သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် နှုတ်ထွက်ရန် တရားရုံး ဆုံးဖြတ်


ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေး
(Samak Sundaravej) အနေနဲ့ ရုပ်မြင်
သံကြားကနေ သူကိုယ်တိုင် အစား
အသောက်တွေ ချက်ပြုတ်ပြသခဲ့တာတွေက
ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ချိုးဖောက်တာဆိုပြီး ဝန်ကြီးချုပ်ရာထူးက
နှုတ်ထွက်ပေးဖို့ ထိုင်း ဖွဲ့စည်းပုံအခြေခံ
ဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်လိုက်ပါ
တယ်။ ထိုင်းဝန်ကြီးချုပ်အနေနဲ့ မြန်မာနိုင်ငံ
မှာ စစ်အစိုးရကျင်းပမယ့် ၂၀၁၀
ရွေးကောက်ပွဲမှာ ကုလသမဂ္ဂက ပါဝင်ခွင့်ရလာအောင် စစ်အစိုးရကို နားချမယ်လို့
ပြောဆိုနေချိန်မှာ ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ပေးရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်
ထွက်ပေါ်လာတာပါ။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဒီလို ရုပ်မြင်သံကြားကပြသတဲ့ ချက်ပြုတ်တဲ့ပြကွက်တွေကို လက်ခံပြသခဲ့တဲ့အချိန်မှာ
ဝန်ကြီးချုပ် ဆမတ်အနေနဲ့ အခကြေးငွေ ယူခဲ့တာမျိုးတွေ ရှိတဲ့အတွက် သူဟာ ဖွဲ့စည်း
ပုံ အခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုပြီး တရားရုံးက ဆုံးဖြတ်လိုက်တာပါ။

ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အစိုးရဝန်ကြီးတွေအနေနဲ့ အခြား ပုဂ္ဂလိက
လုပ်ငန်းတွေ၊ ကုမ္ပဏီတွေအတွက် ဝန်ထမ်းအဖြစ် လုပ်ကိုင်တာမျိုးကို တားမြစ်ပါတယ်။
အခကြေးငွေ ရယူတာမျိုးကို တားမြစ်ပါတယ်။

အခုတော့ ထိုင်း ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးက ထိုင်းဝန်ကြီးချုပ် ဆမတ်ရဲ့ အစိုးရဝန်ကြီး
အဖွဲ့အနေနဲ့ နှုတ်ထွက်ပေးရမယ်လို့ ဆုံးဖြတ်လိုက်ပါပြီ။ ပါလီမန်က နောက်ထပ်
ဝန်ကြီးချုပ်အသစ် မရွေးချယ်မချင်း ရက်ပေါင်း ၃၀ အထိ လက်ရှိဝန်ကြီးအဖွဲ့အနေနဲ့
အိမ်စောင့်အစိုးရသဘောမျိုး တိုင်းပြည်ကို အုပ်ချုပ်ခွင့်ပဲ ရှိပါတယ်။ မြန်မာနိုင်ငံ ရှေ့နေ
များကောင်စီ (BLC) အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးကတော့ ထိုင်းနိုင်ငံရဲ့
ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အခုလို သုံးသပ်ပြောဆိုပါတယ်။

"ဝန်ကြီးချုပ် ဆမတ် ဝန်ကြီးချုပ်အဖြစ်နဲ့ ရွေးချယ်ခံလာရတဲ့ပါတီဟာ မဲဝယ်ပြီး
တက်လာတဲ့ပါတီ ဖြစ်တယ်။ ဒါကြောင့် ဒီပါတီရဲ့ အစိုးရဟာ တိုင်းပြည်မှာ မအုပ်ချုပ်
သင့်ဘူးဆိုတဲ့ အခြေခံကနေ လူထုဆန္ဒပြတဲ့အပေါ်မှာ ထောက်ခံမှုတွေ ပိုများလာပြီး
ဆမတ်ကို ရာထူးကထွက်ရေး တောင်းဆိုမှုတွေ ပိုများလာတယ်။ ဒါ တဖက်က
အကျပ်အတည်းဖြစ်တယ်။

"နောက် တဖက်ကလည်း လူထုတွေတောင်းဆိုတဲ့အတိုင်း ဝန်ကြီးချုပ် ဆမတ်ဦးဆောင်
တဲ့ အစိုးရအဖွဲ့က ထွက်သွားရမယ်ဆိုရင်လည်း ဘာဖြစ်သွားမလဲဆိုတော့ ဒီမိုကရေစီ
နည်းကျ တရားဝင်ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခံထားရတဲ့ တရားဝင်
အစိုးရတရပ်ဟာ လူထုတွေက လမ်းပေါ်ထွက် ဆန္ဒပြရုံနဲ့ ပြုတ်ကျသွားမယ်ဆိုရင် ထိုင်း
နိုင်ငံရဲ့ သမိုင်းကြောင်း မကောင်းသလို နောက်တက်လာတဲ့ အစိုးရတွေကလည်း
တရားဝင်အစိုးရ ဖြစ်ရဲ့သားနဲ့ လူထုဆန္ဒပြပွဲနဲ့ ဖြုတ်ချခံရမယ့် အခြေအနေကို
တောက်လျှောက် စိုးရိမ်ရမယ့် အနေအထား ဖြစ်လာတယ်။

"ဒီနှစ်ခု အကျပ်အတည်းက ဘယ်လိုမှ ညှိလို့မရတဲ့ အခြေအနေအောက်မှာ ကနေ့
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကနေ ဆုံးဖြတ်လိုက်တာဖြစ်တယ်။ ထိုင်းနိုင်ငံ
ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၅/၂ နဲ့ ၂၆၇ မှာ ပါရှိတဲ့ ပြဋ္ဌာန်းချက်ကို ဝန်ကြီးချုပ်က
ချိုးဖောက်တယ်လို့ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးက ဆုံးဖြတ်လိုက်တဲ့အခါ ထိုင်းဝန်ကြီးချုပ်
ဆမတ်ရော၊ သူ့ရဲ့ အစိုးရ တဖွဲ့လုံးပါ နှုတ်ထွက်သွားရတော့မယ့် အခြေအနေ ဖြစ်သွား
ပြီ။

"ဒါကြောင့် ထိုင်းရဲ့တရားစီရင်ရေးကို ချုပ်ပြီးသုံးသပ်ရင်တော့ ယနေ့အချိန်မှာ ထိုင်း
နိုင်ငံဟာ လွတ်လပ်အားကောင်းတဲ့ တရားစီရင်ရေး တည်ရှိနေပြီလို့ အတိုင်းအတာ
တော်တော်များများ ကျနော်ပြောနိုင်တယ်။"

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ဆမတ်ရဲ့ အစိုးရ နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ နိုင်ငံရေး
တင်းမာမှုတွေ အရှိန်မြှင့်လာနေတဲ့အချိန်မှာ အခုလို တရားရုံးရဲ့ဆုံးဖြတ်ချက် ထွက်လာ
တာဖြစ်ပါတယ်။ ထိုင်းအစိုးရရုံးဝန်းထဲကို လက်ရှိဝန်ကြီးချုပ်ကို နှုတ်ထွက်ပေးဖို့
တောင်းဆိုတဲ့ ဆန္ဒပြသူတွေက ထိုင်း ပြည်သူ့ဒီမိုကရေစီ မဟာမိတ်အဖွဲ့တွေ ဆက်ပြီး
သိမ်းထားနေတုန်းပါပဲ၊ အခုလို တရားရုံးက ဝန်ကြီးချုပ်ကို နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်
တော့ ဆန္ဒပြပွဲတွေ ပြီးဆုံးသွားပါ့မလား။

ထိုင်းနိုင်ငံအတွင်း ထင်ရှားတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ တဦးဖြစ်တဲ့ ဒေါက်တာ ဆူနိုင်း
ဖာဆတ်က် (Dr. Sunai Phasuk) ကတော့ …

"ထိုင်းဝန်ကြီးချုပ် ဆမတ်အနေနဲ့ ဘယ်လိုမှ အယူခံပိုင်ခွင့် မရှိပါဘူး။ ဒီလို ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ချိုးဖောက်တဲ့ကိစ္စတွေက ချက်ချင်း ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်
ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစိုးရရုံးကို သိမ်းထားတဲ့ ဆန္ဒပြနေတဲ့ ပြည်သူ့
ဒီမိုကရေစီ မဟာမိတ်အဖွဲ့တွေကတော့ ဆန္ဒပြပွဲတွေ ဆက်ပြီး ကျင်းပဦးမှာပါ။ အခု
အမိန့်က ထိုင်းဝန်ကြီးချုပ်ကို ရာထူးက နှုတ်ထွက်ပေးဖို့ပဲဖြစ်ပြီး သူ့ကို နိုင်ငံရေးမှာ
မပါတော့ဘို့ တားမြစ်လိုက်တာတော့ မဟုတ်ပါဘူး။ သူ့ပါတီက မစ္စတာဆမတ်ကို
ဝန်ကြီးချုပ်အဖြစ် ထပ်ပြီး အမည်စာရင်း တင်လာနိုင်ပါတယ်။ ဒီတော့ ဆန္ဒပြပွဲတွေ
ဆက်ပြီးရှိနေဦးမှာပါ" လို့ ပြောဆိုသွားပါတယ်။

မနေ့ကပဲ ထိုင်းဝန်ကြီးချုပ် ဆမတ်က မြန်မာနိုင်ငံမှာ စစ်အစိုးရ ကျင်းပဖို့ ကြေညာထား
တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကုလသမဂ္ဂအနေနဲ့ ပါဝင်လာနိုင်အောင် စစ်အစိုးရကို သူ
နားချမယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြောခဲ့ပါသေးတယ်။ ဒီလိုပြောဆိုပေမယ့်
ကုလသမဂ္ဂအနေနဲ့ ဘယ်လိုအခန်းကဏ္ဍမျိုးက ပါဝင်လာနိုင်အောင် ကြိုးစားမယ်ဆိုတာ
မျိုးကိုတော့ ဝန်ကြီးချုပ် ဆမတ်က အသေးစိတ် ပြောဆိုခဲ့တာ မရှိပါဘူး။

မြန်မာစစ်အစိုးရခေါင်းဆောင်တွေနဲ့ စကားပြောဆိုတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့
နာမည်ကို ထည့်သွင်းပြောတာမျိုးတွေ လုပ်မှာမဟုတ်ဘူးလို့လည်း ထိုင်းဝန်ကြီးချုပ်က
ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
အခန်းကဏ္ဍကို အသိအမှတ်ပြုစရာ မလိုဘူးဆိုပြီး ပြောဆိုခဲ့တဲ့အတွက် ထိုင်းဝန်ကြီး
ချုပ်အပေါ် ဝေဖန်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

ပအို့ဝ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)
အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောဆို
ချက်တွေနဲ့ ပတ်သက်လို့ အခုလို ဝေဖန်ပါတယ်။

"အခုလက်ရှိ ထိုင်းဝန်ကြီးချုပ်က ဗမာပြည်အရေးမှာ ပံ့ပိုးနိုင်တဲ့ အခြေအနေ မပြောနဲ့၊
မိမိအနေအထားနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးကံကြမ္မာကိုတောင်မှ ကောင်းကောင်းမွန်မွန်
ရှေ့ရှုနိုင်မယ့်အခြေအနေ မရှိတော့ဘူးဆိုတော့ သူ့အနေနဲ့ ဗမာပြည်နိုင်ငံရေးကို
ဝင်ရောက်ပြောဆိုတာက လောလောဆယ် မဟာမိတ်ရှာတဲ့အနေနဲ့ နအဖဆီက အပြန်
အလှန် အသိအမှတ်ပြုမှု၊ အပြန်အလှန် ကျားကန်ပေးတဲ့သဘောမျိုး၊ မိတ်ဆွေရှာတဲ့
သဘောမျိုးနဲ့ အလိုက်အထိုက်၊ နအဖအကြိုက် ပြောနေတယ်လို့ပဲ ကျနော်ယူဆတယ်။"
ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောသွားတာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်အနေနဲ့ အစိုးရနှုတ်ထွက်ပေးဖို့ ဆန္ဒပြပွဲတွေရဲ့ ဖိအားပေးမှုတွေအပြင်
အခြား အသရေဖျက်မှုတခု၊ လာဘ်စားမှုသုံးခုကိုလည်း ရင်ဆိုင်နေရပါတယ်။ ဒီလို
ရင်ဆိုင်နေရတဲ့အချိန်မှာ အခုလို အစားအသောက် ချက်ပြုတ်တဲ့အမှုနဲ့ အခကြေးငွေ
ယူခဲ့တယ်ဆိုပြီး ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ပေးရမယ်လို့ ထိုင်းဖွဲ့စည်းပုံတရားရုံးက
ဆုံးဖြတ်လိုက်တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG