သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီလာသိန်း ဖမ်းဆီးမှု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ စိုးရိမ်


မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်း ဟာ ကြမ်းကြမ်းတမ်းတမ်း စစ်ကြော မေးမြန်းမှုတွေ ခံနေရတယ် ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက စိုးရိမ်မိတယ် လို့ ဗြိတိန်အခြေစိုက် Amnesty International အဖွဲ့ရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ အတွင်းရေးမှူး ဟိုက်ဒါ ကီကာဖို က အခုလို ပြောပြပါတယ်။

“မနီလာသိန်းဟာ ရိုက်နှက်စစ်ဆေး မေးမြန်းမှုတွေ ခံနေရတယ် ဆိုတဲ့သတင်းတွေ အတွက် အင်မတန် စိုးရိမ်ပူပန် ပါတယ်။ နှစ်ပေါင်းများစွာ မိသားစုနဲ့ဝေး ထွက်ပြေးနေရတဲ့ မနီလာသိန်း ဟာ စိတ်ပိုင်းဆိုင်ရာ ဘယ်လောက် ထိခိုက်နေမလဲ ဆိုတာ ကျနော်တို့ ကိုယ်ချင်းစာမိပါတယ်။ အခုလို ရုတ်တရက် အဖမ်းခံရပြီးတော့ သူ့ကို ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးမှုတွေ ထပ်မံ ပြုလုပ်မယ် ဆိုရင်တော့ ကျနော်တို့ မတွေးဝံ့လောက်အောင် ပါပဲ။ သူ့ကို အာဏာပိုင်တွေက သည်းသည်းမဲမဲ လိုက်ရှာနေတာလည်း ကြာပြီဆိုတော့ အငြိုးထားပြီး နှိပ်စက်မှာကို ကျနော်တို့ အင်မတန် စိုးရိမ်ပါတယ်။” - လို့ ဟိုက်ဒါ က ပြောပြခဲ့ပါတယ်။

ဒါကြောင့်မို့ မနီလာသိန်း နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတခုအကြောင်းကိုလည်း ဟိုက်ဒါ က အခုလို ဆက်ပြောပြပါတယ်။

“ကျနော်တို့ Amnesty International အဖွဲ့သားတွေ လူတွေ၊ လူ့အခွင့်အရေး လေးစားလိုက်နာသူတွေ က မနီလာသိန်း နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ အပေါ်မှာ ရိုက်နှက်ဆက်ဆံမှု၊ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်စစ်ဆေးမှုတွေ မလုပ်ဖို့ မြန်မာစစ်အစိုးရကို ကျနော်တို့ အရေးပေါ် တောင်းဆိုချက်တခု လုပ်ထားပါတယ်။ ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှု ပေးရမှာဖြစ်သလို မနီလာသိန်းကိုလည်း လွှတ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။” - လို့ ဟိုက်ဒါ က ပြောပါတယ်။

တကယ်တော့ Amnesty International အဖွဲ့ကြီးဟာ ၈၈ အရေးတော်ပုံကြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ဖမ်းဆီးပြီးတဲ့နောက် မြန်မာ့အရေးအတွက် ပိုပြီး ထင်ထင်ရှားရှား လှုပ်ရှားလာတဲ့အဖွဲ့ တခု ဖြစ်ပါတယ်။ Amnesty International အဖွဲ့အနေနဲ့ မနီလာသိန်းအတွက် တောင်းဆိုမှုတွေအပေါ်မှာ လိုက်လျောမယ်လို့ မျှော်လင့်ပါသလား လို့ ဟိုက်ဒါ ကို မေးကြည့်ပါတယ်။

“မကြာသေးခင် လပိုင်းအတွင်းကပဲ နိုင်ငံရေးအကျဉ်းသားတွေ ရဲ့ အခြေအနေ နဲ့ပတ်သက်ပြီး ကျနော်တို့ တင်ပြခဲ့ပါတယ်။ နောက်တော့ နိုင်ငံရေး အကျဉ်းသားတချို့ ဆေးကုသခွင့် လိုက်လျောတဲ့အဆင့်ကို ကျနော်တို့ ရခဲ့ပါတယ်။ အပြည့်အစုံ ထိရောက်မှု ရှိတယ် မရှိဘူး ဆိုတာထက် မြန်မာအကျဉ်းထောင် တွေထဲမှာ ဘာတွေ ဖြစ်နေသလဲ၊ ဘာတွေ ကြုံတွေ့နေရသလဲ ဆိုတာကို နိုင်ငံတကာကို တင်ပြပေးနိုင်ခြင်းဟာ အဓိက ဖြစ်ပါတယ်။ ဒါကြောင့် မနီလာသိန်း နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုကို ကျနော်တို့ ချက်ချင်းလုပ်ခဲ့တာပါ” - လို့ အရှေ့တောင်အာရှ အတွင်းရေးမှူး ဟိုက်ဒါ ကီကာဖို က ပြောပြခဲ့ပါတယ်။

မနီလာသိန်း ရဲ့ခင်ပွန်း ကိုဂျင်မီ လို့ခေါ်တဲ့ ကိုကျော်မင်းယု ဟာလည်း မနှစ်က လောင်စာဆီဈေး မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုတွေမှာ အဖမ်းခံထားရသူ ဖြစ်ပါတယ်။ အဲဒီအချိန်တွေကတည်းက မနီလာသိန်း ဟာ လသားအရွယ် သမီးငယ်လေးကို ပစ်ပြီး ထွက်ပြေးတိန်းရှောင်နေရင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG