သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေ အာဏာခွဲဝေရေး ညီညွတ်သောအစိုးရ ဖွဲ့ဖို့ သဘောတူ


ဇင်ဘာဘွေနိုင်ငံမှာ သမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) နဲ့ အတိုက်အခံခေါင်းဆောင် မော်ဂန်ရှန်ဂရိုင်း (Morgan Tsvangirai) တို့အကြား အာဏာခွဲဝေရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး လိုက်ကြပါတယ်။ ဇင်ဘာဘွေရဲ့ နှစ်ရှည်ကြာခဲ့တဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ချုပ်ငြိမ်းဖို့ ရည်ရွယ်ပြီး အခုလို လက်မှတ်ရေးထိုး လိုက်ကြတာပါ။ ဒီလို သဘောတူညီချက်ရဖို့အတွက် တောင်အာဖရိက နိုင်ငံက သီတင်းပတ် အတော်ကြာ ကြားဝင်စေ့စပ်ခဲ့တာ ဖြစ်ပါတယ်။ ဗွီအိုအေ တောင်အာဖရိက တောင်ပိုင်း ဗျုရို ဂျွန်ဟန်းနားစ်ဘတ်စ် မြို့ကနေ ကနေ Scott Bobb သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

အခုလို ဇင်ဘာဘွေနိုင်ငံမှာ သမ္မတ ရောဘတ် မူဂါဘီ နဲ့ အတိုက်အခံခေါင်းဆောင် မော်ဂန်ရှန်ဂရိုင်း တို့အကြား အာဏာခွဲဝေရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ညီညွတ်တဲ့ အစိုးရ ဖွဲ့စည်းရေး အတွက် လုပ်ဆောင်လိုက်တာကို ကြာသပတေးနေ့ ညနေပိုင်းက တောင်အာဖရိက သမ္မတ သာဘို အမ်ဘီးခီး (Thabo Mbeki) က ကြေညာခဲ့တာပါ။

စေ့စပ်ညှိနှိုုင်းချက်တွေအရ ပါရှိတဲ့ အစီအစဉ်အားလုံးကို သဘောတူညီချက်တွေ ချမှတ်လိုက်နိုင်ပါပြီ၊ တနင်္လာနေ့မှာ တရားဝင် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပမှာဖြစ်ပါတယ်။

ဇင်ဘာဘွေနိုင်ငံရဲ့ အာရုဏ်ဦးသစ် ဆိုပြီး ဖော်ပြပြောဆိုတဲ့ သဘောတူညီချက်တွေကို ခေါင်းဆောင်တွေ အားလုံး လက်ခံ သဘောတူလိုက်ပါပြီ ဆိုပြီး မစ္စတာ အမ်ဘီးကီး က ပြောဆိုပါတယ်။

သဘောတူညီချက် အသေးစိတ်ကိုတော့ တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာဖို့ ရှိပါတယ်။ ဒါပေမယ့်လည်း သဘောတူညီချက်ပါ အချက်တွေအရ လက်ရှိ သမ္မတ မူကာဘီးရဲ့ ဇန်နု ပီအက်ဖ် ပါတီက ဝန်ကြီးနေရာ ဆယ့်ငါးနေရာကို ရယူမှာ ဖြစ်ပါတယ်။ မော်ဂန်ရှန်ဂရိုင်း ဦးဆောင်တဲ့ အတိုက်အခံ ဒီမိုကရေစီ ပြောင်းလဲရေး ပါတီကတော့ ဝန်ကြီးနေရာ ဆယ့်သုံးခု ကို ရမှာဖြစ်ပါတယ်။ အာသာ မူတန်ဘာရာ (Arthur Mutambara) ဦးဆောင်တဲ့ အဖွဲ့ငယ်လေးက ဝန်ကြီးနေရာ သုံးနေရာကို ရမှာ ဖြစ်ပါတယ်။

အတိုက်အခံ ခေါင်းဆောင် မိုဂန် ရှန်ဂရိုင်း အနေနဲ့ အခု အသစ် ဖန်တီးလိုက် ဝန်ကြီးချုပ်ရာထူးကို ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိုင်းပြည်ရဲ့ ဦးစီးဦးဆောင် အဖြစ်တော့ မစ္စတာ မူဂါဘီ ကပဲ ဆက်ပြီး ရယူထားမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အတိုက်အခံတွေအနေနဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ ဒုတိယ ဝန်ကြီးချုပ်ရာထူး နှစ်နေရာကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ပါလီမန်ရွေးကောက်ပွဲမှာ အတိုက်အခံတွေက အများစု အနိုင်ရခဲ့ပြီး သမ္မတ ရွေးကောက်ပွဲ ပထမအကြိမ်မှာ မော်ဂန်ရှန်ဂရိုင်း က ရောဘတ်မူဂါဘီ ကို အနိုင်ရခဲ့ပါတယ်။ ဇင်ဘာဘွေ နိုင်ငံမှာ မရေရာမှုတွေ လနဲ့ချီ ပေါ်ပေါက်ခဲ့ပါတယ်။ အခု သဘောတူညီချက်က လနဲ့ချီ ကြာခဲ့တဲ့ မရေရာမှုတွေကို အဆုံးသတ်စေခဲ့တာ ဖြစ်ပါတယ်။

သမ္မတရွေးကောက်ပွဲ တကျော့ပြန် ကျင်းပတဲ့အချိန်မှာ အတိုက်အခံခေါင်းဆောင် မော်ရန် ရှန်ဂရိုင်း နုတ်ထွက်ခဲ့ပါတယ်။ ဇင်ဘာဘွေ နိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ အတိုက်အခံအဖွဲ့က လူ ၁၀၀ ကျော် သေဆုံးခဲ့တဲ့ အကြမ်းဖက်မှုတွေကို အစိုးရကိုယ်တိုင်က ကျုးလွန်ခဲ့တာဆိုပြီး မော်ဂန်ရှန်ဂရိုင်း နုတ်ထွက်ခဲ့တာပါ။

အခု ဇင်ဘာဘွေ ညီညွတ်တဲ့ အစိုးရ ဖွဲ့စည်းနိုင်လိုက်တာက ဇင်ဘာဘွေရဲ့ စီးပွားရေးကို တည်ငြိမ်လာအောင် တည်ဆောက်နိုင်မယ် လို့ ခေါင်းဆောင်တွေက မျှော်လင့်ထားကြပါတယ်။ ငွေကြေးဖောင်းပွမှုတွေ မတန်တဆ၊ အလွန်အကျွံ ကြုံတွေနေရတာ၊ အလုပ်လက်မဲ့ ၈၀ % ရှိနေတာတွေက စီးပွားရေး တိုးတက်လာမယ်လို့ မျှော်လင့်ကြတာ ဖြစ်ပါတယ်။ ဒီလို ညီညွတ်မှုတွေ ရလာတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ဂတိကဝတ်တွေ ပေးထားတဲ့ ပြန်လည် တည်ဆောက်ရေး အကူအညီ ဒေါ်လာသန်း ထောင်ချီတဲ့ အကူအညီတွေ ရလာလိမ့်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG