သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထုံးစံအရ ခံဝန်ချက် လက်မှတ်ထိုးခဲ့သည်ဟု ပြန်လွတ်လာသူ NLD ကိုယ်စားလှယ်တဦးကဆို


၁၁ နှစ်ပါး အကျဉ်းထောင်ထဲမှာ နေခဲ့ရပြီးနောက် ပြင်ပအခြေအနေတွေကို လေ့လာပြီး
လုပ်သင့်လုပ်ထိုက်တာတွေကို စဉ်းစားလုပ်ဆောင်သွားမယ်လို့ ဒီနေ့ အကျဉ်းထောင်က
လွတ်မြောက်လာတဲ့ ကျောက်တန်းမြို့နယ် အန်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။ အာဏာပိုင်တွေဘက်က ထောင်ကမလွတ်
မြောက်ခင် ကန့်သတ်တဲ့ ခံဝန်ချုပ်တွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အလေးအနက်
မထားဘူးလို့ ပြောပါတယ်။ ပြည်အကျဉ်းထောင်က လွတ်မြောက်ပြီးစအချိန်
ကိုသိန်းထိုက်ဦးနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါ ဒေါက်တာသန်းငြိမ်းက ၁၁ နှစ် ပြင်ပနဲ့
ကင်းကွာပြီး အပြင်ကိုရောက်လာတဲ့ အခြေအနေတွေအပေါ် အခုလိုစပြောပါတယ်။

"အခု ကျနော် အိမ်တောင်ပြန်မရောက်သေးဘူး၊ ပြည်မှာပဲ ရှိပါသေးတယ်။ ဘာတွေ
ကွဲလွဲတယ်ဆိုတာတော့ ကျနော်လည်း ဘာမှသိပ်ပြီး မလေ့လာရသေးဘူး။"

၁၁ နှစ်လုံးလုံး ထောင်ထဲမှာနေခဲ့ရတော့ အပြင်ကိုထွက်တဲ့အချိန်မှာ အန်ကယ့်အနေနဲ့
ဘာတွေ ထူးခြားချက်ရှိပါသလဲ၊ အန်ကယ် လွတ်မယ်ဆိုတာရော ကြိုသိလားခင်ဗျ။

"ကြိုမသိပါဘူး၊ ဒီနေ့မနက်မှပဲ သိပါတယ်။"

ဒီနေ့မနက်မှ သူတို့က လာပြီးအကြောင်းကြားတာလား။

"ဟုတ်ပါတယ်။"

အန်ကယ့်ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိပါသလဲ။

"ကျန်းမာရေးကတော့ ကျနော် နေလို့တော့ ကောင်းပါတယ်။ သို့သော်လည်း ရောဂါ
တွေကတော့ ရှိနေတာကိုး။ ဒီရောဂါတွေက ပျောက်မယ့်ရောဂါတွေတော့ မဟုတ်ပါဘူး။
ကျနော့်အမျိုးသမီးက စီစဉ်ထားတာတော့ ဒီကနေပြီး ရန်ကုန်ပြန်ရောက်ရင် ဆေးရုံမှာ
သွားပြီး စစ်ဆေးဖို့တို့ ဘာတို့ လုပ်ရမှာပေါ့ဗျာ။"

ရောဂါအနေနဲ့ဆိုရင်ရော ကျနော်တို့ သိလို့ရမလား၊ ဘာတွေ အဓိက စစ်ဆေးဖို့၊ ကုသ
ဖို့ လိုပါသလဲ။

"တော်တော်တော့များပါတယ်။ အထူးသဖြင့် အသည်းနဲ့ပတ်သက်တဲ့ရောဂါ၊ ပြီးတော့
ကျနော်တို့အရွယ်မှာဖြစ်တတ်တဲ့ ဆီးကျိတ်ရောဂါ၊ အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါ၊
နှလုံးနဲ့ပတ်သက်တဲ့ရောဂါ၊ အဲလို တော်တော်များများရှိပါတယ်။"

အန်ကယ် ကျန်းမာရေးစစ်ဆေးပြီးရင် ကျန်တဲ့နိုင်ငံရေးကိစ္စတွေ ပြန်ပြီးလုပ်ဖို့ ရည်ရွယ်
ချက်တွေ ရှိပါသလား၊ ဘာတွေစီစဉ်ထားပါသေးလဲခင်ဗျ။

"ဒါတွေကတော့ ချက်ချင်းလည်း ကျနော့်မှာ မရှိသေးပါဘူး။ ကျနော်လည်း ၁၁ နှစ်
လုံးလုံး အကုန်ကွဲကွာနေတဲ့အခါကြတော့ ရမ်းပြီးတော့လည်း ဒါမျိုးက လုပ်လို့ရတာ
မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ခွင့်တို့ဘာတို့ကလည်း သူ့အခြေအနေ၊ သူ့အချိန်
အခါ ဒါမျိုးတွေက ရှိသေးတာကိုး။ အဲတော့ အရမ်းတော့ ကျနော် လုပ်ဖို့မရှိပါဘူး။
အေးအေးဆေးဆေးပေါ့။"

အန်ကယ် အခု လွတ်မြောက်လာတဲ့အချိန်မှာ အာဏာပိုင်တွေဘက်က တစုံတရာ
ခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းတာမျိုး၊ တစုံတရာ သဘောတူညီမှု ပေးခဲ့ရတာမျိုးတွေ
ရှိပါသလား။

"ဒါကတော့ ထုံးစံအတိုင်းလုပ်တာလေး နည်းနည်းပါးပါးတော့ ရှိပါတယ်။ ဒါပေမယ့်လည်း
ကျနော်က သိပ်တော့ အလေးအနက် မထားပါဘူး။"

နိုင်ငံရေးဆက်ပြီးလုပ်ခွင့်ကို ပိတ်ပင်တဲ့ သဘောတူညီချက် ခံဝန်ချက်မျိုး ထိုးခဲ့ရပါသေး
လား။

"ဒီလိုသဘောမျိုးထိတော့ မဟုတ်ပါဘူး။"

လောလောဆယ် အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ရော အဆက်အသွယ်
ရပါပြီလား။

"ကျနော် အခုမှ ပြည်မှာပဲရှိပါသေးတယ်။ ရန်ကုန်ကို ပြန်မရောက်သေးဘူး။ ကျနော်
ဘယ်သူနဲ့မှ အဆက်အသွယ် မရှိသေးဘူး။"

၁၁ နှစ်နီးပါး စစ်အစိုးရ အကျဉ်းထောင်ထဲမှာ နေခဲ့ရပြီး ဒီနေ့ ပြန်လွတ်လာတဲ့
ကျောက်တန်းမြို့နယ် အန်န်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ
သန်းငြိမ်းကို ကိုသိန်းထိုက်ဦးက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG