သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဦးအောင်ကြည်ကို လောလောဆယ် မတွေ့နိုင်သေး


နေအိမ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မြန်မာစစ်အစိုးရ ရဲ့ ဆက်သွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ ဆရာဝန်နဲ့တွေ့ဆုံဖို့ ငြင်းပယ်ခဲ့တယ်လို့ စစ်အစိုးရသတင်းစာတွေရဲ့ ရေးသားချက် တွေဟာ မမှန်ကန်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ပြောဆိုလိုက် ပါတယ်။ တကယ်တော့ အစိုးရက ခန့်ထားတဲ့ ဆက်သွယ်ရေးဝန်ကြီး နဲ့ တွေ့ဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆန္ဒရှိ နေတဲ့အကြောင်း သူမရဲ့ ရှေ့နေဦးကြည်ဝင်းနဲ့ တနင်္လာနေ့က တွေ့ဆုံစဉ်မှာ သတင်းစကား မှာကြား လိုက်တာလို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က စုံစမ်းထားပါတယ်။

ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာစစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် နဲ့ တွေ့ဆုံဖို့၊ နောက် ကျန်းမာရေး စစ်ဆေးဖို့အတွက် ဆရာဝန်နဲ့ တွေ့ဆုံဖို့ အာဏာပိုင်တွေဘက်က စီစဉ်ပေးပေမယ့် ဒေါ်အောင်ဆန်းစုကြည် က လက်မခံငြင်းဆန်ခဲ့တယ်ဆိုပြီး အစိုးရ အာဘော် သတင်းစာတွေက ဖော်ပြလိုက်တာပါ။ စက်တင်ဘာ ၂ ရက်နေ့မှာ ဆက်ဆံရေး ဝန်ကြီးနဲ့ တွေ့ဆုံဖို့ ထားသလို၊ အဲဒီမတိုင်ခင် ပထမတရက်မှာ ရှေ့နေဖြစ်သူ ဦးကြည်ဝင်း နဲ့ တွေ့ဆုံတဲ့ တရက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း နဲ့ တွေ့ဖို့လည်း စီစဉ်ထားခဲ့ပေမယ့် ရှေ့နေကလွဲလို့ မတွေ့နိုင်ဘူးလို့ ငြင်းလိုက်တဲ့အကြောင်း ပြောပါတယ်။ ဒါပေမယ့်လည်း ဒီရေးသား ဖော်ပြချက်တွေဟာ တကယ့်အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ကျွန်တော် သိသလောက် ဒီနေ့ သတင်းစာမှာပါတဲ့ကိစ္စဟာ အရေးကြီးတဲ့ တချို့အကြောင်းတွေကို ချန်ထားတဲ့အတွက် အဓိပ္ပါယ်တွေ လွဲနေတယ်။ ကျွန်တော် ဦးကြည်ဝင်းဆီက သိရတယ်။ အဲဒါကဘာလဲဆိုတော့ ဗိုလ်ချုပ်အောင်ကြည်နဲ့ မတွေ့ဘူးလို့ ငြင်းဆန်တာမဟုတ်ဘူး။ စကားလုံး အမှန်အကန် ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ပြောတာက သူ ဗိုလ်ချုပ်အောင်ကြည်ကို တွေ့ချင်ပါတယ်။ နှုတ်လည်း နှုတ်ဆက်ချင်ပါတယ်။ နှုတ်လည်း ဆက်လိုက်ပါ။ အခုလို မိမိအတွက် ဆောင်ရွက်နေတဲ့ ဒီလို အခြေအနေမျိုးမှာ တွေ့ဖို့ မဖြစ်နိုင်သေးဘူး။ အဲဒါက အမှန်အကန် ပြောလိုက်တဲ့ စကားလုံး။ အခု သတင်းစာမှာပါတာက အဲဒီ အဓိပ္ပါယ် မရောက်ဘူး။ တချို့ကို ချန်ထားတော့ နဲနဲ အဓိပ္ပါယ်လွဲနေတယ်လို့ ပထမ ပြောချင်တယ်။ ဆရာ တင်မျိုးဝင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် တိတိကျကျ မသိဘူး။ သို့သော်လည်း ဆရာ တင်မျိုးဝင်း တွေ့ဖို့ နဂိုသဘောတူပြီးသား ရက်မတိုင်ခင်မှာ တွေ့ခွင့်ပေးတဲ့ အပေါ်မှာ ကျွန်တော်တို့ တွေ့ခွင့်မရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်တော် အတိအကျ မသိဘူး။ ဦးကြည်ဝင်းလည်း မသိပါဘူး။”

ဒီလို အဖြစ်မှန်တွေနဲ့ ကွဲလွဲတဲ့ ရေးသားဖော်ပြချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အထင်အမြင်လွဲမှားစေဖို့၊ နိုင်ငံရေးအရ ညှိနှိုင်းမှုတွေ လုပ်တဲ့ နေရာမှာ တဖက်သတ် အပြစ်ဖို့လိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း အန်အယ်လ်ဒီက ယူဆပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပေါ်မှာ အထင်လွဲစေတဲ့ ဖော်ပြချက်တရပ် ကျွန်တော်မြင်ပါတယ်။ အမျိုးသား ရင်ကြားစေ့ ရေး မဖြစ်တာကိုက ဒေါ်အောင်ဆန်းစုကြည်ဘက်က ချွတ်ယွင်းယောင်ယောင် အဲဒီလို အဓိပ္ပါယ် ရောက်စေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဗိုလ်ချုပ်အောင်ကြည်နဲ့တွေ့တာ ဒိုင်ယာလော့ပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် ဒါတွေဟာ နှစ်ဦး နှစ်ဘက် ကိစ္စပေါ့။ နှစ်ဦးနှစ်ဘက် ကိစ္စမှာ တဘက်တည်းက မိမိ စိတ်ကြိုက် အချိန်ရော၊ နေရာရော စိတ်ကြိုက် ရွေးပြီးမှ ဆောင်ရွက်တာဟာ နှစ်ဦးနှစ်ဘက်အတွက်မဟုတ်ဘူး။ တဘက်သက် ဆောင်ရွက်ချက်လို့ မြင်ပါတယ်။ ဒါတွေဟာ သိပ်မကောင်းတဲ့ အလေ့အကျင့်လို့ ကျွန်တော် မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် က မြန်မာစစ်အစိုးရရဲ့ ဆက်သွယ်ရေးဝန်ကြီးနဲ့ လတ်တလော တွေ့နိုင်ဆုံနိုင်တဲ့ အခြေအနေတွေ မရှိဘူးလို့ ပြောဆိုလိုက်တဲ့အချိန် မတိုင်ခင် ပြီးခဲ့တဲ့လထဲမှာလည်း မြန်မာ့အရေး ကြားဝန်ဖျန်ဖြေပေးမယ့် ပုဂ္ဂိုလ်ဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ ကို တွေ့ဆုံဖို့ ငြင်းဆိုခဲ့တယ် ဆိုပြီး အစိုးရရဲ့ သတင်းစာတွေက ဖော်ပြခဲ့ဘူးပါတယ်။ လတ်တလော အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်အစိုးရ ဝန်ကြီးနဲ့ တွေ့ဖြစ်ဆုံဖြစ်မယ် ဆိုရင်ရော တကယ်တမ်း နိုင်ငံရေးအရ တိုးတက်မှုတွေ ထွက်ပေါ်လာမယ့် အလားအလာတွေ ရှိနိုင်ပါသလား။ ဦးဉာဏ်ဝင်း ကတော့ -

“တွေ့ရင်လည်း ထူးခြားလာမယ့် အခြေအနေ လောလောဆယ်မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်မှာ မိမိ အပေါ် ကန့်သတ်ထားတဲ့ ကန့်သတ်ချက်အပြင် ကျန်တဲ့ အခွင့်အရေးတွေ အပေါ်ပါ ပိတ်ဆို့ ခံနေရတယ်။ အဲဒီလို ပိတ်ဆို့ ခံနေရတဲ့ အခြေအနေမှာ အခုလို တဘက်သက် ဆောင်ရွက် နေရုံနဲ့တော့ ဘာမှ တိုးတက်မှု ရနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တော့ အဲဒီလိုပဲ မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ကို နေအိမ်အကျယ်ချုပ် ချထားတာ သက်တမ်း ပြည့်သွားပေမယ့် ဆက်လက် ထိန်းသိမ်းထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရှေ့နေဖြစ်သူနဲ့ တွေ့ဆုံခွင့် ရဖို့၊ နောက်ပြီး သူနဲ့ မိသားစုအဖော်အဖြစ် နေထိုင်ပေးနေသူတွေ ကျန်းမာရေးအတွက် ဆရာဝန်နဲ့ ပုံမှန်တွေ့ဆုံခွင့် ရဖို့တွေအတွက် အစားအသောက်တွေကို လက်မခံဘဲ ဆန္ဒပြခဲ့တဲ့နောက် အခုနောက်ဆုံး ရှေ့နေနဲ့ ၃ ကြိမ်တွေ့ဆုံခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ဆရာဝန်ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်း နဲ့ကတော့ လစဉ် ပထမဆုံး ကြာသပတေးနေ့တိုင်း တွေ့ဆုံခွင့်ပေးမယ်ဆိုပြီး အာဏာပိုင်တွေဖက်က ကတိပြုထားတယ်လို့လည်း အန်အယ်လ်ဒီက ပြောပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG