သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ကန့်သတ်ချုပ်ချယ် ခံနေရသူ ဆေးရုံတက်ရ


နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အစားအသောက်တွေ လက်မခံပဲ ဆန္ဒပြနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ၊ သူနဲ့အတူ နေအိမ်မှာ အဖော်အဖြစ် နေထိုင်ပေးနေသူ တဦး ကျန်းမာရေး ပြဿနာကြောင့် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က သူသာမက၊ သူနဲ့အတူ အဖော်လုပ် နေထိုင်နေသူတွေ အပေါ် ကန့်သတ်မှုတွေရှိနေလို့ ဥပဒေကြောင်းအရ တောင်းဆိုဖို့ ကျိုးပမ်းမှုတွေ ရှိနေချိန်မှာ အခုလို သတင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ အခြေခံ ရပိုင်ခွင့်တွေအတွက် အစားအသောက်တွေ လက်မခံပဲ ရက်အတော်ကြာ ဆန္ဒပြတောင်းဆို နေခိုက်မှာပဲ သူမနဲ့အတူ အဖော်အဖြစ် နေထိုင်နေသူ တဦး အခုအခါ ရန်ကုန်မြို့က ပုဂ္ဂလိက ဆေးရုံတခုမှာ ဆေးကုသမှု ခံယူနေရတယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာတာပါ။ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီး ခံနေရစဉ်ကာလ တလျှောက် အတူနေထိုင်နေသူတဦး အခုလို ဆေးရုံတက်ကုသနေရတဲ့ သတင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က အတည်ပြုပြောပြခဲ့ပေမယ့် ဆေးရုံတင်ထားရတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ နေတဲ့ ဒေါ်ခင်ခင်ဝင်း ရဲ့ သမီးဟာ ဘားလမ်း က ဆေးရုံမှာ တက်နေရတယ် လို့ ကျနော်တို့ သိတယ်။ ဘာကြောင့်လဲဆိုတာတော့ မသိဘူး။ ကျနော်လည်း တွေ့ခွင့် မရဘူး။ တက်နေတယ် ဆိုတာတော့ အတည်ပြုပါတယ်။ သိတာကတော့ ဒီနေ့ လို့ သိတယ်။ ခုနက တယောက် နဲ့တွေ့တော့လည်း မနေ့တည်းကလို့လည်း ပြောတယ်။ ဒါ ကျနော် မသေချာဘူး။”

နေအိမ်အကျယ်ချုပ် သက်တမ်းစေ့သွားပေမယ့် ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားတာ၊ နောက် သူနဲ့အတူ အဖော်အဖြစ် နေထိုင်သူတွေအပေါ် အာဏာပိုင်တွေက ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်ထားတာ၊ စတာတွေနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ လျှောက်လဲဖို့အရေး တောင်းဆိုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ အစားအသောက် ပို့ဆောင်တာကို လက်မခံပဲ နေခဲ့တာ ရက်အတန်ကြာ ရှိနေခဲ့ပါပြီ။ ဒီလို အခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေအပေါ် စိုးရိမ်ပူပမ်မှုတွေကလည်း ထွက်ပေါ်လာနေတာပါ။ အဲန်အယ်လ်ဒီ ကဆိုရင်လည်း မနေ့တုန်းကပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ဒီကိစ္စတွေကို အာဏာပိုင်တွေဖက်က အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းဖို့ ပြောဆိုခဲ့ပါသေးတယ်။

“ကျနော်တို့ အခု ဒေါ်အောင်ဆန်းစုကြည် နဲ့ပတ်သက်ပြီး သတင်းတွေက အမျိုးမျိုး ဖြစ်နေတာပေါ့လေ။ ဒီအထဲမှာ ကျနော်တို့ ကြားတာက ရိက္ခာ ဈေးခြင်းတောင်း မယူတာ သုံးပတ်လောက် ရှိပြီ။ မယူတဲ့ အကြောင်းကလည်း ကျနော်တို့ ကန့်သတ်တဲ့အထဲမှာ အကျုံးမဝင်တဲ့ကိစ္စတွေကို ဆောင်ရွက်နေတဲ့ကာလ အတွင်းပေါ့လေ။ အဲဒါကြောင့် ကျနော်တို့က ဒီ ကြေညာချက် ထုတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကို လုံးဝရင်လည်း လွှတ်ပေး၊ ဒါမှမဟုတ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ကန့်သတ်မိန့် နဲ့ အကျူံးမဝင်တဲ့ကိစ္စများကိုလည်း အမြန်ဆုံး ရုတ်သိမ်းပေးပါ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ နဲ့ လုံခြုံရေးအတွက် ထိခိုက်လာလို့ရှိရင်တော့ ထိန်းသိမ်းထားတဲ့သူတွေ ရဲ့ တာဝန်ပဲ ဖြစ်ပါတယ် ဆိုပြီးတော့ ကျနော်တို့ အဖွဲ့ချုပ် ရဲ့ ကြေညာချက် ထုတ်တာပါ။

ဥပမာအားဖြင့်ဗျာ။ သူ့ရဲ့ မိသားစု က မိသားစု စာတွေ မရဘူး။ စာအုပ်တွေ အလွယ်တကူ မရဘူး။ စာအုပ် မဂ္ဂဇင်း မရဘူး။ နောက် အတူနေတဲ့ ဒေါ်ခင်ခင်ဝင်း တို့ သားအမိအပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပဲ ကန့်သတ်ထားသလို ဆက်ဆံတယ်။ အဲဒါတွေဟာ ဒါ ကန့်သတ်ချက်တွေထဲမှာ မပါတဲ့ ကိစ္စတွေ ပေါ့လေ။ အဲဒါတွေပါ။”

တကယ်တော့ မကြာသေးခင်ရက်တွေက ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလို အစားအသောက်တွေ လက်မခံရုံသာမက၊ အစာငတ်ခံ ဆန္ဒပြနေတယ် ဆိုပြီးတော့တောင် သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ဒါနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အခုတပတ် အစောပိုင်းမှာ တွေ့ဆုံခွင့်ရခဲ့တဲ့ သူမရဲ့ရှေ့နေဖြစ်သူ ဦးကြည်ဝင်း က မေးမြန်းခဲ့ပေမယ့် ဒါကိုအတည်ပြု ဖြေကြားတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် က ဒီဟာနဲ့ပတ်သက်ပြီး ဦးကြည်ဝင်း ရှင်းပြတဲ့ အထဲမှာ ပါတယ်လေ။ သူ့အနေနဲ့တော့ ဒီက ပြန်ထွက်ရင် အားလုံး ကြားနေကြတဲ့ သတင်းဟာ ပထမဆုံး အမေးခံရမယ် လို့ ပြောပြတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တာက သူ နေကောင်းတယ်၊ ဒါပေမယ်လို့ ခန္ဓာကိုယ် အလေးချိန် လျော့နေပါတယ်။ နောက် ပင်ပမ်းတယ်။ ပင်ပမ်းနေတဲ့အတွက် နားဖို့လည်း လိုတယ်။ ဒါ ပြောလိုက်တာ ဆိုတော့ ကျနော်တို့သိတာ ဒါပဲရှိတယ်။”

အဲန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဥပဒေ အကျိုးဆောင် ဖြစ်သူနဲ့ ဆွေးနွေးတိုင်ပင်ခွင့် ရအောင်တောင်းဆိုနေတာ အခုနောက်ဆုံး တတိယအကြိမ်အဖြစ် ရှေ့နေကြီး ဦးကြည်ဝင်းနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ရှေ့နေဖြစ်သူနဲ့ တွေ့ဆုံခွင့်ရတဲ့ အချိန်ကာလက တိုတောင်းတာမို့ ကိစ္စတွေ အပြီးအပြတ်တော့ ဆောင်ရွက်နိုင်တာမျိုး မရှိခဲ့ဘူးလို့လည်း အဲန်အယ်လ်ဒီက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG