သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေးဖြစ်စေသော တရုတ်နို့မှုန့် မြန်မာပြည်ကို တင်သွင်းခဲ့


တရုတ်နိုင်ငံက ကုမ္ပဏီ ၂ခုဟာ မသန့်ရှင်းတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ကလေး နို့မှုန့်တွေ ဘင်္ဂလားဒေရှ့် နဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅နိုင်ငံကို တင်သွင်းခဲ့တယ်လို့ ဒီနေ့ထုတ် ဘန်ကောက် သတင်းစာမှာ နောက်ဆုံးရသတင်း အဖြစ် တင်ပြထားပါတယ်။ ဆောင်ကန် နဲ့ ရာရှီလီ ကုမ္ပဏီတို့ဟာ ရီမွန်၊ ဘာရန်တီ၊ ဂါဗွန်းနိုင်ငံတို့ဆီ တင်ပို့မိတဲ့ နို့မှုန့်တွေကို ပြန်သိမ်းနေပါပြီလို့ သက်ဆိုင်ရာ တရုတ် အရာရှိတွေက ဆိုပါတယ်။ အစောပိုင်းသတင်းတွေအရ အဲဒီနို့မှုန့်တွေထဲမှာ မယ်လမင်းတွေ ပါဝင်နေတာ စစ်ဆေးတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီ ၂ခုဟာ မသန့်ရှင်းတဲ့၊ တနည်းပြောရရင် မယ်လမင်းတွေ ပါဝင်တဲ့ နို့မှုန့် ၆၉မျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီပေါင်း ၂၂ခုမှာ အပါအဝင် ဖြစ်ပါတယ်။ ဒါကတော့ ဘန်ကောက်ပို့စ်ရဲ့ ဖော်ပြချက်ပါ။

တရုတ်နိုင်ငံမှာ အန္တရာယ်ဖြစ်စေတဲ့ နို့မှုန့်ကိုစားသုံးမိလို့ ကလေးငယ်သုံးဦး သေဆုံးခဲ့ရပြီးသလို ခြောက်ထောင် ကျော်ကတော့ နာမကျန်းဖြစ်နေကြပါပြီ။ ဒီ နို့မှုန့် ပြဿနာကြောင့် နိုင်ငံငါးနိုင်ငံကိုနို့မှုန့်တင်ပို့နေတဲ့ ကုမ္ပဏီတချို့အပါအဝင် တရုတ်နိုင်ငံရဲ့ ထိပ်တန်း နို့ထွက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတွေက ထုတ်လုပ်တဲ့ နို့မှုန့်တွေကို နိုင်ငံအနှံ့ ဈေးကွက်ထဲကနေ ပြန် ရုပ်သိမ်းခဲ့ရပါတယ်။ ဦးကျော်ကျော်သိန်းက တရုတ်နို့မှုန့်ပြဿနာ နောက်ဆုံးအခြေအနေ အပြည့်အစုံ တင်ပြပေးပါတယ်။

ခုချိန်ထိဆိုရင် အန္တရာယ်ရှိတဲ့ နို့မှုန့်တွေကို စားသုံးခဲ့ရလို့ ကလေးငယ် ခြောက်ထောင်ကျော် နာမကျန်း ဖြစ်ခဲ့ကြပြီဖြစ်ပြီး အဲဒီထဲက သုံးဦးကတော့ သေဆုံးခဲ့ကြရပြီးပြီလို့ တရုတ်ကျန်းမာရေးဝန်ကြီး ချန်းဇုက ဗုဒ္ဓဟူးနေ့မှာ ပြောကြောင်း ဗွီအိုအေသတင်းထောက် Daniel Schearf ပေးပို့တဲ့သတင်းမှာ ဖော်ပြထားပါတယ်။

မိဘတွေကနေ ဆေးရုံတင်လာတဲ့ ကလေးငယ်အရေအတွက် ပိုများလာတာမို့ အရေအတွက် တိုးလာဖွယ်ရှိကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်ကျန်းမာရေးဝန်ကြီးက ပြောသွားပါတယ်။

“နို့စို့အရွယ်ကလေးငယ် ၁၃၂၇ ဦးဟာ ဆေးရုံမှာရောက်နေတယ်၊ ၁၅၈ ယောက်ကတော့ စိုးရိမ်ဖွယ် ကျောက်ကပ် အလုပ်မလုပ် တဲ့ဝေဒနာကို ခံစားနေကြရတယ်”လို့ တရုတ်ကျန်းမာရေးဝန်ကြီး ချန်းက မန်ဒရင်းဘာသာစကားနဲ့ ပြောသွားပါတယ်။

ကျောက်ကပ်ဝေဒနာခံစားကြရတဲ့ ကလေးသူငယ် အများအပြား ဆေးရုံရောက်လာပြီးတဲ့နောက် မသန့်ရှင်းတဲ့နို့မှုန့်ပြဿနာ ပေါ်ပေါက်လာတာပါ။

တရုတ်နိုင်ငံရဲ့ အကြီးဆုံး နို့ထွက်ပစ္စည်းကုမ္ပဏီဖြစ်တဲ့ ဆန်လု နို့နဲ့နို့ထွက်ပစ္စည်းလုပ်ငန်းဟာ မယ်လမင်းလို့ခေါ်တဲ့ ဓာတုပစ္စည်း တမျိုးကို သူတို့ထုတ်တဲ့နို့မှုန့်တွေထဲမှာ ထည့်သွင်းအသုံးပြုထားတာ တွေ့ရပါတယ်။ အဲဒီမယ်လမင်းဓာတုပစ္စည်းဟာ စက်မှု လုပ်ငန်းသုံး ဓာတုပစ္စည်းဖြစ်ပြီး အစားအစာတွေမှာ ပရိုတိန်းအသားဓာတ် အများအပြားပါဝင်နေတယ်လို့ ထင်ရစေပါတယ်။

ဆန်လု ကုမ္ပဏီရဲ့ အစုရှယ်ယာ လေးဆယ် ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ နယူးဇီလန် နိုင်ငံက ဖွန်တယ်ရာ နို့ထွက် ပစ္စည်း လုပ်ငန်း ကုမ္ပဏီက မသန့်ရှင်းတဲ့ နို့မှုန့်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ အခြေအနေကို ပြောခဲ့ပေမယ့် ဆန်လု ကုမ္ပဏီဘက်က တုန့်ပြန် လုပ်ဆောင်ဖို့ နှေးကွေးခဲ့တယ်လို့ ပြောပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ်က အစိုးရတာဝန်ရှိသူချင်း တရားဝင်လမ်းကြောင်းကနေ ဒီကိစ္စကိုပြောခဲ့ပြီး နောက်ပိုင်းမှသာ တရုတ် အစိုးရက စုံစမ်းစစ်ဆေးမှု စတင်ခဲ့တာလို့ပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း ဈေးသက်သာတဲ့ တရုတ်နို့မှုန့်တွေကို တနိုင်ငံလုံးလိုလို အသုံးပြုနေကြတာပါ။ ဒီနို့မှုန့်တွေဟာလည်း တရားဝင် လမ်းကြောင်းက တင်သွင်းပြီး တာဝန်ရှိသူတွေက သေသေချာချာ စစ်ဆေးပြီးမှ ဈေးကွက်ထဲ ဖြန့်ဖြူး ရောင်းချတာ မဟုတ်ပါဘူး။ နယ်စပ်ဒေသ မှောင်ခို လမ်းကြောင်းတွေက တဆင့် ဈေးကွက်ထဲဝင်လာတာကို ကလေး လူကြီး ဝယ်ယူ စားသုံးနေ ကြတာပါ။

တရုတ်-မြန်မာနယ်စပ်ဒေသ ကုန်သည်တဦး ဗွီအိုအေကိုပြောပြတာက ဒီလိုပါ။
“ဗမာပြည်က လူတွေ အများဆုံး သုံးတာကတော့ အဓိက နို့မှုန် နွားတံဆိပ် အထုတ် အနီကို သုံးတယ်။ အဲဒါက တရားမဝင် လမ်းကြောင့်ကပဲ သွင်းတယ်။ အဲဒီကောင်တွေက ဗမာပြည်က တရားဝင် နယ်စပ်ကုန်သွယ်ရေးက သွားတာမဟုတ်ဘူး။ ထော်လာဂျီတို့နဲ့ တပိုင်တနိုင်ပဲ သွားနေကြတာပေါ့။ ဗန်မော်လမ်းကြောင်းက တဆင့်ပေ့ါ။ ကျွန်တော်တို့ မူဆယ်ဘက်ကလည်း သွားတာပဲ။ ပါမစ်လည်း မပေးဘူး။ စားသောက်ကုန်တွေ ဖြစ်နေတာကိုး။ ဗမာပြည်မှာ ရှိတဲ့ တရုတ်ဘက်က စားသောက်ကုန် မှန်သမျှ မှောင်ခိုလမ်းကြောင်းက သွားတာပဲ။ စားသောက်ကုန်ကို တရားဝင် ပါမစ် မပေးဘူး။ ဗမာပြည်ထဲမှာ နွားတံဆိပ် သုံးတယ်။ အပြာရောင် သမင် တံဆိပ်က ဈေးနဲနဲ ကြီးတယ်။ သမင်တံဆိပ်က ပြီးခဲ့တဲ့ နှစ်တွေက တရုတ်ပြည်မှာ ရှိတယ်တဲ့။ အခုတော့ တရုတ်ပြည်မှာ ရှိတော့ ရှိသေးပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းတွေက သိမ်းတာတွေ လုပ်ကုန်ပြီ။ ဟိုဘက်ကို သွင်းတယ် မသွင်းဘူးဆိုတာက ပြောရခက်တယ်။ ဈေးက နဲနဲကြီးတယ်တဲ့။ သုံးတဲ့လူလည်း သိပ်မရှိဘူး။”

နိုင်ငံတကာ သတင်းမီဒီယာတွေမှာ တရုတ် နို့မှုန့်ပြဿနာနဲ့ပတ်သက်ပြီး အကျယ်တဝံ့ ရေးသား ဖော်ပြနေကြပေမယ့် မြန်မာ အစိုးရပိုင် သတင်း မီဒီယာတွေမှာတော့ ဒီအကြောင်း ရေးသား ဖော်ပြတာ၊ စားသုံးသူတွေကို သတိပေးတာ ခုချိန်ထိ မတွေ့ရသေးပါဘူး။ ဒါ့ကြောင့်လည်း မြန်မာနိုင်ငံထဲ လက်ရှိဝင်ရောက်နေတဲ့ တရုတ်နို့မှုန့်တွေကိုစားသုံးဖို့ ဘေးကင်း မကင်း၊ ဒီအပေါ် စားသုံးသူတွေ က ဘယ်လောက် သတိ ထားမိ မထားမိ ဆိုတာတွေက ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

မြန်မာ အာဏာပိုင်တွေက နို့မှုန့်လို စားကုန် ပစ္စည်းတွေကို တရားဝင် တင်သွင်းခွင့် ပိတ်ပင်ထားတာကြောင့် တရားဝင် ကြေညာပြီး ပိတ်ပင် တားမြစ်မယ်ဆိုရင် ပိတ်ပင်ထားတဲ့ပစ္စည်းတွေ ဈေးကွက်ထဲရောက်နေတာကို ဝန်ခံရာကျမှာစိုးလို့လား၊ ဒါမှမဟုတ် တရုတ်နိုင်ငံက ငြိုငြင်မှာ စိုးလို့လား စသည်အားဖြင့် မေးခွန်းထုတ် ဝေဖန်တာတွေလည်း ရှိနေကြောင်း ပါခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG