သုံးရလွယ်ကူစေသည့် Link များ

ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် ရန်ကုန်လုံခြုံရေး အထူး တင်းကြပ်


ပြီးခဲ့တဲ့နှစ်က ပေါ်ပေါက်ခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး သံဃာ့လှုပ်ရှားမှုကို အာဏာပိုင်တွေက ဖြိုခွင်းခဲ့တဲ့ ဒီနေ့ စက်တင်ဘာ ၂၆ ရက်၊ တနှစ်ပြည့်မှာ ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံတ၀ှမ်းက မြို့တွေအားလုံးကို အာဏာပိုင်တွေ ဘက်က လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားပါတယ်။ ဒီနှစ်မှာ သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီတဲ့ လှုပ်ရှားမှုတွေ၊ လူထုရဲ့ ဆန္ဒပြပွဲ သတင်းတွေ မကြားရပါဘူး။ ဒါပေမယ့်လည်း အခြေအနေဟာ ငြိမ်သက်နေတာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောဆိုပါတယ်။ သံဃာ့လှုပ်ရှားမှု တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကိုသိန်းထိုက်ဦးက စုစည်း တင်ပြထားပါတယ်။

သံဃာ့လှုပ်ရှားမှု အရှိန်အဟုန် အမြင့်ဆုံးအချိန်ရောက်ခဲ့တဲ့ တနှစ်ပြည့် အခါသမယ ရန်ကုန်မြို့ တွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တင်းတင်းကြပ်ကြပ် ချထားတဲ့အကြောင်း မျက်မြင်သက်သေ တယောက်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“လုံခြုံရေးကား ခြောက်စင်းတတွဲ၊ ခုနှစ် စင်းတတွဲ ရန်ကုန်တမြို့ လုံးကို တချိန်လုံး ပတ်နေတာတွေ့တယ်။ စမ်းချောင်းမှာလည်း လမ်းဆုံ မီးပွိုင့်တွေ၊ လမ်းဂွတွေမှာ စွမ်းအားရှင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တွေ့တယ်၊ လက်ဘက်ရည်ဆိုင်တွေ အရေးကြီးတဲ့နေရာတွေမှာ ရဲက ဆိုင်ကယ်လေးငါးစီးနဲ့ တွေ့တယ်။ မြေနီကုန်းလမ်းဆုံ၊ မြေနီကုန်း တာဝါရှေ့ မှာလည်း စွမ်းအားရှင်တွေရော ကြံ့ဖွံ့တွေရော၊ ရဲတွေရော တွေ့တယ်။ စံပြရုပ်ရှင်ရုံ မီးပွိုင့်မှာလည်း လူ ၂၀ လောက် ရှိမယ်ထင်တယ်။ သရက်တောကျောင်းလည်း ရှိတော့ သရက်တောကျောင်း ပတ်ဝန်းကျင်မှာလည်း ပြည့်နေတယ်။”

ပြီးခဲ့တဲ့နှစ်က သံဃာတော်တွေ မေတ္တာပို့ကြွချီခဲ့တဲ့ လမ်းဆုံလမ်းဂွတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို အာဏာပိုင်တွေ ဘက်က အဓိက လုံခြံရေးယူပြီးတော့ စောင့်ကြည့်နေတာလို့ မျက်မြင်သက်သေတွက ပြောပါတယ်။ ဒီလို လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ အခြေအနေကြောင့်လည်း လူတွေက မဖြစ်မနေသွားရမယ့် ကိစ္စမျိုးရှိမှသာ မြို့ထဲကို ထွက်ကြတဲ့အတွက် လူတွေ အသွားအလာနည်းပြီး မြို့ လည်း ခြောက်ကပ်နေတယ်လို့ ပြောပါတယ်။

“သိမ်ကြီးဈေးတို့ ဗိုလ်ချုပ်ဈေးတို့ အဲဒီနေရာတွေမှာလည်း လုံခြုံရေးတွေ ကြပ်ထားတာ တွေ့တယ်၊ ကုန်ဈေးတန်းလမ်းဆိုရင်လည်း လမ်းပိတ်ထားလိုက်သေးတယ်။ နောက်ပိုင်း ကားတွေ ပြည့်သိပ်ပြီး ပိတ်မိနေတော့ ပြန်ဖွင့်လိုက်တယ်။ နောက် ဆူးလေမှာတော့ မြို့တော်ခမ်းမ တ၀ိုက်ကတော့ တော်တော် ထူထူထဲထဲပဲ၊ အဲဒီမှာ ထိုင်ခုံတွေ တန်းလျားတွေမှာ ထိုင်နေတာ တော်တော်များများ တွေ့တယ်။ ကားတွေကလည်း အရပ်သားတွေရော သူတို့ ရဲကားတွေရော တွေ့တယ်။ အရပ်ကားတွေကို ချောဆွဲထားတာ၊ ကားက အမျိုးစုံပဲ၊ ဒိုင်းတွေ ဒုတ်တွေရော သေနတ်တွေရောပါတယ်။ တချိန်လုံးပတ်နေတယ်။ လူတွေက တိတ်ဆိတ်နေတာပဲ။ မြို့ က အသေကြီးလိုဖြစ်နေတယ်။ လူတွေ တိတ်ဆိတ်နေတယ်။”

သံဃာ့လှုပ်ရှားမှုနှစ်ပတ်လည်မှာ အာဏာပိုင်တွေဘက်က နောက်ထပ် လှုပ်ရှားမှုတွေ မဖြစ်အောင် လုံခြုံရေးကို အထူးတင်းကြပ်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း လူတွေကြားမှာတော့ မေတ္တာပို့ကြွချီတဲ့ သံဃာတော်တွေ ရက်ရက်စက်စက် နှိမ်နှင်းခံရတဲ့ ပုံတွေကို မမေ့သေးဘူးလို့ နောက်ထပ် မျက်မြင်သက်သေ တယောက်ကလည်း ပြောပါတယ်။

“လုံခြုံရေးကား ၁၂ စင်းလောက် လက်နက်အပြည့်အစုံနဲ့ အမြဲတမ်းပတ်နေတာပဲ၊ အုပ်စုနဲ့ ဆန္ဒပြပွဲတွေ ဖြစ်နိုင်မယ့် အနေအထားမျိုးတော့ မရှိဘူး။ လူတွေကတော့ မမေ့ဘူး၊ စကားဝိုင်းတိုင်းမှာ ပြောနေတယ်။ အားမလိုအားမရ ဖြစ်နေတယ်။ ဘုန်းကြီးလောကရော ရိုးရိုးလူတွေ အတွင်းမှာရော စီးပွားရေးသမားတွေလည်း ပါတယ်။ လက်လုပ်လက်စား ဆင်းရဲနေတဲ့သူတွေကြားမှာ လုပ်ချင်နေတဲ့ စိတ်တွေ ရှိနေတယ်။”

အာဏာပိုင်တွေဘက်က လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးကို တာဝန်ယူပြီး မြို့ တွင်းကို လှည့်နေသလိုပဲ လုံခြုံရေးအရ စည်းကမ်း ဖောက်ဖျက်တယ်လို့ ယူဆတဲ့သူတွေကို လိုအပ်တာထက်ပိုပြီး အရေးယူခဲ့တာတွေလည်း ဒီရက်ပိုင်းမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ မြောက်ဒဂုံမှာ ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်တယ် ဆိုပြီး လူခြောက်ယောက်ကို အာဏာပိုင်တွေက ထောင် ၁၅ ရက် ပြစ်ဒဏ် ချခဲ့ပါတယ်။ အရင်ကဆိုရင် ဒဏ်ငွေလောက်ပဲ ဆောင်ရတဲ့ ပစ်မှုမျိုးကို ထောင်ဒဏ်အထိ ပြစ်ဒဏ်ချပြီး ပြင်းပြင်းထန်ထန် အရေးယူတာမျိုးတွေ လုပ်နေတယ်လို့ ရန်ကုန်မြို့ခံက ပြောပါတယ်။

“မြောက်ဒဂုံမှာဆိုရင် ဧည့်စာရင်း မတိုင်လို့ဆိုပြီး ထောင်ချလိုက်တယ်။ ဘာလေးဖြစ်လိုက်ဖြစ်လိုက်၊ အများဆုံး တပ်နေတဲ့ ပုဒ်မ ရဲတာဝန်ရှိသူတွေကို တာဝန်က နှောင့်ယှက်တယ်ဆိုပြီး အရေးယူနေတယ်။ ကျနော်သိတာတင် ကျနော် မြောက်ဒဂုံ ရုံးချိန်းကို သွားတုန်းက ထောင်ချခံရတာ အမျိုးသမီး နှစ်ယောက်ပါတယ်။ အမျိုးသားလေးယောက်၊ စုစုပေါင်း ခြောက်ယောက်။”

ရန်ကုန်မြို့ တွင်း လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ အခြေအနေတွေကို ရန်ကုန်မြို့ခံတွေက ပြောပြကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG