သုံးရလွယ်ကူစေသည့် Link များ

မြန်မာစစ်အစိုးရကို ပိုမို ဖိအားပေးရေး အမေရိကန်နဲ့ ဗြိတိန် တိုက်တွန်း


်မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို စစ်အစိုးရဖက်က မသိကျိုးကျွံပြုနေတာနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးဖို့ ပျက်ကွက်နေတာတွေကြောင့် စစ်အစိုးရအပေါ် ပိုမို ဖိအားပေးလုပ်ဆောင်ဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နဲ့ ဗြိတိန် သံအမတ်ကြီးတွေက တောင်းဆိုလိုက်ကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်ကနေ ၂၃ ရက်နေ့ အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ မစ္စတာ ဂမ်ဘာရီက သူ့ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံမှာ တင်ပြအပြီး အခုလို ပြောဆိုလိုက်ကြတာပါ။ ဒီအကြောင်း ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ခရီးစဉ်နဲ့ ပတ်သက်ပြီး မနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အစီရင်ခံခဲ့ပါတယ်။ မစ္စတာ ဂမ်ဘာရီတင်ပြခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေအကြား ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဇာမေး ခါလီဇက် (Zalmay Khalilzad) က ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကျနော်တို့ ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ နိုင်ငံရေး ဦးတည်ချက် ၂ ရပ်ဖြစ်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ဦးတည်စေမယ့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွတ်ပေးရေး စတဲ့ကိစ္စတွေမှာ သိသာတဲ့ တိုးတက်ပြောင်းလဲမှုတွေ ရှိမလာခဲ့ဘူးလို့ ပရော်ဖက်စာ ဂမ်ဘာရီ တင်ပြလာတဲ့အပေါ် အမေရိကန်နဲ့ တခြား တိုင်းပြည် တော်တော်များများက ယူဆခဲ့ပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီက အကြိမ်ကြိမ်လည်း ထုတ်ဖော် ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ အခုလို တိုးတက်မှု တစုံတရာ မရှိတာကြောင့် ဒီ ဦးတည်ချက် ၂ ရပ် အကောင်အထည် ဖော်ဆောင်နိုင်ရေး ကုလသမဂ္ဂ ကြားဝင် ဆောင်ရွက်ပေးနေတဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည် ဆန်းစစ်ပြီး စစ်အစိုးရပေါ် ပိုမို ဖိအားပေးသင့်တယ်လို့ သံအမတ်ကြီး ခါလီဇက် က ပြောပါတယ်။

“ဒီကိစ္စ ၂ ရပ်စလုံးနဲ့ပတ်သက်ပြီး စစ်အစိုးရအပေါ် ဒီထက်ပို ဖိအားပေး လုပ်ဆောင်သင့်တယ် လို့ ကျနော်တို့ ယူဆပါတယ်။ အဓိကပြဿနာက စစ်အစိုးရရဲ့ ပေါ်လစီတွေကြောင့် ဖြစ်နေတာပါ။ ဒီအပေါ် ဘယ်လို ပြင်ဆင်မှုတွေလုပ်ဆောင်ပြီး ချဉ်းကပ်သင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ အတော်လေး ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။”

စစ်အစိုးရဖက်က ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ဖို့ ပျက်ကွက်နေတာနဲ့ လုပ်ဆောင်လိုစိတ်မရှိတဲ့ ကိစ္စတွေကိုလည်း တခြား မိတ်ဆွေနိုင်ငံတွေနဲ့ သူ့အနေနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း မစ္စတာ ခါလီဇက်က ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး John Sawers ကလည်း စစ်အစိုးရဖက်က အခုလို မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး ဖော်ဆောင် နှောင့်နှေး ပျက်ကွက် နေတာကြောင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းတွေ အမြန်ဆုံး ဖော်ဆောင်နိုင်အောင် ကုလသမဂ္ဂရဲ့ ရပ်တည် လုပ်ဆောင်ချက်တွေကို ပြန်လည် သုံးသပ်သင့်တယ်လို့ ဆိုပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီကြီးတခုလုံးအနေနဲ့ရော၊ ကျနော်တို့ နိုင်ငံတခုချင်းစီ အနေနဲ့ရော မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲ ဆိုတာနဲ့ပတ်သက်ပြီး ပြန်လည် သုံးသပ်ကြဖို့ လိုအပ်နေပါပြီ။”

ဒါ့အပြင် မစ္စတာ ဂမ်ဘာရီရဲ့ အခုနောက်ဆုံး ခရီးစဉ်အပေါ် စစ်အစိုးရရဲ့ ဆက်ဆံမှုကို စိတ်ပျက်မိကြောင်းလည်း မစ္စတာ Sawers က ပြောပါတယ်။

“မစ္စတာ ဂမ်ဘာရီရဲ့ အခုနောက်ဆုံး ခရီးစဉ်အပေါ် စစ်အစိုးရရဲ့ ပြုမူ ဆက်ဆံခဲ့တဲ့အပေါ် ကျနော်တို့ အတော်လေး စိတ်ပျက်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံ အင်အားစုတွေနဲ့ စစ်အစိုးရအကြား တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လုံခြုံရေးကောင်စီက လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက ရည်မှန်းချက်တွေကို ချမှတ်လုပ်ဆောင်ခဲ့တာပါ။”

ကုလမသဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း စစ်အစိုးရဖက်က နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်နေတဲ့အပေါ် စိတ်ပျက် မိကြောင်း လုံခြုံရေးကောင်စီ စည်းဝေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မစ္စတာ ဂမ်ဘာရီရဲ့ နောက်ဆုံး မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရကြား တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်စနိုင်ဖို့ကိစ္စ စတဲ့ ကုသလမဂ္ဂဖက်က မျှော်လင့်ထားတာတွေထက် အများကြီး လျော့ကျခဲ့တဲ့အကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ပြောခဲ့ပေမယ့် မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်ကို မအောင်မြင်တဲ့ ခရီးစဉ်လို့ ပြောဖို့ သူက ငြင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကိစ္စကို သံတမန်ရေးနည်းလမ်းနဲ့ ဖက်ပေါင်းစုံက ကြိုးစား လုပ်ဆောင်သွားမယ့် အကြောင်းပဲ သူက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်အတွင်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သိန်းရွှေနဲ့ တွေ့ဆုံခွင့်မရခဲ့သလို ဒေါ်အောင်ဆန်စုကြည်ကလည်း သူနဲ့ တွေ့ဆုံဖို့ ငြင်းဆိုခဲ့တဲ့အတွက် ဒီခရီးစဉ်ဟာ အောင်မြင်ခြင်းမရှိဘူးလို့ NLD အပါအ၀င် အတိုင်အခံ အင်အားစုတွေဖက်က ပြောဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG