သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆာရာပေလင်း နဲ့ ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


စိန်ပေါလ်မြို့ (St. Paul) မင်နီဆိုတာပြည်နယ် (Minnesota) လေးရက်ကြာ ကျင်းပခဲ့တဲ့ ရီပါပလစ်ကန်ပါတီ (Republician Party) ရဲ့ ပြည်လုံးကျွတ် ပါတီ ညီလာခံပွဲမှာ ရီပါပလစ်ကန်ပါတီ သမ္မတလောင်း ဂျွန်မက္ကိန်း (John McCain) က ဒု-သမ္မတအဖြစ် အလက်စ္စကားပြည်နယ် အုပ်ချုပ်ရေးမှုး ဆာရာ ပေလင်း (Sarah Palin) နဲ့ ပတ်သက်လို့ သုံးနူန်းခဲ့တဲ့ အီဒီယံ အသုံးအနှုန်းအချို့ကို တင်ပြထားပါတယ်။

ပထမအသုံးအနှုန်း = Hockey Mom - ရေခဲပြင်မှာ ကစားတဲ့ ဟော်ကီ၊ မြက်ခင်းကွင်းမှာ ကစားတဲ့ ဟော်ကီ ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဆာရာပေလင်း ပြောဆိုတဲ့ ဟော်ကီ ကစားနည်းကတော့ ရေခဲပြင်မှာ ကစားတဲ့ ဟော်ကီ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ မိဘများ (အထူးသဖြင့် မိခင်များ) က ကျောင်းလွှတ်ချိန်၊ ကျောင်းပိတ်ရက်တွေမှာ သားသမီးတွေကို အားကစားများ ကစားဖို့ အားကစားကွင်းကို လိုက်ပို့ အားပေးလုပ်ကိုင်လေ့ ရှိပါတယ်။ ဒါကိုရည်ရွယ်ပြီး ဆာရာပေလင်း က သူကိုယ့်သူ သားသမီးများကို ကျောင်းကြို၊ အားကစားကွင်းပို့၊ အားပေးလုပ်ဆောင်တဲ့ မိခင် Hockey Mom လို့ ပြောဆိုသွားတာပါ။ အမေရိကန်နိုင်ငံမှာ ဒေသအလိုက် နှစ်ခြိုက်ကြတဲ့ အားကစားအမျိုးမျိုး ရှိကြပါတယ်။ ဘော်လုံးကစားတဲ့ နေရာတွေမှာဆိုရင် Soccer Mom။ ဘေ့စ်ဘော် ကစားတဲ့နေရာတွေမှာ Baseball Mom လို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ အီဒီယံ သဘောအရတော့ သားသမီးတွေ အားကစားအတွက် ကျောင်းသင်ရိုးညွှန်းတန်း ပြင်ပလုပ်ငန်းတွေမှာ ကလေးတွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြိုအပို့ပေးကြရတဲ့ မိခင်တွေ၊ တနည်းအားဖြင့် သာမန်သူလိုကိုယ်လို မိခင်တွေကို ဆိုလိုပါတယ်။

ကျမတို့ မြန်မာနိုင်ငံမှာတော့ မိခင်တွေက ခလေးတွေ အားကစားထက် ကျူရှင်တွေဘဲ လိုက်ပို့နေတော့ Tuition Mom စကားလုံး အသစ်ကို တီထွင်လို့ ရနိုင်ပါတယ်။

Hockey Mom စကားနဲ့ ပတ်သက်ပြီး ဆာရာပေလင်း ပြောသွားတာက -

"I was just your average hockey mom in Alaska"
"ကျမက သားသမီးတွေ အားကစားအတွက် အကြိုအပို့ လုပ်ပေးနေတဲ့ အလက်စကားပြည်နယ် သာမန်မိခင် တဦးပါဘဲ" လို့ အဓိပ္ပာယ် ရပါတယ်။

ဒုတိယအသုံးအနှုန်းကတော့ ဆာရာပေလင်း၏ ဖခင် ချာလ် ဟိ(ထ်) (Charles Heath) ပြောသွားတဲ့ အသုံးအနှုန်း ကို တင်ပြထားပါတယ်။

A Mind of Her Own = သူမမှာ သူမကိုယ်ပိုင် စိတ်ဓါတ်ရှိတယ် လို့ တိုက်ရိုက်အဓိပ္ပာယ် ရှိပါတယ်။ အီဒီယံ အသုံးအနှုန်းမှာတော့ ခေါင်းမာတယ်၊ စိတ်ဓါတ်ခိုင်မာတယ်၊ သူမှန်တယ်ထင်ရင် ဇွတ်လုပ်တက်တယ်၊ ဖြစ်အောင်လုပ်တက်တယ် အဓိပါ္ပယ် ရှိပါတယ်။

သမီးဖြစ်သူအကြောင်း ဖခင်ပြောသွားတာကတော့ -

"She has a mind of her own. If she thought she was right. She usually was. We saw that interview."
"သူက သူမှန်တယ်ထင်ရင် ဇွတ်လုပ်တက်တယ်။ အများအားဖြင့် သူက မှန်နေတာ တွေ့ရတယ်။ သူစိတ်ဓါတ် ဒီလိုဆိုတာကို သိခဲ့ရတယ်။"

နောက်ဆုံး အီဒီယံ အသုံးအနှုန်း - Stick to Her Guns - သူမရဲ့ သေနတ်ကို မြဲမြဲစွဲကိုင်ထားတယ် ဆိုတဲ့ အဓိပ္ပာယ် ရပါတယ်။ စစ်ပွဲအသုံးအနှုန်းက ဆင်းသက်လာတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ ကိုယ့်အသက်အန္တရာယ် ရှိနေပေမယ့်လည်း ရန်သူကို ဆက်ရင်ဆိုင်ပြီး သေနတ်ကို ကိုင်စွဲလျှက် စစ်ပြင်နေတဲ့ သဘောရှိပါတယ်။ အီဒီယံအသုံးအနှုန်းမှာတော့ ကိုယ်ကိုတခြားသူတွေက ဘယ်လောက်တားတား ဘယ်လိုအပြစ်တင်ဝေဖန် ယုံကြည်ချက်ကို မလျှော့ဘဲ စွဲစွဲမြဲမြဲကိုင်ထားသူကို ဆိုလိုပါတယ်။

ဆာရာပေလင်း အကြောင်း သူ့ပြည်နယ်သား ပြောပုံကတော့ -

"Honest, trueful, stick to her guns."
"ဖြောင့်မတ်တယ်၊ မှန်ကန်တယ်၊ သူယုံကြည်ရင် ယုံကြည်သလို လွယ်လွယ်နဲ့ အလျှော့မပေးဘူး၊ ဇွဲကောင်းတယ်" လို့ အဓိပါ္ပယ် ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG