သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဒန်ဒီ လွတ်မြောက်ရေးဆုရ


နေအိမ်မှာ အကျယ်ချုပ်နဲ့ အထိန်းသိမ်းခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိသျှနိုင်ငံ စကောတလန်နယ် ဒန်ဒီမြို့ ကောင်စီ ကနေ Dundee Freedom Award လွတ်မြောက်ရေးဆိုင်ရာ ဆု ချီးမြင့် လိုက်ပါ တယ်။

မနေ့ ဗုဒ္ဒဟူးနေ့ ဒေသစံတော်ချိန် ညပိုင်းမှာ ဒန်ဒီမြို့မှာပဲ မြို့တော်ဝန်ကနေ ဆုကိုချီးမြင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အင်္ဂလန်မှာ မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK က Anna Roberts က ဆု လက်ခံယူခဲ့ပါတယ်။ ကိုယ်စား ဆုလက်ခံယူခဲ့တဲ့ Anna Roberts က ဒီဆုနဲ့ပတ်သက်လို့ ဗွီအိုအေကို အခုလို ရှင်းပြ ပါတယ်။

“ဒန်ဒီ မြို့တော်ကောင်စီကနေ ဒီကနေ ဒေါ်အောင်ဆန်းစုကြည်ကို မြို့တော်ရဲ့ လွတ်မြောက်ရေးဆိုင်ရာ ဆု ချီးမြင့် ပါတယ်။ ဒီဆုဟာ မြို့တော်ရဲ့ တန်ဖိုးထားတဲ့ ဆုတဆုပါ။ လူအတော်များများကို သူတို့ ပေးလေ့မရှိပါဘူး။ ဒါကြောင့် ဒီဆုဟာ တကယ်ကို ဂုဏ်ယူစရာပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ လူအများစိတ်ဝင်တစား သိလာစေဖို့ အခွင့်အလမ်း တရပ် ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်၊ စစ်အစိုးရဆိုတာ ဘာလဲ စသဖြင့် အများသိရှိလာစေဖို့ အခွင့်အလမ်းကောင်းပါ။”

ဆုပေးပွဲမျာတော့ ဒန်ဒီမြို့တော် ကောင်စီဝင်တွေ စကောတလန်နယ်ခံ လွှတ်တော်အမတ်တွေ နယ်ခံ မြန်မာ့အရေး လှုပ်ရှားသူတွေ စုစုပေါင်း ၁၀၀ကျော် တတ်ရောက်ခဲ့ကြပါတယ်။ ပွဲမှာ ကိုယ်စား ဆုလက်ခံခဲ့တဲ့ Anna Roberts က ကျေးဇူးတင် စကား ပြောပါတယ်။ မြန်မာ့အရေး လက်ရှိအခြေအနေတွေ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ အခြေအနေ တွေနဲ့ ပတ်သက်လို့ တတ်ရောက်လာသူတွေကို ရှင်းပြခဲ့တယ်လို့ သူမက ပြောပါတယ်။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပင်မိတယ်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အခြေအနေနဲ့ ပတ်သက်လို့ ကျမတို့ အမြဲတမ်း စိုးရိမ် ပူပင်နေရပါတယ်။ အခုအချိန်မှာ သူ အစာငတ်ခံ ဆန္ဒပြတယ်ဆိုတဲ့ သတင်းမျိုး အခြား မရေမရာ သတင်းမျိုးတွေ ကြားနေရပါတယ်။ ဒါပေမယ့် ကျိန်းသေတာ တခုကတော့ - မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ဆောင်ရွက်နေတာတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က အရမ်း ဒေါသထွက်နေတယ် စိတ်ပျက်နေတယ် ဆိုတာကတော့ မြင်သာပါတယ်။ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံ လာတုန်းက ဒေါ်အောင်ဆန်းစုကြည်ဘက်က တွေ့ဆုံဖို့ ငြင်းပယ်ဆိုတာလည်း ကုလသဂ္ဂဘက်က ဆောင်ရွက်ချက်တွေဟာ ဘာမှ ရလာဒ်ထွက်မလာဘူးလို့ မြင်တဲ့သဘောလို့ ထင်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေး ဆက်ပြီး ဆောင်ရွက်မယ်ဆိုရင် အချိန် သတ်မှတ်မှုရှိရမယ်၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်လာစေရမယ်၊ တကယ့်ကို စစ်မှန်တဲ့ နိုင်ငံရေး အသွင် ကူးပြောင်းမှုမျိုး ဖြစ်ရမယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြနေပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက လွတ်မြောက်ရေးဆုတွေ လူ့အခွင့်အရေးဆုတွေ ပေးကြတာ အတော်များပါပြီ။ အခုလို ဆုတွေ ပေးကြတာ၊ အခုလည်း ဒီ ဒန်ဒီ လွတ်မြောက်ရေးဆုရတာတွေဟာ ဘယ်လောက် လေးနက်မှုရှိတယ်၊ မြန်မာနိုင်ငံအတွက် ဘယ်အတိုင်းအတာ ထိရောက်မှုရှိတယ်လို့ ယူဆသလဲခင်ဗျ။

“ဒါဟာ တကယ့်ကို စိတ်အားတတ်စရာပါ။ ဒန်ဒီမြို့ရော ဗြိတိသျှနိုင်ငံ တဝှမ်းမှာရော တကမ္ဘာလုံးမှာပါ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိ စွမ်းဆောင်မှုနဲ့ ပိုင်းဖြတ်မှုတွေအပေါ် ဒီလိုဆုတွေ ပေးပြီး အသိအမှတ် ပြုကြတာပါ။ မြန်မာနိုင်ငံ ကိစ္စကို အလေးပေးလာဖို့ အများ စိတ်ဝင်စားလာကြဖို့ အခွင့်အလမ်းကောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက ပြည်သူတွေအဖို့လည်း သူတို့ကို ကမ္ဘာက မေ့မထားဘူး၊ သူတို့နဲ့အတူ ကျမတို့ ရှိနေတယ်၊ ကျမတို့ လှုပ်ရှား ဆောင်ရွက်နေတယ်။ မြန်မာနိုင်ငံ လွတ်မြောက်သည်အထိ ကျမတို့ ဆက် လှုပ်ရှား သွားကြမယ်ဆိုတာ သိစေပါတယ်။”

ဒါကတော ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဒန်ဒီလွတ်မြောက်ရေးဆုကို လက်ခံယူခဲ့တဲ့ Burma Campaign UK အဖွဲ့ရဲ့ ညွန်ကြားရေးမှုး Anna Roberts ပြောသွားတာတွေ ဖြစ်ပါတယ်။ မနေ့ညပိုင်း ဆုပေးပွဲမှာတော့ မြန်မာနိုင်ငံအကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘဝနဲ့ ပတ်သက်လို့ မှတ်တမ်းတင် ဗွီဒီယိုကိုလည်း ပြသခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG