သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြတဲ့ကိစ္စ အန်န်အယ်လ်ဒီ အတည်မပြုနိုင်


ဒေါ်အောင်ဆန်းစုကြည်က အစားအစာတွေကို လက်မခံခဲ့တာ အချိန်ကြာလာတာနဲ့အမျှ
သူ့ရဲ့ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်ကြတဲ့အသံတွေကို ကြားနေရပါတယ်။ အစား
အစာ လက်မခံဘူးဆိုတော့ အစာငတ်ခံ ဆန္ဒပြနေတာလား ဆိုတာကိုလည်း မေးလာကြ
ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး၊ အစာငတ်ခံဆန္ဒပြတာ ဟုတ်မဟုတ်
စတာတွေကို မေးမြန်းစုံစမ်းပြီး ကိုကျော်ကျော်သိန်းက စုစည်းတင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က စားသောက်စရာတွေကို လက်မခံခဲ့တာက အခုဆို သီတင်း
၃ ပတ် ပြည့်လုနီးပါး ရှိလာနေပါပြီ။ ဒါ့ကြောင့်လည်း သူ့ရဲ့ ကျန်းမာရေးအခြေအနေနဲ့
ပတ်သက်လို့ ပြည်တွင်းပြည်ပကနေ စိုးရိမ်မကင်းဖြစ်တဲ့ အသံတွေကို ကြားလာကြရ
တာပါ။ ဒါနဲ့ပတ်သက်ပြီး အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်
ရှိသူ ဦးဉာဏ်ဝင်းကို မေးကြည့်တော့ …

"ဦးကြည်ဝင်းနဲ့ တွေ့ခဲ့တာ၊ ဦးကြည်ဝင်းကတော့ သူ့မျက်စိအမြင်မှာ ကျန်းမာရေးအခြေ
အနေ ကောင်းပါတယ်လို့ ပြောတာပဲ။ အစားအသောက် ရိက္ခာတော့ Shortage ဖြစ်လာ
မှာပေါ့၊ ဒီလောက်ဆို။"

အစားအစာတွေ လာပို့တာကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘဲ ငြင်းခဲ့တယ်ဆိုတဲ့
အချိန်ကတည်းက အစာငတ်ခံ ဆန္ဒပြနေသလားဆိုတဲ့ သတင်းတွေက ထွက်နေခဲ့တာ
ပါ။ ရှေ့နေဖြစ်သူ ဦးကြည်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ချိန်မှာလည်း
ဒီကိစ္စကို မပြောခဲ့ဘူးဆိုပြီး ဦးကြည်ဝင်းကိုယ်တိုင်ကရော၊ အန်န်အယ်လ်ဒီဘက်ကရော
မှတ်ချက်ပေးဖို့ ငြင်းခဲ့ပါတယ်။

ဒီကနေ့အချိန်ထိလည်း အန်န်အယ်လ်ဒီအနေနဲ့ ဒီကိစ္စကို အတည်မပြုနိုင်သေးတဲ့
အကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

"မဟုတ်ဘူးလို့လည်း ကျနော်တို့တော့ မပြောချင်ဘူး၊ မပြောတတ်ဘူး။ ဟုတ်တယ်လို့
လည်း မပြောနိုင်ဘူး။ အဲလိုဖြစ်နေတာ။ မဟုတ်ဘူး၊ ဟုတ်တယ်ဆိုတဲ့ ပြဿနာကို အခု
ထိ ကျနော်တို့ ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူးပေါ့ဗျာ။ သိကို မသိတာ၊ ကျနော်တို့။
အဲဒီလို လုပ်တယ်၊ မလုပ်ဘူးဆိုတာကို မသိဘူး။ ကြားတာတွေနဲ့ မှန်းပြီးပြောလိုက်လို့
မဟုတ်ရင်လည်း ဒီဟာက သာမန်ကိစ္စမဟုတ်ဘူးလေ။ ဒါကြောင့်လည်း ကျနော်တို့
ခန့်မှန်းချေတွေ၊ ထင်မြင်ချက်တွေ သိပ်မပေးရဲဘူး၊ ကိုယ်တိုင်လည်းမသိတော့။
ဟုတ်တယ်လို့ဆိုရင် ကျနော်တို့ ဘယ်နေနိုင်မလဲဗျ။ ချန်ထားလို့လည်း ဘယ်ရမလဲ။
ဒါပေမယ့် ချန်ထားလို့မရလို့ ဟုတ်နေပြီလားလို့လည်း ကျနော်တို့ မပြောနိုင်ဘူးဗျ။
အဲလိုဖြစ်နေတာ။"
အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခြေအနေနဲ့ပတ်သက်လို့ အန်န်အယ်လ်ဒီခေါင်းဆောင်တွေ
ဆွေးနွေးပြောဆိုနေကြပြီး ဒီရက်ပိုင်းအတွင်းမှာ ကြေညာချက်တခုခု ထုတ်ပြန်ဖို့ရှိတယ်
လို့လည်း ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG