သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်း ဖမ်းဆီးခံရ


အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေကို
ပြန်လွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုမှုတွေ ရှိနေတဲ့ကြား
ကပဲ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက နောက်ထပ်
နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းတာဆီးတာတွေလည်း
ရှိနေပါတယ်။ အခုနောက်ဆုံးဆိုရင်လည်း အာဏာပိုင်
တွေ ဖမ်းဆီးမယ့်ရန်ကနေ တိမ်းရှောင်နေတဲ့ ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် မနီလာသိန်းကို
ဖမ်းဆီးလိုက်သလို မကြာသေးခင် ရက်ပိုင်းအတွင်း
အဖမ်းအဆီး ခံရသူတွေကိုလည်း အာဏာပိုင်တွေက
ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးမေးမြန်းတာတွေ လုပ်နေ
တယ်လို့ သူတို့နဲ့နီးစပ်သူတွေက ပြောကြပါတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆော င်တယောက်ဖြစ်တဲ့
မနီလာသိန်းကို ရန်ကုန်မြို့က နိုင်ငံရေးအကျဉ်းသား မိတ်ဆွေတယောက်နေအိမ်ကို
အသွားမှာ အာဏာပိုင်တွေက မနေ့က ဖမ်းဆီးခဲ့တာလို့ သူနဲ့နီးစပ်သူ မိသားစုဝင်တွေနဲ့
မိတ်ဆွေတွေက ပြောပြကြပါတယ်။ မနီလာသိန်းဟာ ပြီးခဲ့တဲ့နှစ် ကုန်ဈေးနှုန်းကျဆင်း
ရေး၊ လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် လှုပ်ရှားမှုတွေနောက်ပိုင်း ၈၈
မျိုးဆက်ကျောင်းသားတွေကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်လာခဲ့
တဲ့နောက် အဖမ်းခံရမယ့်အရေးက လွတ်ဖို့အတွက် တိမ်းရှောင်နေရာက အခု
နောက်ဆုံး ဖမ်းဆီးခံလိုက်ရတာပါ။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကပဲ မနီလာသိန်းရဲ့ ခင်ပွန်းသည်ဖြစ်သူ ကိုဂျင်မီ ခေါ်
ကိုကျော်မင်းယုဟာလည်း ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုတွေနောက်ပိုင်း ပြီးခဲ့တဲ့
နှစ် သြဂုတ်လကတည်းက တခြား ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ ဖမ်းဆီးခံထား
ရတာပါ။ အခုရက်ပိုင်းအတွင်း နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်
ဆိုသလို ရှိနေတဲ့အထဲက မနီလာသိန်း ဖမ်းဆီးခံခဲ့ရတာဟာ နောက်ဆုံးကြားရတဲ့
သတင်းလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့လဆန်းပိုင်း ရှစ်လေးလုံးကာလအတွင်း ဖမ်းဆီးမှုတွေ
ရှိတဲ့အချိန်တုန်းကလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် နောက်တဦးဖြစ်တဲ့
မမာမာဦးကို အာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့တာပါ။

ဒီလို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဆက်တိုက်ဆိုသလို ဖမ်းတာဆီးတာတွေ
ရှိနေရုံသာမက ဖမ်းဆီးခံရသူတွေကိုလည်း အကြမ်းပတမ်း ကိုင်တွယ်စစ်ဆေးမေးမြန်း
တာတွေ ရှိနေတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) ပါတီဝင် တဦးဖြစ်တဲ့ ကိုအောင်မိုးလွင်ဟာဆိုရင်လည်း အဆက်
အသွယ်မရဘဲ ပျောက်နေရာက အခုနောက်ဆုံး အာဏာပိုင်တွေ ဖမ်းဆီးထားတယ်လို့
သိရပြီး စစ်ဆေးမေးမြန်းမှုကာလအတွင်း ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရတဲ့ လက္ခ
ဏာတွေ ရှိတယ်လို့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတယောက်က ပြောပြပါ
တယ်။

"ကိုအောင်မိုးလွင် ပါသွားတဲ့ကိစ္စကိုတော့ ကျနော်တို့ ဂဃနဏ မသိရသေးဘူး။
၁၀ ရက်လောက်ရှိသွားတော့ ကျနော်တို့က စိတ်ပူနေတာပေါ့။ အဲဒါ အခု ရဲတိုင်းရုံးကို
ရောက်သွားတယ်လို့ပြောတယ်၊ အချုပ်ခန်းထဲမှာပေါ့။ သူ့အခြေအနေကတော့ ပုံပျက်
ပန်းပျက် ဖြစ်နေတယ်လို့ပြောတယ်။ မျက်လုံးတွေဆို ဖူးရောင်နေတယ်၊ အမျိုးမျိုး
နှိပ်စက်နေတယ်လို့ ကြားပါတယ်။

"ကိုအောင်မိုးလွင်က ကျနော်တို့နဲ့ပတ်သက်တဲ့အချိန်က စပြီးပြောရရင်တော့ သူက
ရိုးရိုးသားသားနဲ့ပဲ ဖြတ်သန်းလာတာတွေ့ရတယ်။ ဘာမှလည်း လုပ်တာကိုင်တာ
မတွေ့ရဘူး။ သူ့သူငယ်ချင်းတယောက်အနေနဲ့ ကျနော်တို့က အသိဆုံးပဲ။ ရုံးဖွင့်ချိန်
ရုံးသွားတယ်၊ ရုံးတက်တယ်။ ဒီဟာလောက်ပါပဲ။ အဖွဲ့ချုပ်ရုံးပေါ့။ ညနေ ရုံးဆင်းတယ်။
ဒီဟာလောက်တော့ သူ သွားလေ့သွားထ ရှိပါတယ်။"

တကယ်တော့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်း
သားတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုမှုတွေ ရှိနေတဲ့ကြားကပဲ အခုလို
အဖမ်းအဆီးတွေကလည်း မရပ်မနား ရှိနေတာ ဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့
အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီးတို့က
ဆိုရင်လည်း ဒီတပတ်ထဲမှာပဲ တိုက်တွန်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG