သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာပိုင်တို့ ပြန်လည်တွေ့ဆုံ ဆွေးနွေးနိုင်မည်ဟု အန်န်အယ်လ်ဒီ မျှော်လင့်


နေအိမ်အကျယ်ချုပ်နဲ့ အထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကစလို့ ပြင်ပအစားအစာတွေ ပြန်လည်လက်ခံခဲ့ပါ
တယ်။ မြန်မာအစိုးရခန့်ထားတဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံလိုတယ်
လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ပြထားတာမို့ မကြာခင်မှာတော့ မြန်မာ
အာဏာပိုင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုတွေ ပြန်ဖြစ်လာနိုင်တယ်လို့
မျှော်လင့်တဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။
အကြောင်းစုံကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ
အစာငတ်ခံဆန္ဒပြတာ မဟုတ်ပေမယ့် ပြင်ပအစားအစာတွေကို လက်မခံဘဲ ခြိုးခြံ
စားသုံးခဲ့တာကြောင့် အခုအခါ အတော်လေး အင်အားချို့တဲ့နေတယ်လို့ ဒီကနေ့ပဲ
အရေးပေါ် ကြေညာချက်တရပ် ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က
အာဏာပိုင်တွေကို ဥပဒေရပိုင်ခွင့်အရ တောင်းဆိုခဲ့တာတွေအပေါ် အာဏာပိုင်တွေ
ဘက်က လိုက်လျောခဲ့တာကြောင့် အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန်
ပြင်ပအစားအစာတွေကို စတင်လက်ခံနေပြီလို့ အန်န်အယ်လ်ဒီ ပြောခွင့်ရသူ
ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ဟုတ်ကဲ့၊ လက်ခံပါပြီ။ မနေ့ညနေက တကြိမ်ပါ။ ဒီမနက်လည်း တကြိမ်ပါ။ လက်ခံ
နေပါပြီ။"

အဲဒါက ပုံမှန်ပို့ဖြစ်မလား၊ ဘယ်လိုပုံစံမျိုးနဲ့ ပို့နေတာပါလဲ။

"ခါတိုင်းလိုပဲ ပုံမှန်ပို့ဖြစ်မှာပါ။ ခါတိုင်း အတိုင်းပါပဲ။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေက အတော်လေး အင်အားနည်းနေ
တယ်ဆိုတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်ရလား။

"ကျနော်တို့ အဲဒီလောက်ထိ မသိဘူး။ ဒီဥစ္စာက ဒေါက်တာတင်မျိုးဝင်း ဆေးစစ်ဖို့သွား
ပြီး ပြန်ထွက်လာတော့ ဦးကြည်ဝင်းကို ဒီဟာတွေပြောရင် ပြောနိုင်ပါတယ်ဆိုပြီး လာပို့
တဲ့ဟာကို ကျနော်ပြောနေတာပါ။ ကျနော်ကိုယ်တိုင်လည်း ဒေါက်တာတင်မျိုးဝင်းနဲ့
မတွေ့ပါဘူး။ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ရင်တော့ ကျနော်တို့သိသလောက်က
ပြီးခဲ့တဲ့ စနေနေ့မှာ ဦးကြည်ဝင်း သွားတွေ့ပါတယ်။ တွေ့တဲ့အချိန်မှာ ဦးကြည်ဝင်းက
သူ့ရဲ့အမြင်အရ ကျန်းမာရေးကောင်းပါတယ်လို့ ဒါပဲပြောပါတယ်။"

ဟိုတလောကတော့ မြန်မာအစိုးရက ရေးပါတယ်။ ဦးအောင်ကြည်နဲ့တွေ့ဖို့ သူတို့ဘက်
က စီစဉ်နေတယ်ဆိုတဲ့သဘောပေါ့။ အခု ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်ပြီး ပြင်ပ
အစားအစာတွေ လက်ခံပြီ၊ ပြင်ပလူတွေနဲ့ လက်ခံတွေ့နိုင်ပြီဆိုတော့ ဦးအောင်ကြည်နဲ့
ပြန်ပြီး လက်ခံတွေ့ဆုံနိုင်မယ့်၊ မြန်မာအစိုးရဘက်နဲ့ ပြန်ပြီး လက်ခံတွေ့ဆုံနိုင်မယ့်
အလားအလာတွေရော ဘယ်လိုရှိပါသလဲ။

"ဗိုလ်ချုပ်အောင်ကြည်နဲ့ တွေ့ဖို့နဲ့ပတ်သက်ပြီး ဦးကြည်ဝင်းကတဆင့် သက်ဆိုင်ရာ
အာဏာပိုင်တွေကို အကြောင်းကြားထားတာ ရှိပါတယ်။ အဲဒီအကြောင်းကြားတာက
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်အောင်ကြည်နဲ့ တွေ့ချင်ပါတယ်။ တွေ့ဖို့နေ့ရက်
နဲ့ပတ်သက်ပြီး တနင်္ဂနွေနေ့ ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့ပြီးနောက်မှာ ကျန်းမာရေး
အခြေအနေပေါ် မူတည်ပြီးတော့ နေ့ရက်သတ်မှတ်မယ်လို့ အဲဒီလို အကြောင်းကြား
ထားပါတယ်။"

မြန်မာအစိုးရ အာဏာပိုင်တွေဘက်ကရော ဘယ်လိုတုံ့ပြန်မှုရှိလဲခင်ဗျ။

"နောက်ဆုံး Progress တွေကို ကျနော် မသိပါဘူး။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံမှုတွေ အလားအလာ
က ပြန်ဖြစ်နိုင်လား၊ ဘယ်လိုများရှိပါသလဲ။

"ကျနော်မြင်တာကတော့ ပြန်ဖြစ်လာနိုင်ပါတယ်။ ဟိုတလောက ဗိုလ်ချုပ်အောင်ကြည်
နဲ့တွေ့ဖို့ စီစဉ်တယ်လို့ သိရတယ်။ အခုတခါ ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ချင်
ပါတယ်လို့ပြောတယ်။ ဒါကြောင့် ပြန်တွေ့နိုင်ပါတယ်လို့ပဲ ကျနော် ယူဆပါတယ်။"
အန်န်အယ်လ်ဒီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ တလောက သတင်းစာတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့
ဘက်က ကိုယ်စားလှယ် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို တွေ့ဆုံဖို့ ငြင်းဆန်ခဲ့
တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က တွေ့လို
တယ်၊ ဒါပေမယ့် သူ့ရဲ့ရပိုင်ခွင့်တွေအတွက် တောင်းဆိုဆောင်ရွက်နေတဲ့အချိန်မို့
တွေ့ဖို့အချိန် မဟုတ်သေးဘူးလို့ ကိုယ်တိုင်တွေ့ခဲ့တဲ့ ရှေ့နေဦးကြည်ဝင်းစကားကို
ကိုးကားပြီး အန်န်အယ်လ်ဒီဘက်က တုံ့ပြန်ခဲ့ဖူးပါတယ်။

မြန်မာအစိုးရအနေနဲ့တော့ အခုလို ဒေါ်အောင်ဆန်းစုကြည် ပြင်ပအစားအစာတွေ
လက်မခံတဲ့ကိစ္စ၊ ပြန်လက်ခံတဲ့ကိစ္စ၊ သူတို့ဘက်က လိုက်လျောပေးခဲ့တာတွေ၊ ဒါတွေ
အားလုံး တရားဝင်ထုတ်ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG