သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လီမန်ဘရားသားစ် ဒေဝါလီခံပြီး အာရှငွေကြေးဈေးကွက် အထိနာ


အမေရိကန်ပြည်ထောင်စုရဲ့ လီမန်
ဘရားသားစ် (Lehman Brothers) ရင်းနှီး
မြှုပ်နှံမှု ကုမ္ပဏီကြီး ဒေဝါလီခံမယ့်သတင်း
ထွက်လာပြီးတဲ့နောက် အာရှဒေသတဝှမ်း
မှာရှိတဲ့ အစုရှယ်ယာဈေးကွက်တွေလည်း
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ အစု
ရှယ်ယာတွေနောက်လိုက်ပြီး ရှယ်ယာဈေး
တွေ ထိုးကျသွားပါတယ်။ တိုကျို၊
ဟောင်ကောင်နဲ့ ဆိုးလ်မြို့တွေမှာ မနေ့က
တနင်္လာနေ့ ရုံးပိတ်ရက် ဖြစ်ပါတယ်။
အခုတော့ ရင်းနှီးမြှုပ်နှံသူတွေက ရှယ်ယာတွေကို ထုတ်ရောင်းနေကြပါတယ်။ ဗွီအိုအေ
သတင်းထောက် ကိတ် ဖောင်း ဒေါ်ဆင် (Kate Pound Dawson) ဘန်ကောက်မြို့ကနေ
သတင်းပေးပို့ထားချက်တွေနဲ့အတူ ကိုသိန်းထိုက်ဦးက စုစည်းတင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေက စတော့ရှယ်ယာဈေးကွက်တွေ ထိုးကျ
သွားပြီးတဲ့နောက် အာရှတလွှားမှာရှိတဲ့ ဗဟိုဘဏ်တွေက သူတို့မှာ စီးပွားရေးလုပ်ငန်း
ဆက်ပြီးလည်ပတ်ဖို့ ငွေကြေးအလုံအလောက် ရှိတယ်ဆိုတာကို ငွေကြေးအပ်နှံတဲ့သူ
တွေ ယုံကြည်လာအောင် ပြသဖို့ ကြိုးစားနေကြပါတယ်။ အာရှရဲ့ ငွေကြေးလုပ်ငန်း
လုပ်ကိုင်တဲ့ အမျိုးသားလုပ်ငန်းကြီးတွေအနေနဲ့ သူတို့စီးပွားရေး ခိုင်မာနေတယ်ဆိုတာ
ကို ရင်းနှီးမြှုပ်နှံသူတွေကို လက်ခံအောင် ပြသဖို့ ကြိုးစားနေပါတယ်။

ဒါပေမယ့်လည်း ဒီလိုပြသနေတဲ့ကြားကပဲ ရင်းနှီးမြှုပ်နှံတဲ့သူတွေ အစုရှယ်ယာတွေ
ထုတ်ပြီးရောင်းနေကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စတုတ္ထအကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးဖြစ်တဲ့ လီမန်
ဘရားသားစ် ကုမ္ပဏီကြီးက မနေ့က တနင်္လာနေ့မှာပဲ ဒေဝါလီခံမယ်ဆိုတာကို ကြေညာ
လိုက်တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ကမ္ဘာပေါ်မှာ အကြီးဆုံး အိုးအိမ်ဝယ်ယူသူတွေ
ကို ငွေထုတ်ချေးတဲ့ မားရေးလ် လင့်ချ် (Merrill Lynch) ခေါ် မော့တ်ဂေ့ချ် (Mortgage)
ကုမ္ပဏီကြီးကလည်း ဆုံးရှုံးတဲ့ပမာဏာ သိပ်များတဲ့အတွက် မဖြစ်မနေ ကုမ္ပဏီကို
ထိုးရောင်းရတဲ့ဘ၀ ရောက်ခဲ့ရပါတယ်။ ဒီလို အမေရိကန်ပြည်ထောင်စုက စီးပွားရေး
ကုမ္ပဏီကြီးတွေ ငွေကြေးအရ နာလန်ပြန်မထူနိုင်အောင် အထိနာခဲ့ပြီးနောက်မှာ အစု
ရှယ်ယာ ဈေးကွက်တွေလည်း ယိမ်းယိုင်ခဲ့ရပါတယ်။ ရှယ်ယာဈေးတွေ မကြုံစဘူး
ထိုးကျခဲ့ရပါတယ်။

ဟောင်ကောင်မှာရှိတဲ့ သီးခြားလွတ်လပ်တဲ့ ဈေးကွက်ဆိုင်ရာ သုံးသပ်လေ့လာသူ
စီးပွားရေးပညာရှင်တဦးဖြစ်တဲ့ ဗန် ဒါ ကမ့်ပ် (Van Der Kamp) ကတော့ ဒီလို ငွေကြေး
ဈေးကွက် ကမောက်ကမဖြစ်တာမျိုး ကမ္ဘာပေါ်မှာ မကြုံခဲ့ဘူးတာ ကြာပြီလို့ ပြောပါ
တယ်။ ဒါပေမယ့်လည်း အာရှနိုင်ငံတွေဟာ ငွေကြေးဈေးကွက် အထိနာပြီးရင် အခြား
နိုင်ငံတွေမှာထက်တော့ အချိန်တိုတိုအတွင်းမှာ နာလန်ထူအောင် လုပ်နိုင်ခဲ့တဲ့ အစဉ်
အလာတွေ ရှိတယ်လို့လည်း သုံးသပ်ပါတယ်။

ဒီလို အစဉ်အလာတွေ ရှိတဲ့အပြင် အမေရိကန်ပြည်ထောင်စုမှာလို အထိနာခဲ့တဲ့ အိုးအိမ်
ဝယ်မယ့်သူတွေထဲက ငွေကြေး သိပ်ပြီးမတတ်နိုင်တဲ့သူတွေကို အတိုးနှုံးသက်သာတဲ့
အချိန်ကာလတခုထားပြီး ထုတ်ချေးတဲ့စနစ်က အာရှမှာ သိပ်ပြီးမကြီးမားဘူးလို့ ဆိုပါ
တယ်။ အာရှရဲ့ ငွေချေးလုပ်ငန်းဟာ အမေရိကန်ပြည်ထောင်စုလို အထိနာစရာ
အကြောင်းမရှိဘူးလို့ သူက သုံးသပ်ပါတယ်။

"အာရှနိုင်ငံတွေအတွင်းမှာ သိသာမြင်သာထဲ့ စီးပွားရေးထိခိုက်မှုတွေကို အာရှမှာရှိတဲ့
ဗဟိုဘဏ်တွေမှာပဲ တွေ့ရပါလိမ့်မယ်။ ဒီဘဏ်ကြီးတွေက သိသိသာသာ မြင်ရတာက
တရုတ်၊ ဂျပန် စတဲ့နိုင်ငံတွေမှာ အကြီးအကျယ် ငွေကြေး ရင်းနှီး အပ်နှံထားကြတာပါ။
ကျန်တာတွေကတော့ စီးပွားရေးလုပ်ငန်းပမာဏကိုလိုက်ပြီး အမေရိကန်ဒေါ်လာနဲ့
အကြီးအကျယ် ရင်းနှီးအပ်နှံတာတွေ ရှိပါတယ်။ ဒါပေမယ့် အာရှ အိမ်ယာရောင်းဝယ်
ရေး ငွေချေးတဲ့လုပ်ငန်းတွေကို တိုက်ရိုက် အကြီးအကျယ် ထိခိုက်နိုင်တဲ့ အခြေအနေ
မျိုးတော့ မတွေ့ရပါဘူး။"

အာရှရဲ့ ငွေချေးလုပ်ငန်းဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေလို အထိနာ
စရာ အကြောင်းမရှိဘူး ဆိုရင်တောင် ကွင်းလုံးကျွတ် ပြေးလွတ်မယ့် အနေအထားမျိုး
တော့ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံအတွင်းက စီးပွားရေးပညာရှင်တဦးဖြစ်တဲ့ ဦးမော်သန်းကတော့ ငွေကြေး
အဖွဲ့အစည်းတွေအနေနဲ့ ငွေထုတ်ချေးတဲ့အခါ စည်းကမ်းသတ်မှတ်ချက်တွေ မတင်း
ကျပ်ဘဲ လွယ်လွယ်ထုတ်ချေးခဲ့တာတွေကြောင့် တနွယ်ငင် တစင်ပါ ကမ္ဘာ့ငွေကြေး
ဈေးကွက်တခုလုံး ထိခိုက်ခဲ့ရတာလို့ သုံးသပ်ပါတယ်။

"ကမ္ဘာရဲ့ ငွေရေးကြေးရေးစနစ်အနေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဘဏ်တိုင်းဘဏ်တိုင်းက
အမေရိကားလိုပဲ ငွေထုတ်ချေးတဲ့နေရာမှာ စည်းကမ်းကို တင်းတင်းကျပ်ကျပ် မထား
ဘဲနဲ့ လွယ်လွယ်နဲ့ ငွေထုတ်ချေးလို့ပေါ့ဗျာ။ လွယ်လွယ်နဲ့ ငွေထုတ်ချေးတာ အမေရိကန်
မှာတင်မကဘဲ ဥရောပမှာရော၊ အာရှမှာရော။ ဒါပေမယ့် အာရှကတော့ တော်တော်
လေး သက်သာပါတယ်။ ဒေါ်လာသန်း ထောင်ပေါင်း ၅,၄၀၀ ကျော်မှာ အာရှက
ရာကျော်လောက်ပဲပါတယ်။

"အာရှအထိနာတာ နည်းမယ်ဆိုတဲ့အထဲမှာ အာရှရဲ့ စီးပွားရေးကလည်း ကမ္ဘာရဲ့
စီးပွားရေးနဲ့ ဆက်စပ်နေတယ်။ ဆက်စပ်နေတယ်ဆိုတော့ လျှော်ရတဲ့ကြွေးမှာ
တော်တော်လေး သက်သာသော်လည်း တဖက်မှာ အာရှမှာရှိတဲ့ဘဏ်တွေရဲ့ ငွေရေး
ကြေးရေးစနစ်လည်း ထိခိုက်တယ်ဆိုတော့ အာရှလည်း သိပ်တော့ သက်သာမှာမဟုတ်
ပါဘူး။"

မြန်မာနိုင်ငံအတွင်းက စီးပွားရေးပညာရှင်တဦးဖြစ်တဲ့ ဦးမော်သန်းရဲ့ သုံးသပ်ချက်
ဖြစ်ပါတယ်။

အခု ကမ္ဘာတဝှမ်းကြုံရတဲ့ ငွေကြေးဈေးကွက် ကမောက်ကမဖြစ်မှုတွေကို ပြန်ပြီး
အဖတ်ဆယ်နိုင်ဖို့ လနဲ့ချီကြာနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

အမေရိကန်ပြည်ထောင်စု အဓိက စတော့ရှယ်ယာဈေးကွက်ဖြစ်တဲ့ ဝေါလ် စထရိ
(Wall Street) မှာ မနေ့က ဒေါင် ဂျုံးစ် (Dow Jones) ရှယ်ယာအညွှန်းပွိုင့် ၅၀၀ အထိ
ထိုးကျခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ အမေရိကန်ပြည်ထောင်စု အကြမ်းဖက်
တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် တရက်အတွင်း စတော့ဈေးထိုးကျခဲ့
တဲ့ ပမာဏ အများဆုံးကို ကြုံရတာဖြစ်ပါတယ်။

ဂျပန် စတော့ခ် နိုင်းကိုင်း (Nikkei) ညွှန်းကိန်းကတော့ ၃ နှစ်အတွင်း အနည်းဆုံး ၅%
ထိုးကျပြီး ဟောင်ကောင် ဆန်း (Seng) စတော့ခ်ညွှန်းကိန်း ၅% ကျော်၊ ဆိုးလ်
ကော့စ်ပီ (Kospi) ရှယ်ယာအညွှန်းကတော့ ၆% ထိုးကျခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်မတိုင်ခင် ၁၉၂၉ ခုနှစ်က ကမ္ဘာ့သမိုင်းမှာ စက်မှုအင်အားကြီးနိုင်ငံတွေ
ကို အထိခိုက်ခဲ့ဆုံး Great Depression ခေါ် စီးပွားရေးအနိမ့်ကျဆုံးလို့ မှတ်တမ်းတင်ခဲ့
တဲ့အချိန်တွေ ကြုံခဲ့ရဘူးပါတယ်။ အဲဒီကာလပြီးရင် ဒီနေ့ကြုံရတဲ့ ထိခိုက်မှုတွေဟာ
ကမ္ဘာ့ငွေကြေးဈေးကွက်ကို အလှုပ်ခတ်ဆုံး၊ အထိအနာဆုံး ထိုးနှက်ချက်တွေဖြစ်တယ်
လို့ စီးပွားရေးပညာရှင်တွေက သတ်မှတ်နေကြပါတယ်။

အခုလို ကမ္ဘာ့ငွေကြေးဈေးကွက် ထိခိုက်တော့မယ်ဆိုတာကို စောစောပိုင်းကတည်းက
ကြိုတင်ခန့်မှန်းခဲ့ကြတာတွေ၊ သတိပေးခဲ့တာတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ ၁၈ လလောက်ကတည်းက ယာယီကာလ
အတိုးနှုံးသက်သက်သာသာနဲ့ ငွေချေးပြီး အိုးအိမ်ဝယ်ယူသူတွေ သူတို့ချေးငွေတွေကို
ပြန်ဆပ်ဖို့ အခက်အခဲတွေ ကြုံခဲ့ကြရတာပါ။

ဒီလို အိမ်ဝယ်ဖို့ ငွေချေးတဲ့သူတွေ ငွေပြန်ဆပ်ဖို့ အခက်အခဲတွေ ကြုံရတာကြောင့်
ငွေထုတ်ချေးတဲ့ ငွေကြေးအသင်းအဖွဲ့ ကုမ္ပဏီကြီးတွေ အခက်အခဲတွေ ကြုံခဲ့ရသလို
ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ ဒီငွေကြေးကုမ္ပဏီတွေကလည်း ဒေါ်လာသန်းထောင်ချီပြီး
အာမခံကုမ္ပဏီကြီးတွေ၊ ကမ္ဘာ့ဘဏ်ကြီးတွေနဲ့ ချိတ်ဆက်ပြီး လည်ပတ်နေရတော့ တခု
အပြို တခုလိုက်ပြီး ယိုင်လာတဲ့ မီးခိုးကြွက်လျှောက် ကွင်းဆက်တွေ ကြုံခဲ့ရတာဖြစ်ပါ
တယ်။

အခုဆိုရင် ငွေကြေးဈေးကွက် ကမောက်ကမဖြစ်တာတွေ ရင်ဆိုင်ရတာနဲ့ တချိန်တည်း
မှာ တခြားဈေးကွက်တွေလည်း လှုပ်ခတ်လာပါတယ်။ ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှု
တွေ ကြုံလာရမှာ စိုးရိမ်နေကြရတဲ့ တချိန်တည်းမှာ ရေနံတပေပါကို ၃ ဒေါ်လာလောက်
အထိ ဈေးထိုးကျသွားပါတယ်။ တပေပါကို ၉၂ ဒေါ်လာလောက်အထိ ကျဆင်းသွားတာ
ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ပိုင်းမှာ ရေနံဈေး အနိမ့်ဆုံးထိုးကျသွားတာ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG