သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်း အိုက် တက်ခ်ဆက်ပြည်နယ်ကို စဝင်ပြီ


ဟာရီကိန်း အိုက် ဟာ တက်ခ်ဆက် ကမ်းခြေကို ဝင်ရောက်လာနေပြီ ဖြစ်ပြီးတော့ ရေတွေလည်း ကြမ်း၊ လှိုင်းတွေလည်း ထန် နဲ့ အမေရိကန်ပြည်ထောင်စုတွင်း ကြီးကျယ်တဲ့ ဘေးဆိုးကြီး တခု ဖြစ်မှာပါ။ အခုချိန်ဟာ ဒေသစံတော်ချိန် သောကြာနေ့ ညနေပိုင်း ဖြစ်နေသေးပြီးတော့ အခုဆိုရင် မုန်တိုင်းကြောင့် ဂယ်လ်ဗက်စတန် ကျွန်းက မြို့ နံရံတွေ လှိုင်းလုံးကြီးတွေ ကျော်ဝင်လာနေပြီးတော့ လူတွေ တက်လာတဲ့ရေတွေ ကြားထဲမှာ ပိတ်မိနေသလို လူဝီစီယားနားပြည်နယ်မှာ ရေကာတာတွေလည်း ကျိုးပေါက်ခဲ့ရပါတယ်။

မက္ကဆီကို ပင်လယ်ကွေ့မှာ မောင်းလို့မရတော့တဲ့ ကုန်တင်သင်္ဘောတွေ လှိုင်းကြားထဲမှာ လူးလိမ့်နေကြပါတယ်။ ဒီ အိုက် ဟာရီကိန်းဟာ သူ့ရဲ့ မုန်တိုင်းပြင်းအားတူ အမျိုးအစားထဲမှာတော့ အဆိုးဆုံးအမျိုး ဖြစ်တယ်လို့ အမေရိကန်ပြည်တွင်းလုံခြုံရေး ဝန်ကြီး မိုက်ကယ် ချားရော့ဖ် က ပြောပါတယ်။ ဒေသခံတွေ အနေနဲ့ အရာရှိတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ မုန်တိုင်းလွတ်ရာကို ပြေးရင်ပြေး ဒါမှမဟုတ်ရင် အမိုးအကာထဲမှာ ဝင်နေကြဖို့ တိုက်တွန်းပါတယ်။

သာမန် ဒီရေတက်တဲ့ ရေမျက်နှာပြင်ထက် ပေ ၂၀ ကျော်အောင်လို့ ပိုမြင့်တဲ့ လှိုင်းလုံးတွေ တက်လာနိုင်တယ်လို့ အမျိုးသား ဟာရီကိန်း ဌာန က ကြေညာပါတယ်။ ကမ်းရိုးတန်းက ဂယ်လ်ဗက်စတန် ကျွန်းမှာဆိုရင် နှစ်ထပ်တိုက်တွေမှာ နေကျန်ခဲ့မယ် ဆိုရင်တော့ မုန်တိုင်းကျလာရင် သေချာပေါက် သေဆုံးနိုင်ဖွယ် ရှိတယ်လို့ အာဏာပိုင်တွေက သတိပေးထားတာပါ။

မုန်တိုင်းဟာ ဒေသစံတော်ချိန် ညနှောင်း ဒါမှမဟုတ် စနေ မနက်အစောပိုင်းမှာ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ လူတွေ သောင်းသိန်းချီပြီးတော့ ကမ်းရိုးတမ်းဒေသတွေကနေ ထွက်ခွာနေကြပါတယ်။ တက်ခ်ဆက်ပြည်နယ်မှာ ကျရောက်မယ့် အိုက် မုန်တိုင်းရဲ့ သတိပေးတားမြစ်ချက်ကို တက်ခ်ဆက် ဒေသခံတချို့ အစောပိုင်းက ဥပက္ခာပြုထားခဲ့ပေမယ့် သူတို့ကို ရေတက်လာတဲ့နေရာကနေ ကယ်ယူခဲ့ရတာပါ။


ဒီမုန်တိုင်းဟာ အကြီးအကျယ် အန္တရာယ်ပြုနိုင်တာမို့ ဒီကပ်ဆိုးရဲ့ နောက်ဆက်တွဲ အခြေအနေကို ကိုင်တွယ်ဖို့ အာဏာပိုင်တွေက ပြင်ဆင်နေကြပါတယ်။ သမ္မတ ဘုရှ်ကိုယ်တိုင် တက်ဆက် ပြည်နယ် အုပ်ချုပ်ရေးမှူး နဲ့ စကားပြောခဲ့ပြီးတော့ အခြေအနေကို သူ သေချာ စောင့်ကြည့်နေမယ်လို့ ပြောကြားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG