကန့်သတ်မှုတွေ လုပ်ထား
တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အခုလို ဥပဒေအကျိုးဆောင်နဲ့ တွေ့ဆုံခွင့်ရဖို့အတွက်
ဒေါ်အောင်ဆန်းစုကြည်ဘက်က အစားအသောက်တွေကိုတောင် လက်မခံဘဲ ဆန္ဒပြ
တောင်းဆိုနေခဲ့တာပါ။ ဒါကြောင့်မို့လို့လည်း အခုနောက်ဆုံး ရှေ့နေနဲ့ တွေ့ခွင့်ရခဲ့တဲ့
အတွက် ဒါတွေကို ရပ်ဆိုင်းမယ့်လက္ခဏာ ရှိမရှိဆိုတာနဲ့ပတ်သက်လို့ ဦးဉာဏ်ဝင်းကို
မေးကြည့်ပါတယ်။

"ကျနော်သိသလောက် ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ်မှာ ချမှတ်ထားတဲ့
ကန့်သတ်ချက်တွေအပြင် ကျန်တဲ့ဟာတွေကို မကန့်သတ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ရပိုင်ခွင့်တွေကို တောင်းဆိုဖို့၊ ဒီကိစ္စကို ရှေ့နေကို တာဝန်ပေးပါတယ်။ အဲဒီဟာက
လုပ်ဆောင်နေဆဲ ဖြစ်တဲ့အတွက် အဲဒီဟာတွေ ပြီးဆုံးမှသာ ရပ်ဆိုင်းလိမ့်မယ်လို့
ကျနော် အဲလိုပဲ နားလည်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို ရှေ့နေနဲ့ တွေ့ဆုံခွင့်ရဖို့အပြင် ကျန်းမာရေး
အတွက် မိသားစုဆရာဝန်နဲ့ ပုံမှန်တွေ့ခွင့်ရဖို့ စတာတွေအတွက် အစောပိုင်းမှာ
တောင်းဆိုခဲ့တာတွေ ရှိခဲ့တာပါ။ အခုနောက်ဆုံးမှာတော့ အာဏာပိုင်တွေဘက်က
လစဉ် ဆရာဝန်ကို တွေ့ဆုံခွင့်ပြုမယ်လို့ ကတိပြုထားတဲ့အကြောင်းလည်း
အန်န်အယ်လ်ဒီဘက်က ပြောပါတယ်။ ဒါပေမယ့်လည်း ရှေ့နေဖြစ်သူနဲ့ ပုံမှန်တွေ့ဆုံခွင့်
ရမယ့် အခြေအနေတော့ မရှိသေးဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ကျနော်တို့ အခြေအနေအရ သက်ဆိုင်ရာအာဏာပိုင်တွေကို ဦးကြည်ဝင်းက
ဆက်သွယ်၊ တွေ့ဆုံ၊ ပြောဆိုပြီးမှ တွေ့ရတာ။ အဲဒါကြောင့် ဒီဟာနဲ့ပတ်သက်ရင် ကျနော်
တို့ဘက်ကတော့ အလုပ်ကိစ္စပြီးအောင် မြန်မြန်တွေ့ချင်တာပေါ့။ သို့သော် ဒီဥစ္စာက
သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းပေါ်မှာလည်း တည်ပါတယ်။"

အခုလို ဒေါ်အောင်ဆန်းစုကြည် အစားအသောက်တွေ လက်မခံဘူး၊ အစာငတ်ခံပြီး
တော့တောင် ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းတွေဟာဆိုရင် မြန်မာ့အရေး ကြားဝင်
ဖျန်ဖြေပေးမယ့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ
သူမနဲ့ တွေ့ခွင့်မရဘဲ မြန်မာနိုင်ငံက ပြန်သွားအပြီး ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါ
တယ်။

ဒီအတောအတွင်း Inner City သတင်းဌာနရဲ့ ကုလသမဂ္ဂကလာတဲ့ သတင်းတပုဒ်အရ
ဆိုရင် ဒီလို နောက်ဆုံးခရီးစဉ်မှာ အောင်မြင်မှုမရခဲ့တဲ့ မစ္စတာဂမ်ဘာရီကို အစားထိုး
ခန့်အပ်တာမျိုး လုပ်ဆောင်ဖို့ စဉ်းစားချက်တွေတောင် ရှိနေတယ်ဆိုပြီး သံတမန်
ရပ်ကွက်ကို ကိုးကားဖော်ပြခဲ့ပါတယ်။

တချိန်တည်းမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတချို့ကလည်း မြန်မာ့အရေး ကုလ
သမဂ္ဂက ဒီထက်ပို တက်တက်ကြွကြွ လုပ်ဆောင်ကြဖို့၊ ဒါ့အပြင် အထူးကိုယ်စားလှယ်ကို
အစားထိုးခန့်အပ်ရေး စဉ်းစားကြဖို့ တိုက်တွန်းတာတွေ ရှိနေတယ်လို့ ကြားရပါတယ်။
ဒီလိုစဉ်းစားချက်တွေနဲ့ ပတ်သက်လို့ အန်န်အယ်လ်ဒီပါတီရဲ့ သဘောထားကိုတော့
ဦးဉာဏ်ဝင်းက အခုလိုဆိုပါတယ်။

"ကျနော်တို့သဘောထားကတော့ အစကတည်းက ကျနော်တို့ ပြောဖူးပါတယ်။ ကုလ
သမဂ္ဂက ကိုယ်စားလှယ် ခန့်ထားဆောင်ရွက်တာ သူတို့ကိစ္စပဲ။ ကျနော်တို့ ဒီအပေါ်မှာ
မဝေဖန်ဘူး။ လုပ်ငန်းသဘောအရပဲ လုပ်ငန်းကို တိတိကျကျလုပ်ဖို့ တိုက်တွန်းနေတာ
ပါ။ ကျနော်တို့ဘက်က ကန့်ကွက်စရာလည်း မရှိဘူး၊ လက်ခံစရာလည်း မရှိဘူး။ ဒါ
ကုလသမဂ္ဂ ဆုံးဖြတ်ချက်ပဲ။ လာမယ့်ပုဂ္ဂိုလ် နောက်ထပ်ခန့်ထားတယ်ဆိုရင်လည်း
ခန့်ထားတဲ့ပုဂ္ဂိုလ်က လုပ်ငန်းကို တိတိကျကျ ဆောင်ရွက်ဖို့လိုပါတယ်။"
အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံခရီးစဉ် အဆုံးသတ် ပြန်သွားခဲ့ပေမယ့် နောက်ဆုံးခရီးစဉ်
နဲ့ပတ်သက်လို့ အခုအချိန်အထိ တစုံတရာ ရှင်းလင်းတာ၊ ပြောဆိုတာတွေ မရှိသေးတဲ့
အတွက်လည်း ဝေဖန်သူတွေအနေနဲ့ ပိုလို့ ပြောဆိုစရာတွေလည်း ဖြစ်နေရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG