သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရလဒ်ကောင်းများ ထွက်ပေါ်ရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရကို ကုလ တိုက်တွန်း


မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ
နိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ
စက်တင်ဘာလ ၃ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိဖြစ်သူနဲ့
တွေ့ဆုံပြီး မြန်မာနိုင်ငံခရီးစဉ်ကိစ္စ အသေးစိတ် အစီရင်ခံခဲ့တယ်လို့ သိရပါတယ်။
အပြည့်အစုံကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မစ္စတာဂမ်ဘာရီကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခန့်အပ်ခဲ့တာဖြစ်ပေမယ့်
အထွေထွေညီလာခံ ဆုံးဖြတ်ချက်နဲ့ မြန်မာနိုင်ငံအရေးကိစ္စကို ညှိနှိုင်းဆောင်ရွက်ဖို့
တာဝန်ပေးအပ်ထားတာပါ။ ဒါကြောင့်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ပြီးခဲ့တဲ့
အပတ်က အစီရင်ခံပြီးတဲ့နောက် တနေ့ကတော့ အထွေထွေညီလာခံ သဘာပတိဖြစ်သူ
ဆာဂျင် ကာရင် (Srgian Kerin) ကို နယူးယောက်ခ် ကုလသမဂ္ဂ ဌာနချုပ်ရှိရာမှာပဲ
တွေ့ဆုံပြီး မြန်မာနိုင်ငံခရီးစဉ်ကိစ္စ အသေးစိတ် အစီရင်ခံခဲ့တာပါ။ အထွေထွေညီလာခံ
သဘာပတိဘက်က ဒီတွေ့ဆုံစဉ် တုံ့ပြန်မှုနဲ့ပတ်သက်လို့ မေးမြန်းတော့ အထွေထွေ
ညီလာခံ သဘာပတိရဲ့ ပြောခွင့်ရသူ မစ္စတာ ဂျာနော့စ် တီဇော့ဗ်စကီး (Janos
Tisovszky) က အခုလိုပြောပါတယ်။

"ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွေအရ မြန်မာနိုင်ငံ အမျိုးသား
ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ လေးစားလိုက်နာလာစေ
ဖို့ အထွေထွေညီလာခံအနေနဲ့ ဆက်ပြီးဆောင်ရွက်သွားမယ်လို့ အထွေထွေညီလာခံ
သဘာပတိ ဆာဂျင် ကာရင်က သဘောထား တုံ့ပြန်ခဲ့ပါတယ်။

"မစ္စတာဂမ်ဘာရီ ခရီးစဉ်အတွင်းမှာ သူ အကြံပြုတင်ပြခဲ့တာတွေအတိုင်း တိုးတက်တဲ့
ရလဒ်တွေ ရလာစေဖို့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ အတူ
တကွ နီးနီးကပ်ကပ် အလုပ်ဆက်လုပ်သွားဖို့ကိုလည်း အထွေထွေညီလာခံ သဘာပတိ
က အားပေးတိုက်တွန်းပါတယ်။"

မစ္စတာဂမ်ဘာရီဟာ မြန်မာနိုင်ငံမှာရှိစဉ် မူဝါဒအဆုံးအဖြတ်ပေးနိုင်တဲ့ စစ်အစိုးရ
ထိပ်ပိုင်းစစ်ခေါင်းဆောင်ကိုရော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ကိုပါ တွေ့ဆုံခွင့်မရခဲ့ပါဘူး။ ဒါနဲ့ပတ်သက်လို့ သူ့အပေါ် ဝေဖန်မှုတွေ ဖြစ်ခဲ့ပါ
တယ်။ အထွေထွေညီလာခံ သဘာပတိကတော့ ကုလသမဂ္ဂ ကိုယ်စားလှယ်ရဲ့ ကြိုးပမ်း
မှုတွေအတွက် အစုအဖွဲ့အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ယုံကြည်စိတ်ချမှု လိုအပ်
တယ်ဆိုတာကို အခုလို အလေးအနက် ထောက်ပြသွားပါတယ်။

"မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ လုပ်နိုင်ဖို့ အစုအဖွဲ့
အားလုံးရဲ့ ဆက်ပြီး ပူးပေါင်းပါဝင်မှု၊ သန္နိဋ္ဌာန်ခိုင်မာမှုတွေ လိုအပ်တယ်လို့ သဘာပတိ
က အလေးပေးပြောခဲ့ပါတယ်။ အထူးသဖြင့်ဆိုရင် သိသာထင်ရှားတဲ့ ရလဒ်တွေ
ဖြစ်လာစေဖို့ ရည်မှန်းချက်အတွက်ဆိုရင် ဆက်ဆံဆောင်ရွက်မှုတွေကို အလေးအနက်
ထားဖို့နဲ့ ယုံကြည်စိတ်ချမှုတွေ ဖြစ်စေရမယ်လို့ ထောက်ပြသွားပါတယ်။"

အထွေထွေညီလာခံ သဘာပတိအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်စား
ဆောင်ရွက်နေတဲ့ မစ္စတာဂမ်ဘာရီကို ဆက်ပြီး ထောက်ခံနေတယ်လို့ ဆိုသလို မြန်မာ
နိုင်ငံအရေးအတွက် အိမ်နီးချင်း အာဆီယံနိုင်ငံတွေနဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ
မိတ်ဆွေများအဖွဲ့ရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါတယ်လို့ ပြောသွားပါတယ်။

မစ္စတာဂမ်ဘာရီအနေနဲ့တော့ မကြာခင်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အတွင်း
ရေးမှူးချုပ်ရဲ့ မြန်မာမိတ်ဆွေများအဖွဲ့ အစည်းအဝေးတွေမှာ သူ့ခရီးစဉ်ကိစ္စ ထပ်ပြီး
အစီရင်ခံဦးမယ်လို့ မျှော်လင့်ရပါတယ်။ အခုရက်ပိုင်းအတွင်းမှာတော့ ကုလသမဂ္ဂဘက်
မှာ နိုင်ငံတွေက သံအရာရှိတွေနဲ့ လိုက်လံတွေ့ဆုံ ဆွေးနွေးတာတချို့ ရှိတယ်လို့လည်း
ကြားရပါတယ်။ တချိန်တည်းမှာပဲ မစ္စတာဂမ်ဘာရီကို အခြားလူတဦးနဲ့ အစားထိုးနိုင်
တယ်ဆိုတဲ့ သတင်းတွေကလည်း ရှိနေပါတယ်။ မြန်မာ့အရေးလှုပ်ရှားသူအချို့ကတော့
မစ္စတာဂမ်ဘာရီနေရာမှာ အခြားတဦးအစားထိုးဖို့ ကုလသမဂ္ဂ သံအရာရှိတွေအကြား
ဆွေးနွေးပြောဆို တိုက်တွန်းတာတွေရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG