သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက်ခ်ဆက်ပြည်နယ် ဟာရီကိန်းဒဏ် အပြင်းအထန် ခံရ


ဟာရီကိန်း မုန်တိုင်း ဟာ တက်ခ်ဆက် ကမ်းခြေ ကို ဝင်ရောက်ခဲ့ပါပြီ။ ဂယ်လ်ဗက်စတန် (Galveston) ကျွန်း ကို လေပြင်းတွေတိုက်၊ လှိုင်းတွေ ရိုက်ခဲ့ပါတယ်။ ပင်လယ်လှိုင်းတွေကြောင့် ကမ်းခြေ က အိမ်တွေ ပျက်ဆီးခဲ့ကြပြီး၊ လမ်းတွေ ရေလွှမ်းသွားခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် Greg Flakus ဟူစတန် ကနေ သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ဒီ ဟာရီကိန်း မုန်တိုင်း ကို ပြင်ဆင်ဖို့ သူတို့ လုပ်နိုင်တာတွေ အကုန်လုပ်ခဲ့ကြပါတယ်လို့ ဒေသခံ နဲ့ ပြည်နယ် အရာရှိတွေ က ပြောကြပါတယ်။ အခုအခါမှာတော့ သူတို့ ဟာ ဟူစတန် ဒေသ ကို မုန်တိုင်း ဖြတ်သန်းသွားဖို့ စောင့်နေကြပါတယ်။ ဟူစတန် မြို့ အောက်ပိုင်း ကမ်းခြေဒေသ က လူပေါင်း ၁ သန်း ၂ သိန်း ကို သူတို့ အရပ်ကနေ ရွှေ့ပြောင်းပေးပြီးခဲ့ပြီလို့ ပြည်နယ် အရာရှိတွေ က ပြောကြပါတယ်။ အတွင်းပိုင်း ပိုကျကျ မှာ နေထိုင်သူတွေ ကိုတော့ အိမ်ထဲမှာပဲ မုန်တိုင်း ဖြတ်သွားပြီးတဲ့အထိ ခိုနေကြဖို့ တိုက်တွန်းထားပါတယ်။

မြို့ဝန်းကျင် မှာ နားခိုရာ စခန်းတွေ ကို ကြက်ခြေနီ နဲ့ တချို့ အစိုးရ ဌာနတွေ ကို လေမုန်တိုင်း ကျအပြီး၊ အိမ်တွေ ကို စွန့်ထားခဲ့ဖို့ လိုသူတွေ အတွက် ဖွင့်ထားပြီးပြီလို့ ဟူစတန် မြို့တော်ဝန် Bill White က ပြောပါတယ်။ ဒါပေမဲ့ အဲဒီ စခန်းတွေ က အခု ဘယ်သူ့ ကို မှ လက်ခံဖို့ အသင့် မဖြစ်သေးဘူး လို့ သူ က ဆိုပါတယ်။

“လျှပ်စစ်အား ရနိုင်တာ ကို ကျွန်တော်တို့ ကြည့်ရပါလိမ့်မယ်။ အဲဒီ စခန်းတွေ မှာ လူတွေ ခန့်ထားရပါမယ်။ ကြက်ခြေနီ ဆိုရင် သူ့ အဖွဲ့ လုပ်အားပေးတွေ ပါပါမယ်။ လူတွေ ကို လုံလောက်အောင် ပေးနိုင်ဖို့ အစားအသောက် နဲ့ ရေ ရှိရပါမယ်။ မုန်တိုင်းကျအပြီး နားခိုဖို့ တော်တော်ကြီး စဉ်းစားလုပ်ထားတဲ့ စီမံကိန်း ရှိပါတယ်။”

ဒီနေရာမှာ သူ့ အလုပ်တွေ ကို လုပ်နိုင်ဖို့ ကြက်ခြေနီ က ငွေချေးထားရပါတယ်။ အရင်အပတ် လူဝီစီယာနား ပြည်နယ် ကို ဝင်ရောက်သွားခဲ့တဲ့ ဟာရီကိန်း ဂုစတာ့ဗ် နဲ့ အရှေ့ဘက် ကမ်းခြေ ကို ဝင်သွားတဲ့ ဟာရီကိန်း ဟာနာ တုံး က ကယ်ဆယ်ရေး အလုပ်တွေ လုပ်ဖို့ ငွေတွေ ကို သုံးလိုက်ရတဲ့အတွက် အခု ကြက်ခြေနီ က အကြွေးတင်နေပါပြီ။

ဗဟိုအစိုးရ ဌာနတွေ ကလည်း ဟာရီကိန်း လွန်သွားတဲ့ အခြေအနေအတွက် ပြင်ဆင်နေပါတယ်။ ဒီ အခြေအနေ မှာ မုန်တိုင်းထဲ သောင်တင်နေကြမယ့် သူတွေ ကို ကယ်တင်ရေးလည်း ပါဝင်ပါတယ်။ မုန်တိုင်းကြောင့် မိုးသက် လေပြင်းကြီး ကျတဲ့ ဒဏ် ကို ခံလိုက်ရမယ့် ဒေသ က လူတွေ သန်းပေါင်းများစွာအတွက် အစားအသောက်၊ ရေ၊ နဲ့ နားခိုစရာတွေ ကို ပေးဖို့ ကြိုးစား လုပ်ကိုင်ထားတာတွေလည်း အဲဒီ မုန်တိုင်းလွန် အခြေအနေထဲ မှာ ပါပါတယ်။

ဝါရှင်တန် မှာတော့ မုန်တိုင်း ကျအပြီး ကူညီဖို့ ဗဟိုအစိုးရ ရဲ့ ဝန်ထမ်းတွေ နဲ့ အရင်းအမြစ်တွေ ကို အဲဒီ ဒေသမှာ ချထားပြီး ဖြစ်တယ်လို့ သတင်းထောက်တွေ ကို အမိမြေ လုံခြုံရေး ဝန်ကြီး မိုက်ကယ် ချားတော့ဖ် က ပြောပါတယ်။

“ဒုက္ခရောက်တာ သက်သာအောင်၊ အသက်တွေ ကယ်တင်ရအောင်၊ အစိုးရ အဆင့်တိုင်းမှာ အားကြိုးမာန်တက် အလုပ်လုပ်အောင် ကျွန်တော်တို့ မြန်မြန်ဆန်ဆန် ဝင်ရောက် လုပ်ကိုင်မှာပါ။ ပုဂ္ဂလိက ကဏ္ဍ ကလည်း လိုနေတဲ့ သူတွေ ဆီ အစားအသောက် နဲ့ ရေ အင်နဲ့အားနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး ရောက်ရှိအောင်၊ ကျန်းမာရေး အဖွဲ့တွေကလည်း နာမကျန်းသူတွေ နဲ့ ဒဏ်ရာရသူတွေ ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်အောင်၊ ပြန် နလန်ထတာ မြန်နိုင်သမျှ မြန်အောင် ကျွန်တော်တို့ မြန်မြန်ဆန်ဆန် ဝင်လုပ်ကြမှာပါ။ ”

မုန်တိုင်းကျပြီးတဲ့အခါ၊ အိမ်ပေါင်း ၃ သန်းကျော်၊ စုစုပေါင်း လူပေါင်း ၇ သန်း ၈ သိန်း ဟာ လျှပ်စစ်မီး ပြတ်သွားလိမ့်မယ် လို့ ဗဟို အစိုးရ အရာရှိတွေ က ခန့်မှန်းကြပါတယ်။ ပျက်ဆီးတဲ့ အတိုင်းအတာ ပေါ် မူတည်ပြီး၊ အဲဒီ အရပ်တွေ မှာ မရှိမဖြစ် ဝန်ဆောင်မှုတွေ ပြန်လည်ရရှိအောင် လုပ်ဖို့ ရက်သတ္တပေါင်း များစွာ ကြာနိုင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG