သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာခရီးစဉ် အပေါ် ဝေဖန်မှုများ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး မစ္စတာ အီဗရာဟင် ဂမ်ဘာရီက သူရဲ့ မြန်မာပြည် ခရီးစဉ် ရလာဒ်ဟာ သူရည်မှန်းထားတဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေးကိစ္စ၊ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်ဖို့ ကိစ္စတို့မှာ ရည်ရွယ်ထားသလို ဖြစ်မလာဘူးလို့ ပြောပါတယ်။ အခုလို ပျက်ကွက်မှုတွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံနဲ့ အမေရိကန် နိုင်ငံ သံအမတ်ပြီးတွေက စစ်အစိုးရကို ပိုပြီးဖိအားပေးဖို့ တောင်းဆိုလိုက်ပါတယ်။

လုံခြုံရေးကောင်စီမှာ စက်တင်ဘာ ၁၁ရက်နေ့က ပြုလုပ်ခဲ့တဲ့ မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာပြည်အကြောင်း သတင်းစာ ရှင်းလင်းပွဲ အပြီး မြန်မာစစ်အစိုးရအနေနဲ့ တကယ့် အကျိုးရှိအောင်လုပ်ဖို့ရော၊ အဓိကကျတဲ့ အကြံပေးချက်တွေ၊ စိုးရိမ်မှုတွေကို တုန့်ပြန်ဆောင်ရွက်ဖို့ က အရေးကြီးပါတယ်လို့ သတင်းထောက်တွေ ပြောပါတယ်။

"မြန်မာအစိုးရက ကျနော့်ရဲ့ခရီးစဉ်ကို လက်ခံခဲ့ပေမယ့် ဒီခရီးစဉ်အတွင်း ကျနော့်ရဲ့ အဆိုပြုချက်တချို့နဲ့ နောက်ဆုံး တခေါက် ခရီးစဉ်အတွင်း ကျနော်အဆိုပြုခဲ့တဲ့ အချက်တွေကို မျှော်မှန်းထားတဲ့အတိုင်း မြန်မာအစိုးရက ပြည့်မီအောင် ဆောင်ရွက်ဖို့ အတော်လိုနေပါသေးတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပြောဆိုဖို့ ဆိုတဲ့အချက်တွေ မလုပ်ဆောင်ခဲ့ပါဘူး။ ဒါကြောင့် ကျနော်တို့ အဓိက စိုးရိမ်မကင်း ဖြစ်ရတာတွေနဲ့ အကြံပြုတာတွေကို မြန်မာ အစိုးရအနေနဲ့ ဒီအချိန်မှာ မဖြစ်မနေ ဆောင်ရွက်ပေးရ ပါလိမ့်မယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် တွေ့ခွင့် မရခဲ့တဲ့ အကြောင်းကို သူ မသိကြောင်း မစ္စတာ ဂမ်ဘာရီက ဆက်ပြီး ရှင်းပြပါတယ်။

"ရိုးသားစွာဝန်ခံရရင် ဘာကြောင့်မှန်းမသိပါဘူး။ အရင်ခရီးစဉ်တွေမှာ ကျနော်နဲ့ ဆက်ဆံခဲ့တုန်းက ပြောခဲ့တာတွေနဲ့ ကွဲလွဲနေခဲ့ပါတယ်။ ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၇ ကြိမ် တွေ့ခဲ့ပြီးပါပြီ။ ခရီးစဉ် ၅ ခေါက်မှာ တခေါက်က ၂ကြိမ်တွေ့ခဲ့ရပါတယ်။ သူနဲ့အစိုးရကြား ဆွေးနွေးကြတဲ့နေရာမှာ ကုလသမဂ္ဂက အချက်အချာကျကျ ပါဝင်တာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံထားပါတယ်။ နောက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပရေးကိုလည်း လိုလားပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဇာမေး ခါလီဇတ်ကတော့ စစ်အစိုးရရဲ့ ဒီမိုကရေစီရေး လုပ်ငန်းတွေ တိုးတက်ဖို့အရေး လိုလိုလားလား မရှိနေတာတွေကို ကြည့်ပြီး ဝေဖန်ခဲ့ပါသေးတယ်။

“မိမိတို့ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ကိစ္စမှာ တကယ်ပဲ နှစ်မြုပ်ပြီး လုပ်ကိုင်နေသလားဆိုတာ ကိုယ့်ဟာကိုပဲ ပြန်မေးရတော့မှာ ဖြစ်ပါတယ်”

ဗြိတိန် သံအမတ်ကြီး ဂျွန် စောဝါးက စစ်အစိုးရဘက်က ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းတွေ ပျက်ကွက်နေတာကြောင့် ကုလသမဂ္ဂရဲ့ ရပ်တည်လုပ်ဆောင်ချက်တွေကို ပြန်လည် သုံးသပ်ဖို့ လိုပြီးလို့ ပြောပါတယ်။

“ကုလသမဂ လုံခြုံရေး ကောင်စီကြီး တခုလုံးအနေနဲ့ ရော၊ ကျွန်တော်တို့ နိုင်ငံတခုချင်းစီအနေနဲ့ရော အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဘယ်နည်းလမ်းက အကောင်းဆုံ ဖြစ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ကြဖို့ လိုအပ်နေပါပြီ။ ”

မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို သြဂုတ်လထဲမှာ သွားရောက်ခဲ့တာဖြစ်ပြီး နိုင်ငံရေး အပြောင်းအလဲအတွက် အဓိကကျတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရော စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေနဲ့ပါ တွေ့ခွင့် မရခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG