သုံးရလွယ်ကူစေသည့် Link များ

နျူကလီးယားစွမ်းအင် ပြန်ထုတ်ရန် ပြင်ဆင်နေပြီဟု မြောက်ကိုရီးယား ခြိမ်းခြောက်


မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယား စွမ်းအင် ဆက်ပြီး မထုတ်လုပ်နိုင်အောင် အရင်က ဓါတ်ပေါင်းဖိုကို ဖျက်ဆီးထားတာကနေ အခုတော့ ပြန်ထုတ်လုပ်နိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီလို့ ထိပ်တန်း မြောက်ကိုရီးယား သံတမန်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား စွမ်းအင်ထုတ်လုပ်ရေး ရပ်ဆိုင်းဖို့ နိုင်ငံတကာ သဘောတူညီချက်တွေအတိုင်း လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိဘူးလို့ မြောက်ကိုရီးယားဘက်က စွပ်စွဲလိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက် ကာ့(တ်)အချင်း (Kurt Achin) ဆိုးလ်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ဒီနေ့ သောကြာနေ့မှာ တောင် နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ နယ်ခြား ကျေးရွာဖြစ်တဲ့ ပန်းမူဂျုယန် (Panmunjeom) ကျေးရွာမှာ နှစ်နိုင်ငံ ထိပ်တန်း သံတမန်တွေ တွေ့ဆုံကြတဲ့အချိန် မြောက်ကိုရီးယား သံတမန် ဟွန် ဟက်ခ်ဘောင်း (Hyun Hak Bong) က ဒီကိစ္စကို ကြေညာ ပြောဆိုလိုက်တာပါ၊ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား ဓါတ်ပေါင်းဖိုကို ပြန်လည် ထုတ်လုပ်နိုင်အောင် စတင်ဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား ဓါတ်ပေါင်းဖိုကို နျူကလီးယားစွမ်းအင် မထုတ်လုပ်နိုင်အောင် ရပ်ဆိုင်းနေတဲ့ လုပ်ငန်းစဉ်တွေကို အခု ရပ်လိုက်ပြီလို့ မြောက်ကိုရီးယား သံတမန် ဟွန် ဟက်ခ်ဘောင်း က ပြောပါတယ်။ နျူကလီးယား ဓါတ်ပေါင်းဖိုကို ပြန်ပြီး ထုတ်လုပ်နိုင်အောင် စတင်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ နျူကလီးယား စွမ်းအင်ထုတ်လုပ်မှု ရပ်ဆိုင်းရေး နိုင်ငံတကာသဘောတူညီချက်ရဲ့ အစိတ်အပိုင်း တခုအရ သူ့ရဲ့ အဓိက နျူကလီးယား ဓါတ်ပေါင်းဖိုဖြစ်တဲ့ ယွန်ဗျောင်း (Yongbyon) ဓါတ်ပေါင်းဖို ထုတ်လုပ်မှုတွေ ရပ်ဆိုင်းရေးအတွက် ပြီးခဲ့တဲ့ နှစ်က သဘောတူဆောင်ရွက်ခဲ့ပါတယ်။ ဒီလို သဘောတူညီချက်ပါ နောက်ထပ် အချက်တခု အနေနဲ့ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ ဆွေးနွေးဘက် ခြောက်နိုင်ငံထဲမှာ ပါတဲ့ တောင်ကိုရီးယား၊ တရုတ်၊ ရုရှား၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံတွေကို သူတို့ရဲ့ နျူကလီးယား ထုတ်လုပ်တဲ့ လုပ်ငန်းတွေအားလုံး အသိပေးအကြောင်းကြား ထုတ်ဖော် ကြေညာခဲ့ရပါတယ်။ ဒါပေမယ့်လည်း အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ဖော်ပြထားတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ အကြမ်းဖက်မှုတွေကို နိုင်ငံတော် အစိုးရ ကိုယ်တိုင် ကျုးလွန်နေတဲ့ နိုင်ငံတခုဖြစ်တယ်ဆိုတဲ့ စရင်းက ပယ်ဖျက်ပေးဖို့ ငြင်းပယ်ခဲ့တာကြောင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ သဘောတူညီချက်တွေအတိုင်း ဆက်လက် အကောင်အထည်ဖော်ဖို့ အခက်အခဲတွေ တွေ့ခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ မြောက်ကိုရီးယားဘက်က နျူကလီးယား ထုတ်လုပ်မှု ရပ်ဆိုင်းရေး ကတိက၀တ်တွေအတိုင်း သူ့ရဲ့ ထုတ်ဖော် ကြေညာချက်တွေ မှန်မမှန် ခိုင်ခိုင်လုံလုံ သက်သေအထောက်အထားနဲ့ စစ်ဆေးနိုင်တဲ့ အခြေအနေပေါ် မူတည်ပြီး အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနကရဲ့ စာရင်းက ပယ်ဖျက်ပေးမယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယား သံတမန် ဟွန် ဟက်ခ်ဘောင်း ကတော့ အမေရိကန်ပြည်ထောင်စုဘက်က ပြောကြားချက်ကို သဘောမတူဘူးလို့ ပြောပါတယ်။

နျူကလီးယား စွမ်းအင် ထုတ်လုပ်မှု ရပ်ဆိုင်းရေး မြောက်ကိုရီးယားဘက်က ထုတ်ဖော် ကြေညာထားတာတွေ မှန်မမှန် စစ်ဆေးတဲ့ ကိစ္စက မြောက်ကိုရီးယားကို အကြမ်းဖက်မှု ကျုးလွန်တဲ့ နိုင်ငံ စာရင်းက ပယ်ဖျက်ရေးမှာ ဒါက သီးခြားကိစ္စတခု ဖြစ်တယ်လို့ ဟွန်ဟက်ခ်ဘောင်း က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ သဘောတူညီချက်မှာ မပါတဲ့ စည်းကမ်းသတ်မှတ်ချက်ကို တဖက်သက် ချမှတ်နေတယ်လို့လည်း သူက စွပ်စွဲပါတယ်။

တောင်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီး ယု မြောင်ဟွန် (Yu Myung-Hwan) ကတော့ သတင်းထောက်တွေကို သောကြာနေ့က ဆိုးလ်မြို့ မှာ တွေ့ဆုံတဲ့အချိန် အမေရိကန်ပြည်ထောင်စုဘက်က ပြောဆိုထားတဲ့ မြောက်ကိုရီးယားဘက်က ကြေညာချက်တွေ မှန်မမှန် စစ်ဆေးနိုင်တဲ့ကိစ္စက သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်ဆိုတာ သူ့အနေနဲ့ သဘောတူတယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီး ယု မြောင်ဟွန် က မြောက်ကိုရီးယားဘက်က နျူကလီးယားစွမ်းအင် ထုတ်လုပ်ရေးနဲ့ ပတ်သက်လို့ အသိပေး အကြောင်းကြားတာ၊ ဒါကို မှမမှန်စစ်ဆေးနိုင်တဲ့ ကိစ္စတွေက ဆက်နွယ် ပတ်သက်နေတယ်လို့ ခြောက်နိုင်ငံ ဆွေးနွေးပွဲမှာ ပါဝင်တဲ့နိုင်ငံတွေက နားလည်ထားကြတယ်လို့ ပြောပါတယ်။ တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးက မြောက်ကိုရီးယားဟာ သူ့ရဲ့ အဓိက ယွန်ဗျောင်း နျူကလီးယား ဓါတ်ပေါင်းဖိုကနေ နျူကလီးယားစွမ်းအင် ပြန်လည်ထုတ်လုပ်မယ်လို့ ခြိမ်းခြောက်နေတာက သံတမန်ရေးအရ ဖိအားပေးတာမျိုးသာ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

မြောက်ကိုရီးယား နိုင်ငံဟာ ဒီနှစ်စောစောပိုင်းကပဲ ယွန်ဗျောင်း နျူကလီးယား ဓါတ်ပေါင်းဖိုက အအေးခံ မျှော်စင်ကို ဖျက်ဆီးပြီး ဒီလိုဖျက်ဆီးတာနဲ့ ပတ်သက်လို့လည်း စနစ်တကျ လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ပါတယ်။ လေ့လာသူတွေကတော့ မြောက်ကိုရီးယား နိုင်ငံအနေနဲ့ ဒီလို နျူကလီးယားစွမ်းအင် ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေ ပြန်လည် စတင်နိုင်ဖို့ဆိုရင် လနဲ့ချီပြီး၊ ဒါမှမဟုတ်ရင် နှစ်နဲ့ချီပြီးတော့တောင် ကြာကောင်းကြာနိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG