သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မြို့တော်တွင် ဗုံးပေါက်ကွဲ၊ လူ ၆၀ ထက်မနည်း သေဆုံး


ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘက် မှာရှိတဲ့ မဲရီးယော့တ် ဟိုတယ် အပြင်ဘက်မှာ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့် တင်ဆောင် ထားတဲ့ ထရပ်ကား တစီးကို အသေခံ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာကြောင့် လူ ၆၀ သေဆုံးပြီး လူ ၂၅၀ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။

စနေနေ့နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီပေါက်ကွဲမှုကြောင့် ဟိုတယ်အဝင်ပေါက် လုံး၀ ပျောက်ထွက်သွားပြီး ဧည့်ခန်းဆောင် လည်း ပျက်ဆီးကာ အဝေးကြီးက အဆောက်အဦတွေ တောင်မှ တုန်ခါသွားခဲ့ရပါတယ်။ ပေါက်ကွဲမှုကြောင့် ဟိုတယ် ရဲ့ ပင်မ ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ထွက်သွားပြီး ဟိုတယ်တခုလုံး မီးဟုန်းဟုန်း တောက်နေခဲ့ပါတယ်။ အဲဒီအဆောက်အဦ ပြိုကျနိုင်တယ်လို့လည်း အာဏာပိုင်တွေ က သတိပေးထားပါတယ်။

အထဲမှာ လူတွေ အများကြီး ပိတ်မိနေသေးတာကြောင့် သေဆုံးသူ အရေအတွက် ပိုများလာနိုင်ပါတယ်။ ဒီဖောက်ခွဲမှုအတွက် ၁,၀၀၀ ကီလိုဂရမ် ရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သုံးထားလိမ့်မယ်လို့ ရဲ က ခန့်မှန်းပါတယ်။

ပေါက်ကွဲမှုကြောင့် ပေ ၅၀ လောက်ကျယ်တဲ့ ကျင်းကြီးလည်း ဖြစ်သွားခဲ့ရပါတယ်။ အခုထိတော့ တိုက်ခိုက်မှုအတွက် ဘယ်သူကမှ ဝန်ခံလာတာ မရှိသေးပါဘူး။ ဒါပေမယ့် လွှတ်တော်နားမှာ ပေါက်ကွဲမှု ဖြစ်နိုင်တယ် ဆိုတဲ့ ထောက်လှန်းရေး သတင်း ရထားတယ် လို့တော့ ပြည်ထဲရေး ဝန်ကြီးဌာန အကြီးအကဲ က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG