သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂမှာ စစ်အစိုးရ ကိုယ်စားပြုမှု တရားမဝင်ကြောင်း ကန့်ကွက်တော့မည်


ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လက်ရှိ
မြန်မာစစ်အစိုးရက မြန်မာနိုင်ငံကို
ကိုယ်စားပြုနေတာဟာ တရားဝင်မှု မရှိဘူး
ဆိုပြီး အင်္ဂါနေ့မှာ တရားဝင်ကန့်ကွက်လွှာ
တင်သွင်းမယ်လို့ မြန်မာ့ဒီမိုကရေစီရေး
လှုပ်ရှားနေတဲ့အဖွဲ့တွေက ကြေညာလိုက်ပါ
တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား
ကောင်စီ (NCUB) နဲ့ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များအဖွဲ့ (MPU) တို့က
ဦးဆောင်ပြီး တင်သွင်းကြမှာပါ။ ဒီ့မတိုင်ခင်
ကတော့ ပြည်ထောင်စုမြန်မာနိုင်ငံ
အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ
(NCGUB) က ဒီကန့်ကွက်လွှာကို လက်မှတ်မထိုးဘူးဆိုတဲ့ သတင်းတွေ ထွက်နေခဲ့ပါ
တယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

NCGUB အနေနဲ့ကတော့ ဒီကိစ္စအပေါ် လက်မှတ်မထိုးပါဘူး။ အဲဒီလို လက်မှတ်မရေး
ထိုးတဲ့အကြောင်း NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို
အတည်ပြုပြောပါတယ်။ ဘာ့ကြောင့် မထိုးတာပါလဲလို့ မေးတဲ့အခါ ဒေါက်တာစိန်ဝင်း
က …

"ဒီကိစ္စကို စဆွေးနွေးကတည်းက ကျနော်ရှင်းပြပါတယ်။ ကျနော်တို့ရဲ့ အနေအထား၊
ယုံကြည်ချက်နဲ့ ဖြစ်နိုင်ချေ၊ မဖြစ်နိုင်ချေ၊ လုပ်တဲ့အခါမှာ ဘာတွေဖြစ်နိုင်သလဲ၊ စသည်
အားဖြင့် ကျနော်တို့ သေချာရှင်းပြပါတယ်။ ကုလသမဂ္ဂရဲ့ အခင်းအကျင်းတွေလည်း
ကျနော်တို့ ရှင်းပြပါတယ်။ အဲဒါတွေကြောင့် ကျနော်တို့အနေနဲ့ ဒီ Credential
Challenge ကို လက်မှတ်ထိုးရမယ့်အလုပ်တွေ၊ Credential ကော်မတီကို Apply
လုပ်ရမယ့်အလုပ်မျိုးတွေကို မလုပ်ဘူးဆိုပြီး ပြောပြီးသားပါ။"

NCGUB က လက်မှတ်ထိုးပြီး တာဝန်ခံတင်သွင်းတာမျိုး မဟုတ်ပေမယ့်လည်း NCUB နဲ့
MPU တို့က ဦးဆောင်ပြီး ဆက်လက်တင်သွင်းသွားမယ့်အကြောင်း တရားဝင်ကန့်ကွက်
လွှာ တင်သွင်းရေး လှုပ်ရှားမှုကို ဦးဆောင်နေတဲ့ NCUB အထွေထွေအတွင်းရေးမှူး
ဦးမောင်မောင်က ပြောပါတယ်။

"ကျနော်တို့ကတော့ File လုပ်မှာပါ။ ဒါကို NCUB အနေနဲ့ File လုပ်ဖို့တော့ ပြင်ဆင်ပြီး
သွားပါပြီ။ မနက်ဖြန် နောက်ဆုံးနေ့ဆိုတော့ နောက်ဆုံးနေ့မှာ ကျနော်တို့ File လုပ်မှာ
ပါ။ NCUB ဗဟိုကလည်း ကျနော့်ကို ညွှန်ကြားချက်လာပါတယ်။ ဆက်လက်ပြီး
ဆောင်ရွက်ပါဆိုလို့ ကျနော် ဆောင်ရွက်မှာပါ။"

ဒီလှုပ်ရှားမှု စပြီးလုပ်တဲ့အချိန်တုန်းက NCGUB အနေနဲ့ ထောက်ခံတဲ့အကြောင်း
ကြေညာချက် ထုတ်ပြန်ဖူးပါတယ်။ ဒီအပေါ်မှာ ဒေါက်တာစိန်ဝင်းရဲ့ ရှင်းလင်းချက်
ကတော့ …

"နိုင်ငံရေးအနေနဲ့ နအဖပဲဖြစ်ဖြစ်၊ နဝတပဲဖြစ်ဖြစ် သူတို့က တရားမဝင်တဲ့အစိုးရဖြစ်တဲ့
အတွက် ဒီမှာမထိုင်သင့်ဘူး၊ ကျနော်တို့ ဒီအပေါ်မှာတော့ ထောက်ခံတယ်။ သို့သော်
ကျနော်တို့ရဲ့အမြင်၊ ကျနော်တို့ရဲ့ မူဝါဒ၊ ကျနော်တို့ရဲ့ တွက်ချက်မှုအရ ဒီလို Credential
ကိစ္စတွေမှာ မပါဘူး။ Campaign အနေနဲ့ဆိုရင်တော့ ပြဿနာမရှိဘူး။ အဲတော့ ဒီလို
လုပ်ရင်လည်း ကျနော်တို့အနေနဲ့ ကန့်ကွက်စရာမရှိပါဘူးဆိုပြီး ကျနော်ပြောတာပါ။"

ဒီကိစ္စဟာ အခုတလော မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု အဝန်းအဝိုင်းထဲမှာ အတော်လေး
ဆွေးနွေးပြောဆိုနေကြတဲ့ ကိစ္စဆိုလို့ရှိရင် မမှားပါဘူး။ အဓိကဦးဆောင်ပြီး လှုပ်ရှား
နေသူတွေဘက်ကလည်း ဒီလှုပ်ရှားမှုအပေါ်မှာ ပြည်တွင်းပြည်ပက ထောက်ခံတာတွေ
ရှိတယ်ဆိုပြီးတော့ ပြောကြတာတွေလည်း ရှိပါတယ်။ ဒီအချိန်မှာမှ အခုလို NCGUB က
လက်မှတ်မထိုးတဲ့အပေါ် သဘောထားတွေနဲ့ပတ်သက်လို့ ဘယ်လိုတုံ့ပြန်မယ်၊ ဒါဟာ
ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ညီညွတ်ရေးကို ထိခိုက်နိုင်၊ မထိခိုက်နိုင်ဆိုတာတွေ အပေါ်မှာ
တော့ ဒေါက်တာစိန်ဝင်းက …

"ဘာ့ကြောင့်လဲဆိုတာကို ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ ရှင်းနေပါတယ်။ Publicly
ရေဒီယိုကနေ မပြောချင်လို့ ကျနော်မပြောတာ။ နောက်တခုက ကျနော်တို့ရဲ့အရေးကို
နိုင်ငံတကာက အစအဆုံး ဖြေရှင်းပေးမှာတော့ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့
မှားယွင်းတဲ့မျှော်လင့်ချက်တွေတော့ မပေးသင့်ဘူး။ ပြည်ပက ကူညီတယ်၊ သိပ်ကောင်း
တယ်၊ အခုထိလည်း ပြည်ပက အကူအညီတွေကို ရနေတယ်၊ ဒါကိုလည်း ကျနော်တို့
ကြိုးစားရမှာပဲ။ သို့သော်လည်း တိုင်းပြည်လွတ်မြောက်ရေးအတွက် အစအဆုံးကတော့
ပြည်ပက လာမှာမဟုတ်ဘူး။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံသားတွေ၊ ပြည်ပမှာရှိတဲ့ တိုင်းရင်း
သားနိုင်ငံသားတွေ အားလုံး လုပ်နိုင်ဖို့ အရေးကြီးတယ်။ အဲတော့ ဒီကိစ္စက စိတ်ဝမ်းကွဲ
ပြီး အကွဲကွဲအပြားပြားဖြစ်မယ့်ကိစ္စ မဟုတ်ဘူးလို့ ကျနော်ယုံကြည်တယ်။"

ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့
ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

NCUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ကလည်း မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု
အတွင်းမှာ အငြင်းပွားတဲ့အပေါ်ထက် နိုင်ငံတကာမှာ လုပ်ဆောင်နေတဲ့အပေါ်ကို အာရုံ
စိုက်သွားမယ့်အကြောင်း ပြောပါတယ်။

"အပြည်ပြည်ဆိုင်ရာကို တင်ပြတဲ့နေရာမှာ နဝတနဲ့ အပြိုင်လုပ်တဲ့ကိစ္စကို ကျနော်
အားလုံးကို အာရုံစိုက်စေချင်တယ်။ အမျိုးသားညွန့်ပေါင်းအစိုးရက သူတို့ မထောက်ခံ
ဘူးလို့ ပြောတာမဟုတ်ပါဘူး၊ လက်မှတ်မထိုးဘူးလို့ ပြောတာ။ အဲတော့ ဒီဟာကို
နိုင်ငံရေးအရ ထောက်ခံတယ်ဆိုတာတော့ သူတို့ရေးထားတယ်။ လက်မှတ်ထိုးဖို့
အခက်အခဲရှိတယ်ဆိုတာ သူတို့ပြောတယ်။ ဒါကိုလည်း ကျနော် ရှင်းရှင်းလင်းလင်း
တင်ပြချင်တယ်။ ကျနော်တို့ နိုင်ငံရေးအရ နဝတကို ထိုးနှက်တဲ့ကိစ္စ ကုလသမဂ္ဂထဲ
ဝင်အောင် ကျနော်တို့ လုပ်နေတယ်ဆိုတာကို အာရုံစိုက်ဖို့ အားလုံးကို ပြန်ပြီး အသိ
ပေးချင်ပါတယ်။"

NCGUB ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ
ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့
အဝေးရောက်အစိုးရအဖြစ် ရပ်တည်လုပ်ဆောင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ အခုလို
NCGUB က လက်မှတ်မထိုးဘဲ တင်သွင်းတဲ့ကန့်ကွက်လွှာက အောင်မြင်မှုရပါ့မလား
ဆိုတဲ့အပေါ် ဦးမောင်မောင်က …

"ကျနော်တို့က NCUB၊ NCGUB၊ MPU ဆိုတာထက် ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းနဲ့
ပြည့်မလားဆိုတာကို စဉ်းစားရပါတယ်။ စဉ်းစားတဲ့နေရာမှာလည်း ကုလသမဂ္ဂက
သတ်မှတ်ထားတာက စဉ်ပြိုင်ကန့်ကွက်မှုဆိုတာ တင်ရင် တင်ဖို့ဆိုတဲ့ကိစ္စ ရှိတယ်။
ဒီနေရာမှာ အမျိုးသားညွန့်ပေါင်းအစိုးရကဲ့သို့သော အစိုးရတခုဖြစ်ရင် ကောင်းတာပေါ့။
ကျနော်တို့ ဒါကို ငြင်းစရာအကြောင်း မရှိဘူး။ သို့သော် မဟုတ်ရင်လည်း တင်ဖို့ကတော့
ကျနော်တို့ တာဝန်ရှိတယ်။ ဒါကို ကုလသမဂ္ဂရဲ့ ဘောင်အတွင်းက ဆုံးဖြတ်ရမှာကတော့
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရုံးခန်းရယ်၊ နောက်တခါ ကုလသမဂ္ဂ ဥပဒေ
ကြောင်းဌာနတို့၊ သံတမန်ရေးရာဌာနတို့ အားလုံးပေါင်းပြီး ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တဲ့
အတွက် မတင်သရွေ့တော့ မသိသေးဘူးလို့ ကျနော်ပြောချင်ပါတယ်။"

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ရဲ့ အထွေထွေအတွင်းရေးမှူး
ဦးမောင်မောင် ရှင်းပြသွားတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၉ ရက်၊ အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီကနေ ၁၂ နာရီ
အတွင်း၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ခ်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရှေ့မှာ
NCUB နဲ့ MPU တို့ဦးဆောင်ပြီး မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဆန္ဒပြတာ၊
သတင်းစာရှင်းလင်းပွဲ ပြုလုပ်တာတွေနဲ့အတူ ကုလသမဂ္ဂရဲ့ သက်ဆိုင်ရာကော်မတီ
ထံကို Credential Challenge တရားဝင်ကန့်ကွက်လွှာ ပေးပို့တင်သွင်းသွားမယ်လို့
NCUB က ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG