သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ ပြန်လည်ဆန်းစစ်ရေး ကြေညာချက် အန်န်အယ်လ်ဒီ မရုပ်သိမ်း


စစ်အစိုးရ အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်စမ်းစစ်တဲ့ ကော်မတီ
တရပ် ဖွဲ့စည်းဖို့ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုထားတဲ့
ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ မြန်မာစစ်အစိုးရက ဒီနေ့ တောင်းဆိုပါတယ်။
အန်န်အယ်လ်ဒီ ခေါင်းဆောင်တွေကို ခေါ်ယူတွေ့ဆုံပြီး အန်န်အယ်လ်ဒီရဲ့ ကြေညာချက်
ဟာ အများပြည်သူကို သွေးထိုးလှုံ့ဆော်တဲ့အချက်တွေ ပါနေတယ်ဆိုပြီး စစ်အစိုးရဘက်
က အကြောင်းပြပါတယ်။ အန်န်အယ်လ်ဒီကတော့ စစ်အစိုးရဲ့ တောင်းဆိုချက်ကို
လက်မခံခဲ့ပါဘူး။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဒီနေ့ နေ့ခင်းပိုင်းမှာပဲ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ်ရုံးက ဆက်သွယ်
ပြီး အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ
ကို ခေါ်ယူခဲ့ပါတယ်။ အန်န်အယ်လ်ဒီ စီအီးစီအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့
ဗိုလ်မှူးကြီးဟောင်း ဦးလွန်းတင်တို့ကလွဲရင် သွားရောက်တွေ့ဆုံခဲ့တဲ့သူ အားလုံးပါဝင်
တယ်လို့ အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"အဓိကက ဘာလဲဆိုတော့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့ အထူးကြေညာချက် ၁၈၊
အဲဒီကြေညာချက်က ဘာလဲဆိုတော့ လွှတ်တော်ခေါ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြန်လည်စမ်းစစ်ပေးမယ့် ကော်မတီဖွဲ့၊ ဒီလိုလုပ်ပါ ဘာညာ ကျနော်တို့က တိုက်တွန်း
ခဲ့တာပါ။ အဲဒီစာမှာပါတဲ့ အချက်အလက်တွေက အများပြည်သူတွေကို သွေးထိုး
လှုံ့ဆော်ရာကျတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ဥပဒေအရ တရားစွဲဆိုလို့ရတယ်၊
ဒါကြောင့် ဒီကြေညာချက်ကို ပြန်ရုပ်သိမ်းပေးပါဆိုပြီး တောင်းဆိုတာပါ။"

မြန်မာစစ်အစိုးရ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တရားမဝင်ဘူး၊
ဒါ့ကြောင့် အသိအမှတ် မပြုနိုင်ဘူးဆိုပြီး အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
က ကြေညာထားပါတယ်။ အခု စစ်အစိုးရဘက်က ကြေညာချက်ကို ပြန်လည်ရုပ်သိမ်း
ပေးဖို့ တောင်းဆိုချက်ကို အန်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လက်မခံခဲ့တဲ့
အကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

"စီအီးစီက တခါတည်းဖြေခဲ့ပါတယ်။ ကျနော်တို့ မရုပ်သိမ်းပေးနိုင်ဘူး၊ ဒီကြေညာချက်
မှာပါတဲ့ အချက်အလက်တွေက အခိုင်အလုံရှိပါတယ်၊ အဲဒီလို ဖြေခဲ့ပါတယ်။ ဒါက
မှန်တယ်၊ အချက်အလက်တွေလည်း ခိုင်တယ်၊ မရုပ်သိမ်းနိုင်ဘူးဆိုပြီး ဖြေခဲ့တာပါ။
စာရွက်စာတမ်းအပေါ်မှာ ပြောရလို့ရှိရင် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့တဲ့အချိန်မှာ မတရား
လုပ်တာတွေ ရှိတယ်။ အာဏာပိုင်တွေကိုယ်တိုင် ပါဝင်တယ်။ ဒါကြောင့်လည်း လူထုက
ဒီအခြေခံဥပဒေကို လက်မခံဘူးလို့ ပြောတာကို သူတို့ မကျေမနပ်ဖြစ်တယ်လို့ ယူဆပါ
တယ်။"

အခြေခံဥပဒေဟာ ရေးဆွဲပိုင်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရေးဆွဲတာ
မဟုတ်တဲ့အတွက် တရားဝင်မှု အားနည်းခဲ့တယ်လို့ အန်န်အယ်လ်ဒီဘက်က ပြောပါ
တယ်။ နောင်ကျင့်သုံးတဲ့အခါ ပေါ်ပေါက်လာနိုင်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်း
တွေကိုလည်း လေ့လာတွေ့ရှိထားတယ်လို့ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်က ဆိုပါတယ်။ ဒါ့အပြင် ပြုပြင်ဖို့ခက်ခဲတဲ့ အချက်တွေကို ထည့်သွင်းထားတဲ့
အတွက် ဖွဲ့စည်းပုံ အာဏာမသက်ရောက်ခင် တရားဥပဒေဘောင်အတွင်းက နိုင်ငံရေး
နည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့၊ ဒီဖွဲ့စည်းပုံကို ပြန်လည်စမ်းစစ်တဲ့ ကော်မတီတရပ် ဖွဲ့စည်း
ဖို့ဆိုပြီး တောင်းဆိုခဲ့တာပါ။

ဆူပူသွေးထိုးလှုံ့ဆော်တဲ့ အချက်တွေ ပါဝင်နေတယ်ဆိုပြီး တရားစွဲနိုင်တယ်လို့
စစ်အစိုးရဘက်က အကြောင်းပြတာကို ဒီလို အန်န်အယ်လ်ဒီဘက်က ပြန်လည်ရုပ်သိမ်း
ဖို့ ငြင်းဆိုခဲ့တဲ့အတွက် စစ်အစိုးရဘက်က ဘယ်လိုတုံ့ပြန်မယ် ဆိုတာကတော့ စစ်အစိုး
ရဘက်က သဘောထားအပေါ်မှာသာ မူတည်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG