သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ထိပ်တန်းဘဏ်ကြီး ဒေဝါလီခံ


အမေရိကန်ပြည်ထောင်စုက စတုတ္ထအကြီး
ဆုံး ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးဖြစ်တဲ့ လီမန်
ဘရားသားစ် (Lehman Brothers) ဘဏ်ကြီး
ဒေဝါလီခံပါတော့မယ်။ ဒေဝါလီဆိုင်ရာ
ကာကွယ်ရေးဥပဒေ အခန်း ၁၁ နဲ့ ဒေဝါလီခံ
ဖို့ ဆိုင်ရာတရားရုံးကို တင်သွင်းမယ်လို့ လီမန်
ဘရားသားစ် ရင်းနှီးမြှုပ်နံှမှုဆိုင်ရာဘဏ်ကြီး
က တနင်္လာနေ့ အစောပိုင်းမှာ ကြေညာခဲ့ပါ
တယ်။ အခန်း ၁၁ နဲ့ ဒေဝါလီတရားရုံးကို
တင်သွင်းတဲ့အတွက် လီမန် ဘရားသားစ်
ကုမ္ပဏီအနေနဲ့ အကြွေးရှင်တွေကို အကြွေး
ပြန်ဆပ်ဖို့ အစီအစဉ်လုပ်တဲ့နေရာမှာ အချိန်
ယူနိုင်မှာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက်
ရှောင် မာရိုနီ (Sean Maroney) သတင်းပေးပို့ထားတာကို မစုမြတ်မွန်က တင်ပြ
ပေးထားပါတယ်။

နှစ်ပေါင်း ၁၅၈ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ လီမန် ဘရားသားစ် ကုမ္ပဏီကြီး ရင်ဆိုင်နေရ
တဲ့ ငွေကြေးပြဿနာတွေကို ဝင်ပြီး ဖြေရှင်းပေးနိုင်ဖို့ Bank of America နဲ့ ဗြိတိန်က
Barclays ဘဏ်ကြီးတို့ ညှိနှိုင်းခဲ့ကြပေမယ့် နောက်ဆုံးမှာ လီမန် ဘရားသားစ် ကုမ္ပဏီ
ကို မဝယ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အိမ်ရာမြေရောင်းဝယ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေမှာ အကြွေးဆုံးတွေနဲ့ လီမန်ကုမ္ပဏီ
ရှယ်ယာဈေးတွေ တရှိန်ထိုး ကျဆင်းခဲ့ရတဲ့အတွက် အမေရိကန်က စတုတ္ထအကြီးဆုံး
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီး ဒေဝါလီခံရတဲ့အထိ ဖြစ်သွားခဲ့တာလို့ အစုရှယ်ယာ
ဈေးကွက်ဆိုင်ရာ သုံးသပ်သူ ဟုချ် ဂျွန်ဆင် (Hugh Johnson) က ပြောပါတယ်။

"အိမ်ရာမြေရောင်းဝယ်မှုလုပ်ငန်းတွေ အင်မတန် အလုပ်ဖြစ်နေတဲ့အချိန်မှာ လီမန်
ကုမ္ပဏီဟာ အမေရိကန်က အခြား ရင်းနှီးမြှုပ်နှံမှုဘဏ်တွေ၊ ရိုးရိုးဘဏ်တွေလိုပါပဲ၊
ရင်းနှီးမြှပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အရောင်းအဝယ်တွေ ကမောက်ကမ
ဖြစ်တဲ့အချိန်လည်းရောက်ရော အဲဒီကအကျိုးဆက်တွေကို ခံခဲ့ရတာပါပဲ။"

အမေရိကန်က နောက်ထပ် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကြီးဖြစ်တဲ့ မယ်ရာလ် လင့်ချ်
(Merrill Lynch) ကို Bank of America က အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ လောက်နဲ့
ဝယ်မယ်လို့ တနင်္ဂနွေနေ့မှာ သဘောတူခဲ့ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေ
အနေနဲ့ အမေရိကန် ဗဟိုဘဏ်ဆီက အရေးပေါ်ငွေချေးချင်တဲ့အခါ လွယ်လွယ်ကူကူ
ငွေချေးနိုင်ဖို့ အစပြုဆောင်ရွက်မှုတချို့ကိုလည်း အမေရိကန် အရန်ဘဏ္ဍာရေးဌာနက
တနင်္ဂနွေနေ့တုန်းက ကြေညာခဲ့ပါတယ်။

လီမန် ဘရားသားစ်လို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီး ဒေဝါလီခံရမယ့်အဖြစ် ရောက်သွား
တဲ့အတွက် တခြားကုမ္ပဏီတွေအပေါ် ဂယက်ရိုက်သွားမှာ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်း
တွေအပေါ်မှာ အယုံအကြည်နည်းသွားမှာကို အမေရိကန်အစိုးရနဲ့ ဘဏ္ဍာရေးဆိုင်ရာ
တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG