သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်ကို အမိန့်အာဏာနဲ့ ပိတ်လို့ရမည်မဟုတ်


အင်တာနက်ဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ဆောင်ကျဉ်းရာမှာ အထိရောက်ဆုံး ကိရိယာ တခု ဖြစ်ပါတယ်လို့ အင်တာနက်နဲ့ သတင်း လွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားသူတွေက ပြောကြပါတယ်။ အင်တာနက်ကို အစိုးရတွေက ဆင်ဆာလုပ် ပိတ်ပင်ကြသလို အဲဒီပိတ်ပင်မှုကို တန်ပြန် ကျော်လွှားဖို့ ကြိုးစားတာတွေကလည်း အရှိန်အဟုန်နဲ့ ဖြစ်ပေါ် နေပါတယ်။ ဦးကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

BBG ခေါ် အမေရိကန်ပြည်ထောင်စု အသံလွှင့်လုပ်ငန်းများဆိုင်ရာ အုပ်ချုပ်ရေးဘုတ်အဖွဲ့က မနေ့ က စီစဉ်ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲတခုမှာ အဲဒီလို သုံးသပ်ပြောဆိုသွားကြတာပါ။ “မီဒီယာအသစ်နှင့် ဆင်ဆာအသစ်၊ သတင်း လွတ်လပ်ခွင့်ပေါ် အာဏာပိုင်တို့၏ တိုက်ခိုက်မှု” လို့ ဆွေးနွေးပွဲကို ခေါင်းစဉ်တပ်ထားပါတယ်။ ဒီဆွေးနွေးပွဲမှာ အင်တာနက်ကိုဆင်ဆာလုပ်တာနဲ့ ဆင်ဆာလုပ်တာကို တန်ပြန်တာတွေနဲ့ပတ်သက်ပြီး နည်းပညာရှုဒေါင့်ကနေ သုံးသပ် ပြောဆိုသွားသူက ကမ္ဘာလုံးဆိုင်ရာ အင်တာနက်လွတ်လပ်ရေးအဖွဲ့ချုပ်က ဒုတိယညွှန်ကြားရေးမှူး ရှီးယု ဂျောင် (Shiyu Zhou) ပါ။

အင်တာနက်ဟာ မြန်မာနိုင်ငံလို လွတ်လပ် ပွင့်လင်းမှုမရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ဆောင်ကျဉ်း ပေးနိုင်မယ့် အရေးပါ ထိရောက်လှတဲ့ မာလ်တီမီဒီယာ ကိရိယာတခု ဖြစ်လာနေပါတယ်လို့ ရှီးယု ဂျောင် က ပြောပါတယ်။ ဒါ့ကြောင့်လည်း လွတ်လပ် ပွင့်လင်းမှုမရှိတဲ့ လူ့အဖွဲ့အစည်းတွေက အစိုးရတွေဟာ အင်တာနက်ကို ဆင်ဆာလုပ်ဖို့ ငွေကြေးတွေ၊ လူအင်အားတွေ၊ နည်းပညာတွေသုံးပြီး အပြင်းအထန် ကြိုးစားလာကြတာပါ။
တဘက်မှာလည်း ရှီးယု ဂျောင်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက် လွတ်လပ်ရေး အဖွဲ့ချုပ် အပါအဝင် အဖွဲ့အစည်း အသီးသီးက နည်းပညာတွေ ဖြန့်ေ၀ အထောက်အပံ့ပြုပြီးတော့ ဆင်ဆာလုပ်တာကို ကျော်လွှားပြီးအသုံးပြုနိုင်ဖို့ တန်ပြန် လုပ်ဆောင်ကြပါတယ်။

“အခုလက်ရှိအချိန်မှာ ဆင်ဆာလုပ်တာကိုကျော်လွှားနိုင်တဲ့ ကျနော်တို့ရဲ့ကွန်ယက်ကို ကမ္ဘာတဝှမ်းက လွတ်လပ် ပွင့်လင်းမှု မရှိတဲ့ လူ့အဖွဲ့အစည်း ၄၀ ကျော်ကနေ တရက်ကို အကြိမ်ပေါင်း သန်း ၅၀၀ ကျော် အသုံးပြုနေပါတယ်။ ဒီထဲမှာ တရုတ် နိုင်ငံက သန်း ၂၂၀၊ အီရန်က သန်း ၁၂၀၊ အာရပ်စော်ဘွားများပြည်ထောင်စုက သန်း ၄၀။ ဆော်ဒီအာရေးဗီးယားနိုင်ငံက ၂၅ သန်း၊ ဆီးရီးယား နိုင်ငံက သန်း ၂၀ နဲ့ မြန်မာနိုင်ငံက ၄ သန်း အသီးသီး အသုံးပြုနေ ကြပါတယ်။”

အပိတ် နိုင်ငံ တခုခုမှာ ထူးခြားတဲ့ ဖြစ်ရပ်တခုခု ဖြစ်ပျက်ပြီဆိုရင် ဆင်ဆာကို ကျော်တဲ့ကွန်ယက်ကို အဲဒီနိုင်ငံကနေ အသုံးပြုတဲ့ အရေအတွက်ဟာ ထိုး တက်သွားတယ်လို့လည်း ရှီးယု ဂျောင်ကပြောပါတယ်။

“ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားမှုကို အစိုးရက နှိမ်နင်းဖြိုခွဲတဲ့အချိန်မှာ ကျနော်တို့ရဲ့ ကွန်ယက်ကို အသုံးပြုတဲ့အရေအတွက်ဟာ လေးဆတိုးသွားခဲ့ပါတယ်။”

ပိုစိတ်ဝင်စားစရာကောင်းတာကတော့ ဖြစ်ရပ်တခုခုဖြစ်ပျက်တာက ပြီးသွားပေမယ့် အသုံးပြုတဲ့အရေအတွက် တိုးသွား တာက ပြန်ကျမသွားဘဲ အဲဒီအတိုင်း ဆက်ပြီးရှိနေတာပါပဲလို့လည်း ရှီးယု ဂျောင်ကပြောပါတယ်။ ဒါ့ကြောင့်လည်း အင်တာနက်ဟာ လွတ်လပ်ပွင့်လင်းမှုမရှိတဲ့ လူ့အဖွဲ့အစည်းတွေ ပြောင်းလဲရေးအတွက် အင်မတန်အရေးပါပါ တယ်လို့ဆိုပါတယ်။

“သတင်းလွတ်လပ်ခွင့်၊ အထူးသဖြင့် အင်တာနက်လွတ်လပ်ခွင့်ဟာ လွတ်လပ်ပွင့်လင်းမှုမရှိတဲ့ လူ့အစည်းတွေမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေ ရရှိဖို့အတွက် အထိရောက်ဆုံး၊ စရိတ်အသက်သာဆုံးနည်းလမ်းဖြစ်တယ်လို့ ကျနော်တို့မြင်ပါတယ်။”

အင်တာနက်ဆင်ဆာကို ကျော်လွှားနိုင်ရေး နည်းပညာပိုင်း အထောက်အပံ့ပြုပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက် လွတ်လပ် ရေးအဖွဲ့ချုပ်က ဒုတိယညွှန်ကြားရေးမှူး ရှီးယု ဂျောင်ပါ။

အင်တာနက်ကိုထိန်းချုပ်ဖို့ ကြိုးစားကြတဲ့ အစိုးရတွေကို နည်းပညာပိုင်း အထောက်အပံ့ပြုနေတဲ့ ကုမ္ပဏီတွေဟာ အနောက်နိုင်ငံ တွေက နည်းပညာကုမ္ပဏီကြီးတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း သတင်းနဲ့ အင်တာနက် လွတ်လပ်ခွင့် အတွက် လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေက အဲဒီကုမ္ပဏီတွေကို ကန့်ကွက်တဲ့လှုပ်ရှားမှုတွေ မကြာခဏ လုပ်လေ့ ရှိပါတယ်။ သိပ်မကြာသေးခင်ကဆိုရင် ထင်ရှားတဲ့ ယာဟူးတို့၊ ဂူဂယ်လ်တို့၊ ဆစ်စကိုကိုတို့လို ကုမ္ပဏီကြီးတွေ တရုတ်အစိုးရရဲ့ အင်တာနက်ထိန်းချုပ်ရေးမှာ အကူအညီ ပေးကြတာကြောင့် အကြီးအကျယ် အဝေဖန်ခံကြရပါသေးတယ်၊

အခုဆိုရင်ဖြင့် အင်တာနက်ပေါ်မှာ ကိုယ်ပိုင်စာမျက်နှာလေးဖွင့်ပြီး ရေးသားပြောဆိုကြတဲ့ ဘလော်ဂါလို့ခေါ်တဲ့ အင်တာနက် သုံးစွဲ သူတွေဟာ အစိုးရတွေရဲ့ပစ်မှတ်တွေဖြစ်လာပါတယ်။

မြန်မာနိုင်ငံဖြစ်ရပ်မှာဆိုရင်လည်း ပြီးခဲ့တဲ့နှစ် သြဂုတ်နဲ့ စက်တင်ဘာလတွေက လောင်စာဆီဈေးတွေတက်တာကို ကန့်ကွက် ဆန္ဒပြပုံတွေ၊ ရွှေဝါရောင်တော်လှန်ရေးရဲ့ ရုပ်ပုံတွေဟာ ဘလော်ဂါစာမျက်နှာတွေကတဆင့် ကမ္ဘာတဝှမ်းကို ချက်ခြင်းဆိုသလို ပြန့်နှံ့သွားခဲ့တာကြောင့် မြန်မာအစိုးရ အငိုက်မိသလိုဖြစ်သွားခဲ့ပါတယ်။ ဒီရုပ်ပုံတွေကြောင့်ပဲ ဂျပန် ဓာတ်ပုံသတင်းထောက် ခန်းဂျိ နာဂအိ သေနတ်နဲ့အပစ်ခံရတဲ့ပုံဟာလည်း ကမ္ဘာတလွှား ထင်ရှားခဲ့ပါတယ်။
အခုလက်ရှိမှာ မြန်မာအစိုးရဟာ ထင်ရှားတဲ့ လူရွှင်တော် ဘလော်ဂါ ကိုဇာဂနာနဲ့ ကိုနေဘုန်းလတ်တို့အပါအဝင် ဘလော်ဂါ တချို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ လွတ်လပ်ခွင့်ဆိုင်ရာလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကပြောကြပါတယ်။ ဒီ့အတွက်လည်း မြန်မာအစိုးရဟာ နိုင်ငံတကာက အဆက်မပြတ်ဝေဖန်တာကို ခံနေရပါတယ်။

ဒါပေမယ့် မြန်မာအာဏာပိုင်တွေကတော့ ဒီနေ့အချိန်ထိ သူတို့ရဲ့တင်းကျပ်မှုကို လာမယ့် လပိုင်းနှစ်ပိုင်းတွေမှာ လျှော့ပေါ့ ပေးမယ့် အရိပ်လက္ခဏာမတွေ့ရသေးပါဘူး။ တဘက်မှာလည်း ရှီးယု ဂျောင်ပြောသလို အင်မတန် ထိရောက်ပြီး ကုန်ကျစရိတ် သက်သာလှတဲ့ ဒီ အင်တာနက်ကိရိယာကိုအသုံးပြုပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီဖော်ဆောင်ဖို့ ကြိုးစားသူတွေကလည်း ဆက်ရှိ နေဦးမှာပဲလို့ သုံးသပ် ပြောဆိုကြကြောင်းပါခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG