သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဝါရောင်နှစ်ပတ်လည် သံဃာတော်များ ဖမ်းဆီး စောင့်ကြည့်ခံရ


သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေက အင်အားသုံး နှိမ်နင်းခဲ့တာ တနှစ်ပြည့်တော့မယ့် အချိန်မှာပဲ မြန်မာနိုင်ငံမြို့ကြီး တချို့မှာရှိတဲ့ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်တာတွေ၊ ဖမ်းတာဆီးတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အခုနောက်ဆုံးဆိုရင်လည်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ပခုက္ကူ၊ ရန်ကုန် စတဲ့ မြို့တွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတာ အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်တာတွေ ရှိနေပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီ ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဖြစ်ပွားခဲ့တာ တနှစ်ပြည့်တော့မယ့် အချိန်မှာပဲ အခုလို အာဏာပိုင်တွေဖက်က စောင့်ကြည့်တာတွေ၊ ကန့်သတ်မှုတွေရှိတဲ့အပြင် တချို့နေရာတွေမှာဆိုရင် ဘုန်းတော်ကြီးကျောင်းတွေကို ဝင်ရောက်ရှာတာဖွေတာ ဖမ်းတာဆီးတာတွေ ရှိတယ်လို့ ပြောနေကြတာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ အုံကြွမှုစတင်ခဲ့တဲ့ သံဃာအများအပြား သီတင်းသုံး နေထိုင်ရာ မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဆိုရင်လည်း အာဏာပိုင်တွေက လုံခြုံရေးတွေချထားတာ၊ သက်ဆိုင်ရာ အကြီးအကဲ ဆရာတော်တွေကို ထိန်းသိမ်းပေးဖို့ ညွှန်ကြားထားတာတွေ ရှိနေတယ်လို့ ဒေသခံ သံဃာတော် တပါးက မိန့်ပါတယ်။

“သူတို့ဘက်ကတော့ အားလုံး အဆင်သင့် အနေအထားတွေ ရှိကြတယ်ပေါ့။ သူတို့ကတော့ လုံခြုံရေးတွေ ဘာတွေ အင်အားတွေ၊ ခရိုင်မြို့နယ်တွင်းမှာ ရှိနေတဲ့ အင်အားတွေ အကုန်ခေါ်ထားတယ်ပေါ့။ အဲတော့ လမ်းမတွေပေါ်မှာ ရှိနေတယ်။ ကျောင်းတွေ နဲ့ မနီးမဝေးမှာ ရှိနေတယ်။ အရင် တရက်နှစ်ရက် ကတော့ ကြိုလျှောက်တယ်ပေါ့။ အဲဒါပဲ။ ထိန်းသိမ်းပေးဖို့ ပါပဲ။ သူတို့ဘက်ကတော့လေ။ ခုနကလိုပဲ နာယက အဖွဲ့ကို ပင့်ပြီးတော့ လျှောက်တယ်လေ။ ဘုန်းကြီးတို့တိုက်ကိုတော့ ယရက အဖွဲ့ ကိုယ်တိုင်လာပြီးတော့ လျှောက်ပါသေးတယ်။ အကယ်၍မှ လမ်းမတွေပေါ် ထွက်ခဲ့ရင်တော့ သူတို့ အထက် က လူကြီးတွေ၊ အထက် ကနေဆင်းပြီးတော့ ဆောင်ရွက်ကြမယ့်အကြောင်း၊ အဲဒီအခါကျရင် ဒီ ယရက က သူ့အနေနဲ့ ဘ ဘာမှ မတတ်နိုင်တဲ့အကြောင်း ဘုန်းကြီးတို့ကို လျှောက်တာပေါ့။ နှစ်ပတ်လည်အချိန်လောက်မှာ တစုံတခု ထူးခြားမှာပဲလို့ သူတို့ကလည်း ထင်ထားကြတာပေါ့။ ဒါပေမယ့်လည်း သံဃာတော်တွေ ကလည်း သူ့ထက် ငယ်သူ ဆရာတော်တွေ ကလည်း ဒီနှစ်တော့ ထိန်းသိမ်းထားကြတယ်ပေါ့။”

အလားတူ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေ အကြီးအကျယ်ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေ သံဃာတော်တွေအပေါ် အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်မှုတွေလည်း ရှိနေတာပါ။ ရန်ကုန်တိုင်း တောင်ဒဂုံမြို့မှာ ရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဆိုရင်လည်း ဒီလိုစောင့်ကြည့်မှုတွေအပြင် သက်ဆိုင်ရာ သံဃာတော်တွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကောက်ယူတာတွေပါ ရှိနေတယ်လို့ ဒေသခံ ဒါယိကာမ တဦးက ပြောပြပါတယ်။

“တောင်ဒဂုံမှာ ဘုန်းကြီးကျောင်းတွေကို တပတ်လောက် ရှိပြီ။ အာဏာပိုင်တွေ က လိုက်ပြီးတော့ ဘုန်းကြီးနံမည် နဲ့ ဟိုးတုန်းက ဘုန်းကြီးမဝတ်ခင်တုန်းက လူနံမည်တွေကို လိုက်ပြီးတော့ စုံစမ်းနေတယ်။ သူတို့က ဘုန်းကြီးကျောင်းတွေကို ရပ်ကွက်တွေထဲမှာ ရှိတဲ့ အာဏာပိုင်တွေက လိုက်တယ်ပေါ့။ ဆရာတော်ရဲ့ ဘွဲ့နံမည်၊ ဆရာတော် လူ့ဘဝတုန်းက လူနံမည်တွေဘာတွေ လိုက်တယ်။ တချို့ ဆရာတော်တွေက ဘုန်းတော်ကြီးဖြစ်တာ ကြာပြီလေ။ အဲဒါဆိုတော့ လူနံမည်တွေတောင် မေ့နေတာ။ အဲဒါကို မရဘူး။ ပြန်စဉ်းစားပြီးတော့ ပြောခိုင်းတာ။ အဲလို ဆိုတော့ ဆရာတော်တွေ ကလည်း အရမ်း စိတ်ညစ်တာပေါ့နော်။ ဒါတွေပဲ လိုက်မေးနေတော့ တချို့ ဘုန်းကြီးတွေက ရွဲ့ပြီးတော့ ပြောတာပေါ့။ ကျန်တဲ့ မိသားစု နံမည်တွေပါ ကောက်ဦးမလားပေါ့ လို့ဆိုတော့ အဲဒီလိုတော့ မဟုတ်ပါဘူး ဘုန်းဘုန်းရယ်။ တပည့်တော်တို့ ဘုန်းဘုန်းတို့ လူနံမည်ကိုပဲ သိချင်တာပါ ဆိုပြီးတော့ လူနံမည်ကိုပဲ မေးတာ။ ဘာကိစ္စမှ မပြောဘဲနဲ့ စာရင်းတွေပဲ လိုက်ကောက်တာ။ ဘုန်းကြီးကျောင်းတွေကို အရင် စက်တင်ဘာတုန်းက ဆန္ဒပြတဲ့ထဲမှာ ပါခဲ့တဲ့ ဘုန်းကြီးတွေ ရှိတယ်။ သူတို့ကို ရှာမယ်ပေါ့ ဆိုပြီးတော့ သံဃာ့ နာယက အဖွဲ့ကို ပြောတယ်။ သံဃာ့နာယက ဘုန်းကြီးတွေက မဟုတ်ပါဘူး။ သေချာမှ ရှာပါ ပေါ့။ ဘုန်းကြီးတွေက ဘာမှ ကိုယ်နဲ့မဆိုင်ဘဲ နဲ့ နေရထိုင်ရ ခက်တာပေါ့။ မနက်ပိုင်း ဘုန်းကြီးတွေ အာရုဏ်ဆွမ် ခံခါနီးကျရင် ဘုန်းကြီးအတန်းလိုက် ရပ်ကွက်တွေထဲမှာ ကြွတဲ့အခါကျရင်လည်း နောက်က ဆိုင်ကယ်တွေနဲ့ လိုက်တာ သူတို့က။ ဆိုင်ကယ် သုံးစီး - လူခြောက်ယောက်။ အနောက်ကနေ တောက်လျှောက် လိုက်တယ်။ ဘုန်းကြီး ဆွမ်းခံသွားတဲ့နောက်ကို။ ဆိုင်ကယ်တွေကို ဖြည်းဖြည်းချင်း မောင်းပြီးတော့။ အရပ်ဝတ်နဲ့ပဲ လိုက်တာ။”

ဒီလို လုံခြုံရေးတင်းကြပ်မှုတွေအပြင် ရန်ကုန်တိုင်း သံလျင် မြို့နယ်ထဲက ဘုန်းတော်ကြီးကျောင်း တကျောင်းမှာဆိုရင် အာဏာပိုင်တွေက ရှောင်တခင်ဝင်ရောက် စီးနင်းရှာဖွေပြီး ကျောင်းထိုင်ဆရာတော်ကိုပါ ဖမ်းဆီးခေါ်ဆောင် သွားတဲ့အထိ လုပ်ခဲ့တယ် ဆိုပြီးတော့လည်း ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်း ထုတ်ပြန်ပါတယ်။ မျက်မြင်သက်သေ ဒါယိကာ၊ ဒါယိကာမတွေ ရဲ့ ပြောပြချက်တွေအပေါ် အခြေခံပြီး အခုလို သတင်းထုတ်ပြန်ခဲ့တာလို့ AAPP အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင် က ပြောပြပါတယ်။

“ဒီနေ့မနက် အစောကြီးပေါ့လေ။ မနေ့ည ခေါ်မှာပေါ့။ ဒီ ၂ နာရီ လောက်မှာ အရပ်ဝတ် ဝတ်ထားတဲ့သူတွေ ကားသုံးစီး နဲ့ မာလာရုံ ကျောင်းတိုက်ကို ရောက်လာတယ်။ မာလာရုံ ကျောင်းတိုက် ဆိုတာက သံလျင် မြို့နယ်မှာရှိတဲ့ ဗိုလ်ချုပ် ရွာပေါ့။ အဲဒီမှာ ရှိတယ်။ ဆိုတော့ လာတာက အားလုံးပေါင်း ၂၃ ဦး ပါတယ်လို့ ပြောတယ်။ ဆိုတော့ ကားသုံးစီး နဲ့လာတယ်။ တစီးက အဲဒီ သံလျင် မယက က ပိုင်တဲ့ ဒိုင်ယာနာ ကားလို့ ပြောတယ်။ ကျန်တဲ့ကားနှစ်စီးကတော့ တစီကတော့ အဖြူရောင် ဖြစ်ပြီးတော့ တစီးက ရွှေအိုရောင် ဖြစ်တယ်လို့ ပြောတယ်။ အဲဒီ ကားသုံးစီး နဲ့လာတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းကို ဝင်စီးတယ်ပေါ့ဗျာ။ ဝင်စီးပြီးတော့ မိနစ် ၄၀ လောက် ရှာတယ်။ အဲဒီလို ရှာနေတဲ့အချိန်မှာ ဒီဆရာတော်တွေကို သံဃာတော်တွေ အကုန်လုံးကို ဝမ်းလျားမှောက်ခိုင်းထားပြီးတော့ ကျောင်းထိုင်ဆရာတော် ဖြစ်တဲ့ ဦးသီလဝံသ ကို သက်တော် ၅၈ နှစ် ဝါတော် ဆိုရင်တော့ ၃၈ ဝါပေါ့။ ဒီဆရာတော်ကို သူတို့ ဖမ်းသွားတယ်။ ဒါပေမယ့် ဘယ်ကို ဖမ်းသွားတယ် ဆိုတာ အခုထိ မသိသေးဘူး။ ဆိုတော့ အဲဒါက သူတို့ရဲ့ မျက်မြင်တွေ့ခဲ့တဲ့သူရော၊ ဒကာတွေရော ပြန်ပြောပြတဲ့ အခြေအနေ ပေါ့လေ။”

AAPP အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင် ဖြစ်ပါတယ်။ AAPP ရဲ့ မှတ်တမ်းတွေအရ ဆိုရင်တော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေ နောက်ပိုင်း ဖမ်းဆီးခံရသူ သံဃာတော် အနည်းဆုံး ၁၃၄ ပါး ရှိပြီးတော့၊ သံဃာတော်တွေနဲ့ အရပ်သား စုစုပေါင်း ၁၁၂ ဦးဟာ ဆိုရင်လည်း စွပ်စွဲချက် အမျိုးမျိုးနဲ့ ပြစ်ဒဏ် စီရင်တာတွေ ခံခဲ့ရပြီး တရားစွဲဆိုခံရလို့ ဆက်လက်အမှုရင်ဆိုင်နေရသူ ၂၅၂ ဦး ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG