သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း တာရိုအာဆို ဝန်ကြီးချုပ် ဖြစ်လာရန် အလားအလာကောင်း


ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း တာရို အာဆို (Taro Aso) ဟာ ဒီ သီတင်းပတ်အတွင်း ဝန်ကြီးချုပ်ဖြစ်လာမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းထားကြပါတယ်။ အဆို့ဟာ အမေရိကန်လိုလားတဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။ ပြည်တွင်း စီးပွားရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို မဖြေရှင်းဘူးဆိုရင် သူ့ရဲ့ ပါတီဟာ အသည်းအသန် နိုင်ငံရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဖို့လည်း ရှိနေပါတယ်။ ဗီအိုအေသတင်းထောက် Kurt Achin ဆိုးလ်ြမို့ကနေ ပေးပို့ထားတဲ့ သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။


တာရို အာဆိုရဲ့ အဖိုးဖြစ်သူ ရှိငဲ့ရု ယိုရှိဒနဲ့ ယောက္ခမဖြစ်သူ ဇဲန်ကို ဆူဇူကီတု့ိနှစ်ဦးစလုံးဟာ ဂျပန်ဝန်ကြီးချုပ်တွေ ဖြစ်ခဲ့ကြဖူး ပါတယ်။ အခုတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း အဆို့ဟာ သူကိုယ်တိုင်ဝန်ကြီးချုပ်ဖြစ်တော့မယ့် အလားအလာရှိနေပါပြီ။
ဂျပန်နိုင်ငံရဲ့ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ LDP က ဒီကနေ့ တနင်္လာနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူ့ကို ပါတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ လျာထားလိုက်တဲ့ သဘောပါပဲ။

သူ့ရဲ့နောက်ခံသမိုင်းကြောင်းအရကိုက သူ့အတွက် အခွင့်အလမ်း ကောင်းစေတယ် ဆိုပေမယ့် လူကြိုက်များသူ တဦးအဖြစ် အဆို့ ကို အများက မြင်ကြပါတယ်။ သူဟာ အိုလံပစ် လက်ဖြောင့် သေနတ်ပစ် ပြိုင်ပွဲဝင် အားကစားသမားဟောင်း၊ ဂျပန် ကာတွန်း စာအုပ်တွေကို နှစ်ခြိုက်သူ၊ စကားပြောတဲ့နေရာမှာ လူတချို့ အဆိုအရ တဲ့တိုး ပြောတတ်သူပါ။

တာရိုအာဆိုဟာ အမေရိကန်ပြည်ထောင်စုနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မယ့် အလားအလာရှိတယ်လို့ တိုကျို ကေးအို့တက္ကသိုလ် က တွဲဘက်ပါမောက္ခ တနိဂုချိ တို့မို့ဟိကို့ကပြောပါတယ်။

“အမေရိကန် ပြည်ထောင်စုဟာ ဂျပန်နိုင်ငံအတွက် ပထမ၊ ဒုတိယ၊ တတိယနဲ့ စတုတ္ထ အရေးအကြီးဆုံး နိုင်ငံ ဖြစ်တယ် ဆိုတာကို ပြောဖို့ သူဟာ နောက်တွန့်နေမယ့် လူမျိုး မဟုတ်ပါဘူး။” လို့ ပါမောက္ခ တနိဂုချိကပြောတာပါ။

အာဖဂန်နစ္စတန် ပြန်လည် တည်ငြိမ်ရေး အမေရိကန် ဦးဆောင်တဲ့ ကြိုးပမ်းမှုတွေမှာ အထောက်အပံ့ပြုနေတဲ့ ရေယာဉ်တွေ လောင်စာဆီ ပြန်ဖြည့်တဲ့ နေရာမှာ ဂျပန်ရဲ့ အခန်းကဏ္ဍအတွက် ဥပဒေ တရပ် အတည်ပြုဖို့ မတင်မကျ ဖြစ်နေတာ ပြေလည်သွားအောင် အဆို့က အပြင်းအထန် တွန်းအားပေးလိမ့်မယ်လို့ တနိဂုချိကပြောပါတယ်။ ဂျပန်နိုင်ငံရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ အရေးကြီးတယ်လို့ အမေရိကန်က မြင်ပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်စနိုင်ဖို့ နှိုးဆော်ထားပါတယ်။
တာရို အာဆိုဟာ ထိုင်ဝမ်ကို ထောက်ခံတဲ့ ကြေညာချက်တွေ အရင်တုန်းက ထုတ်ခဲ့ဖူးတဲ့အတွက် တရုတ်နိုင်ငံက စိတ်ဆိုးခဲ့ဖူး ပါတယ်။ ထိုင်ဝမ်ဟာ ကိုယ့်ဖာသာ သီးခြား အုပ်ချုပ်ရေးနဲ့ သွားနေတာဖြစ်ပေမယ့် တရုတ်ကတော့ သူ့ရဲ့ ခွဲထွက် ပြည်နယ် တခုအဖြစ် သတ်မှတ်ထားတာပါ။ အမေရိကန် ပြည်ထောင်စုနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့အတွက် သူ့ရဲ့ တရုတ်ပေါ်အမြင်ကို အဆို့က လျှော့ချမယ့်ပုံရှိတယ်လို့ တိုကျိုမြို့တော် Temple တက္ကသိုလ်၊ အာရှရေးရာ လေ့လာရေးဌာန ပါမောက္ခ Jeffery Kingston က သုံးသပ်ပါ တယ်။

“နိုင်ငံတကာ စနစ်ထဲမှာ တရုတ်နိုင်ငံဟာလည်း အဓိက ဇာတ်ကောင်တခု ဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုး အမေရိကန်က ဖြစ်စေချင်ပါတယ်။ အဆို့ (Aso) တကယ်တမ်း အနိုင်ရမယ်ဆိုရင် သူ့ရဲ့ အပြောအဆိုတွေကို လေသံလျှော့တာမျိုး၊ သူ့အမြင်တွေကို ပြန်ပြီး ချိန်ညှိ ထိန်းချုပ်တာမျိုး ကျနော်တို့ မြင်ရလိမ့်မယ်လို့ ထင်ပါတယ်။”

ဒုတိယ ကမ္ဘာစစ်မှာ စစ်ရှုံးခဲ့ပြီးကတည်းက ပြီးခဲ့တဲ့ သမိုင်းကြောင်း တလျှောက်လုံးနီးပါး LDP ပါတီက ဂျပန်နိုင်ငံကို အုပ်ချုပ်လာတာပါ။ ဒီနှစ် နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ခန့်မှန်းထားတဲ့ အထွေထွေ ရွေးကောက်ပွဲတွေမှာတော့ LDP ပါတီဟာ ခုချိန်ထိဆိုရင် အပြင်းထန်ဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမယ်လို့ Kingston က တွက်ချက်ထားပါတယ်။

“LDP ဟာ ကြိုးတန်းပေါ်မှာ လမ်းလျှောက်ရတဲ့ အခြေအနေ သေချာပေါက် ရောက်နေတာပါ။ မမှားသင့်တဲ့ အမှားမျိုးတွေ၊ နောက်ပြန်ဆွဲတာတွေ တသီတတန်း ဖြစ်ခဲ့ပါတယ်။ လူတွေ တကယ်တမ်း အလေးထားတဲ့ စားဝတ်နေရေး ကိစ္စမျိုးတွေကို သူတို့ အလေးအနက် မဆောင်ရွက်သေးပါဘူး။”

တုန့်နှေးနေတဲ့ ဂျပန်စီးပွားရေးဟာ အခုချိန်မှာ အဓိက လွှမ်းမိုးထားတဲ့ နိုင်ငံရေးကိစ္စဖြစ်နေပါတယ်။ စီးပွားရေးရာ ကိစ္စရပ်တွေကို ကိုင်တွယ် လုပ်ဆောင်ပုံ မှားယွင်းတယ်လို့ ယူဆကြပုံရတဲ့အတွက် အရင် ဝန်ကြီးချုပ် နှစ်ယောက် ရုတ်တရက်ဆိုသလို ရာထူးက နုတ်ထွက်သွားခဲ့ကြတာပါ။

အစိုးရရဲ့ အသုံးစရိတ်တွေကို မြှင့်တင် သုံးစွဲခြင်းအားဖြင့် ဂျပန် ပြည်တွင်း စီးပွားရေးကို အားပြန် ဖြည့်ပေးဖို့ အဆို့က ကတိပေး ထားပါတယ်။ ဒါပေမယ့် သူဟာ ဂျပန်နိုင်ငံ အလွန်အမင်း လိုအပ်နေတဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အရှိန်ကို နှေးကွေးသွားအောင် လုပ်လိမ့်မယ်လို့ အတိုက်အခံတွေက ဝေဖန်ကြပါတယ်။

XS
SM
MD
LG