သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂလိက မီဒီယာတွေကို ဌာနဆိုင်ရာက သတင်းမပေး


အစိုးရဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့သတင်းတွေကို ပုဂ္ဂလိက သတင်းစာနယ်ဇင်းတွေမှာ
ဖော်ပြရေးသားဖို့ ပြည်တွင်းသတင်းမီဒီယာသမားတွေ အခက်တွေ့နေတယ်လို့ သတင်း
မီဒီယာသမားတွေက ပြောပါတယ်။ သတင်းထောက်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာန
တွေက သတင်းထုတ်ပြန်ပေးဖို့ ငြင်းဆိုသလို စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်မရဘဲ
ထုတ်ဝေတဲ့ သတင်းစာနယ်ဇင်းတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ စာပေ
စိစစ်ရေးက သတင်းဂျာနယ်တိုက်တွေကို စာပို့ခဲ့ပါတယ်။ အပြည့်အစုံကို မသင်းသီရိက
တင်ပြပေးထားပါတယ်။

အစိုးရဝန်ကြီးဌာနဆိုင်ရာ သတင်းတွေကို ဂျာနယ်တွေက အဓိကထားပြီး ရေးနေရပါ
တယ်။ အထူးသဖြင့် ပို့ဆောင်ရေး၊ စီးပွားကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီးဌာန
က သတင်းတွေကို အများအပြား ပုဂ္ဂလိက ဂျာနယ်တွေက အားထားရေးနေရပါတယ်။

အခုတော့ လွန်ခဲ့တဲ့တပတ်လောက်ကစလို့ ဝန်ကြီးဌာနတွေမှာ သတင်းသွားယူတဲ့အခါ
ခွင့်ပြုချက်မရလို့ သတင်းမပေးတော့ပါဘူးဆိုပြီး ပြောတဲ့အတွက် ဂျာနယ်သတင်း
ထောက်တွေ အခက်တွေ့နေတယ်လို့ ပြည်တွင်းသတင်းသမားတဦးက ပြောပါတယ်။

"သူတို့ အခုနောက်ပိုင်း နည်းနည်း ပြန်တင်းကျပ်လာတဲ့သဘော ရှိပါတယ်။ သတင်း
ဌာနတွေကို စကားမပြောတော့ဘူးဆိုပြီး ဝန်ကြီးဌာနတွေက စာထုတ်တာတွေ ရှိတယ်။
သတင်းထောက်တွေက သူတို့သတင်းထုတ်ပြန်ချက်တွေ လိုချင်ရင် မရတော့တာ၊
အရင်လိုမျိုး မပေးတော့တာတွေ ရှိတယ်။ ဥပမာ ကျနော်တို့က တခုခုကြားတယ်ဆိုရင်
သွားပြီး Confirm လုပ်တယ်၊ အဲဒီမှာ သူတို့က ပြန်ပြီး အတည်မပြုတာမျိုး၊ တရားဝင်
မထုတ်ပြန်တော့ဘူး။ အဲတော့ ကျနော်တို့က ရေးဖို့ တော်တော်လေး ခက်လာတဲ့
သဘောရှိတယ်။"

ဝန်ကြီးဌာနဆိုင်ရာ သတင်းတွေကို အစိုးရပိုင် သတင်းစာမျက်နှာတွေပေါ်မှာသာ
တွေ့ရဖို့များနေတယ်လို့လည်း သူက ခန့်မှန်းပါတယ်။ အခုလို ပုဂ္ဂလိကဂျာနယ်တွေက
ဒီသတင်းတွေ မရေးရတော့ဘူးဆိုရင် ဘယ်လိုထိခိုက်မှုမျိုးတွေ ရှိနိုင်ပါလဲလို့
မေးကြည့်တော့ …

"သတင်းမထုတ်ပြန်တဲ့အခါကျတော့ ကျနော်တို့က ဒီဘက်မှာ မြန်မာပြည် အခြေအနေ
အရ ဝန်ကြီးဌာနတွေရဲ့ သတင်းတွေကိုပဲ အများဆုံး ဖော်ပြရတာ။ အခုလို သူတို့သတင်း
ထုတ်ပြန်ချက်တွေ မရတော့ဘူးဆိုတော့ ကျနော်တို့က အရပ်သတင်း၊ ဈေးသတင်းကို
လည်း လိုက်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရပ်သတင်း၊ ဈေးသတင်းကလည်း
အကုန်လုံးက ဆင်းရဲဒုက္ခရောက်တယ်၊ ကျပ်တည်းနေတယ်၊ အဲဒီသတင်းတွေကိုလည်း
ကျနော်တို့က ရေးသားဖော်ပြလို့မရဘူး။ စာပေစိစစ်ရေးကလည်း အဲလိုသတင်းမျိုးတွေ
ပေးမှာမဟုတ်ဘူး။

"အဲတော့ ကျနော်တို့က အလုပ်ဖြစ်ရုံလေး ဝန်ကြီးဌာနတွေရဲ့ သတင်းထုတ်ပြန်ချက်တွေ
အပေါ်မှာ ပြန်ရေးရတဲ့ အနေအထားမျိုးတွေရှိတယ်။ အခု သူတို့က မပေးတော့ဘူး၊
သတင်းမထုတ်ပြန်တော့ဘူး ဆိုတဲ့အခါကျတော့ ကျနော်တို့ လုပ်ရကိုင်ရတာ
ကျပ်တည်းလာပါတယ်။ ဘာပဲပြောပြော ကျနော်တို့ ပြည်တွင်းအနေအထားနဲ့ သတင်း
ဂျာနယ်တွေက သူတို့ရဲ့ထုတ်ပြန်ချက်တွေကို အားကိုးပြီး ရပ်တည်နေရတဲ့သဘောမျိုး
ရှိတာကိုး။"

ဒါ့အပြင် ဒီရက်ပိုင်းတွေထဲ စာပေစိစစ်ရေးက မဂ္ဂဇင်း၊ သတင်းဂျာနယ်တွေကို သူတို့ရဲ့
ခွင့်ပြုချက်မရတဲ့စာမူတွေ ထုတ်ဝေဖြန့်ချိတာ လုပ်ခဲ့မယ်ဆိုရင် ထိထိရောက်ရောက်
အရေးယူမယ်ဆိုတဲ့စာတွေ ပို့နေတယ်လို့လည်း ပြောပြပါတယ်။

"စာပို့တယ်။ သူတို့ညွှန်ကြားထားတဲ့အတိုင်း မလိုက်နာရင် ဆောင်းပါးတွေ၊ သတင်းတွေ
ကို မူလတင်တဲ့အတိုင်း၊ မူကြမ်းတင်တဲ့အတိုင်း သူတို့ဖြုတ်ခိုင်းတဲ့ဟာတွေ မဖြုတ်ဘူး၊
သူတို့ထည့်ခိုင်းတဲ့ဟာတွေ မထည့်ဘူးဆိုရင် သူတို့က အဲဒီဂျာနယ်တွေကို ထိထိ
ရောက်ရောက် အရေးယူမယ်ဆိုတဲ့သဘောမျိုး စာထုတ်ထားတယ်လို့ ကြားရပါတယ်။
အဓိကကတော့ ပြည်တွင်း မီဒီယာသမားတွေ၊ သတင်းသမားတွေကို ပိုပြီးတော့ လုပ်ရ
ကိုင်ရ ခက်ခဲလာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်လို့ပဲ ထင်ပါတယ်။"

လူငယ်သတင်းထောက်တဦးက မြန်မာပြည်တွင်းက အခြေအနေတွေကို ပြောပြခဲ့တာ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG