သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂုစတပ်ဗ်မုန်တိုင်း နယူးအော်လင်းန်မြို့ကို ဝင်ရောက်တိုက်ခတ်


ဟာရီကိန်း ဂုစတပ်ဗ် (Gustav) ဟာ အမေရိကန်
အနောက်တောင်ပိုင်း လူဝီစီယားနားပြည်နယ်၊
နယူးအော်လင်းန်မြို့ကို စတင်ဝင်ရောက်
တိုက်ခတ်လာတာနဲ့အမျှ အင်အားအတန်အသင့်
လျော့နည်းလာတယ်လို့ အမေရိကန် မိုးလေဝသ
ဌာနက ပြောဆိုပါတယ်။

အင်အားပြင်းထန်တဲ့မုန်တိုင်းဟာ လေတိုက်နှုန်း
တနာရီ ၁၇၅ ကီလိုနှုန်းနီးပါးရှိနေပြီး ဒီကနေ့
နေ့လယ်ပိုင်းမှာ ကုန်းတွင်းပိုင်း ဝင်ရောက်မယ်လို့
မျှော်လင့်ထားကြပါတယ်။

မုန်တိုင်းဖြတ်သွားခဲ့တဲ့ လမ်းကြောတလျှောက်
မုန်တိုင်းနောက်ကနေ တော်နေဒိုး လေဆင်နှာ
မောင်း တိုက်ခတ်နိုင်ပြီး ရေမျက်နှာပြင်ဟာလည်း ၄ ပေလောက်အထိ မြင့်တက်လာ
နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ အခုနောက်ဆုံးဝင်လာတဲ့
သတင်းတွေအရတော့ မြို့အနောက်ပိုင်း နိုလား (Nola) ရပ်ကွက်ဘက်က တမံကိုလျှံပြီး
ရေတွေ မြို့ထဲကို စတင်ဝင်လာနေတာကို ပြသနေကြပါတယ်။

မုန်တိုင်းလမ်းကြောတလျှောက်မှာရှိသူ ၉၅% လောက် မုန်တိုင်းလွတ်ရာကို ရှောင်ခွာ
သွားကြပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုဆိုရင် တချို့နေရာတွေမှာ လျှပ်စစ်
မီးတွေ ပြတ်တောက်နေပြီး အဆောက်အဦးတချို့လည်း လေတိုက်ခတ်မှုကြောင့်
ပျက်ဆီးနေတာကို ရုပ်မြင်သံကြားသတင်းတွေမှာ ပြသနေပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်တုန်းက နယူးအော်လင်းန်မြို့ကို ဟာရီကိန်း ကတ်ထရီးနား (Katrina)
တိုက်ခတ်ခဲ့တာမှာတော့ မြို့ကိုကာထားတဲ့ တမံတွေက ခံနိုင်ရည်မရှိဘဲ ကျိုးပေါက်ခဲ့
တာကြောင့် မြို့ရဲ့ ၈၀% လောက် ရေလွှမ်းမိုးခဲ့ပါတယ်။ အခုတိုက်ခတ်နေတဲ့ ဂုစတပ်ဗ်
ဟာ မြို့ရဲ့ ထပ်မံမွမ်းမံခြင်း မလုပ်ရသေးတဲ့ အနောက်ဘက်ခြမ်းက တမံတွေကို ထိခိုက်
ပျက်ဆီးစေနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

အမေရိကန်မှာ ဂုစတပ်ဗ် ဟာရီကိန်းမုန်တိုင်းကြောင့် သဘာဝဘေးဒဏ် ကျရောက်နိုင်
တဲ့ အလားအလာရှိနေတာမို့ ရီပတ်ဘလီကန်ပါတီအတွက် သမ္မတလောင်းအဖြစ်
ရွေးချယ်ခံထားရသူ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) အနေနဲ့
ဒီနေ့ တနင်္လာနေ့စတင်မယ့် ရီပတ်ဘလီကန်ပါတီ ညီလာခံကို အကြီးအကျယ် အစီ
အစဉ် အပြောင်းအလဲတွေ လုပ်ခဲ့ရပါတယ်။

ပါတီညီလာခံကို စီစဉ်ထားတဲ့အတိုင်း ဒီနေ့မှာ စတင်ကျင်းပမှာဖြစ်ပေမယ့် မလုပ်မဖြစ်
လုပ်ရမယ့် အစီအစဉ်တချို့ကိုပဲလုပ်ပြီး ရက်ရွှေ့ဆိုင်းမယ်လို့ ရီပတ်ဘလီကန်ပါတီ
တာဝန်ရှိသူတွေက ပြောပါတယ်။ ရာသီဥတု အရေးပေါ်အခြေအနေ ဖြစ်နေချိန်မျိုးမှာ
ညီလာခံကို ကြီးကြီးကျယ်ကျယ်လုပ်ဖို့ မသင့်တော်ဘူးလို့ မစ္စတာမက်ကိန်းက
ပြောကြားခဲ့ပါတယ်။ ပါတီညီလာခံကို မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့မှာ ပြုလုပ်
မှာဖြစ်ပြီး ညီလာခံအစီအစဉ်တွေကို တနေ့စာစီပဲ ဆုံးဖြတ်သွားမယ်လို့ ပါတီတာဝန်ရှိ
သူတွေက ပြောပါတယ်။

ဟာရီကိန်းမုန်တိုင်းအပေါ် ဗဟိုအစိုးရရဲ့ တုံ့ပြန်မှုကို ကွပ်ကဲဖို့အတွက် ပါတီညီလာခံကို
သမ္မတဘုရှ် တက်မှာမဟုတ်ဘူးလို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။
မစ္စတာမက်ကိန်းနဲ့ ဒုတိယသမ္မတလောင်းအဖြစ် ဝင်အရွေးခံဖို့ ရွေးချယ်ခံထားရသူ
အလာစကာပြည်နယ် အုပ်ချုပ်ရေးမှူး ဆာရာ ပေလင်း (Sara Palin) တို့ဟာ မုန်တိုင်း
အတွက် ပြင်ဆင်မှုတွေကို သုံးသပ်ဖို့ မစ္စစ္စပီပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

ဒီမိုကရက်ပါတီဘက်ကတော့ တနင်္ဂနွေနေ့မှာပြုလုပ်တဲ့ စည်းရုံးမဲဆွယ်ပွဲမှာ ဒီမိုကရက်
ပါတီအတွက် သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသူ အထက်လွှတ်တော်အမတ်
ဘရက်က် အိုဘားမား (Barack Obama) က စီးပွားရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့သလို
ဟာရီကိန်း မုန်တိုင်းဒုက္ခသည်တွေကို ကူညီဖို့ သူ့ရဲ့ အမာခံထောက်ခံသူတွေကို
စေလွှတ်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG