သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဲန်အယ်လ်ဒီ အနှစ် (၂၀) ပြည့် အဖွဲ့ဝင်တချို့ အဖမ်းခံရ


အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တဲ့ အနှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ကြားက အဲန်အယ်လ်ဒီအဖွဲ့ဝင်တွေ ကျင်းပခဲ့ကြပါတယ်။ အဲန်အယ်လ်ဒီအဖွဲ့ဝင် တချို့ လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အပြည့်အစုံကို ထိုင်း အခြေစိုက် သတင်းထောက် ဒေါ်အေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တဲ့ နှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပတဲ့ နေရာမှာ အာဏာပိုင်တွေက လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀၀ လောက် ချထားခဲ့ပြီး အဖွဲ့ဝင် ၉ ယောက်ကိုလည်း အခမ်းအနား အပြန်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့ အကြောင်း အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီနေ့ အခမ်းအနားကျင်းပတာပေါ့။ အခမ်းအနားပြီးစီးသွားတယ်။ လုံခြုံရေးအခြေအနေ ပြောရင်တော့ အင်အားအတော်ကို များတယ်။ အဲန်ကယ်တို့ ရုံးဝန်းကျင်မှာ ဒိုင်နာကားနဲ့ အရပ်ဝတ်နဲ့ လာတာ လေး-ငါရာ ရှိတယ်။ ဘာတွေလဲတော့ မသိဘူး၊ တာဝန်ရှိတဲ့သူလား၊ တာဝန်မရှိဘဲနဲ့ လာတဲ့သူတွေလား၊ မသိဘူး။ အဲဒါ တချက်၊ ထက်ထက်ဦးဝေရယ် ဒေါ်ရှမ်းမရယ် ရွှေပြည်သာက၊ သူတို့နှစ်ယောက်နဲ့ အားလုံး ခြောက်ယောက်က မနက် အဖွဲ့ချုပ်ရုံးကိုအလာ ရုံးနားမှာအရောက် ကားဂိတ်နားမှာ အဖမ်းခံရတယ်လို့ ကြားတယ်။ နောက်ထပ် အခမ်းအနားအပြီး ပြန်တဲ့အထဲမှာ အမျိုးသမီးသုံးယောက်ကို ကားပေါ် စွဲတင်ပြီး ဖမ်းသွားတယ်လို့ သိရတယ်။ အဲဒါ စုစုပေါင်း မနက် ခြောက်ယောက်၊ ညနေ သုံးယောက်၊ ကိုးယောက်။ နာမည်ကတော့ အဲဒီ နှစ်ယောက်ပဲ သိရတယ်။ ကျန်တဲ့သူတွေနဲ့ ပတ်သက်လို့တော့ မသိရသေးဘူး။”

မကြာခင်က လွတ်မြောက်လာတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် အပါအဝင် အဖွဲ့ချုပ်ဝင် သုံးယောက်ကို ဒီနေ့ အခမ်းအနားမှာ မူလ နေရာမှာ ပြန်လည် တာဝန်ယူပေးဖို့အတွက် အဖွဲ့ချုပ် ဥက္ကဋ္ဌက ကမ်းလှမ်းခဲ့ပြီး ဦးဝင်းတင် ကလည်း ပြန်လည် လက်ခံခဲ့တယ်လို့ ပြောပါတယ်။

“၂၃ ရက်နေ့က လွတ်မြောက်လာတဲ့ ဆရာဦးဝင်းတင်၊ ဦးခင်မောင်ဆွေ။ ဒေါက်တာ သန်းငြိမ်း သူတို့ သုံးယောက် ဒီနေ့ အခမ်းအနား တက်တယ်လေ၊ အဲတော့ သူတို့သုံးယောက်နဲ့ ပတ်သက်ပြီးတော့ သူတို့ ယခင် တာဝန်ယူခဲ့တဲ့ ဆရာဦးဝင်တင် ဆိုရင် စီအီးစီ အဖွဲ့ဝင်ပေါ့၊ ဆရာဦးခင်မောင်ဆွေလည်း စီအီးစီအဖွဲ့ဝင်ပဲ၊ ဒေါက်တာ သန်းငြိမ်းက ရန်ကုန်တိုင်း ဒု ဥက္ကဋ္ဌပေါ့၊ ဒီရာထူးတွေကို ပြန်ပြီး ထမ်းဆောင်ဖို့ ပြန်လည်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဥက္ကဋ္ဌက ဖိတ်ခေါ်လိုက်တယ်။”

ပြန်လည်လွတ်မြောက်လာပြီးမှ ထပ်ပြီး အဖမ်းခံလိုက်ရတဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ရဲ့ အခြေအနေကို မေးကြည့်တဲ့အခါ -

“သူ ၁၇ နာရီနေရတယ်။ နောက်နေ့ သင်္ဘော စီးဖို့ စောင့်နေတာ။ သဘောၤမစင်းခင်ဘဲ ကသာ ထောင်ထဲကို ပြန်ခေါ်သွားတယ်။ သူ့ရဲ့ မိသားစုကလည်း ကသာ လိုက်သွားတဲ့အခါ ကသာ ထောင်ထဲမှာ ရှိတဲ့ ထောင်ဝင်စာ တွေ့ခဲ့ရတယ်။ ကျနော်တို့ မေးတာက ဘာကြောင့် ဒီလိုဖြစ်တာလဲ။ အဲဒါနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက အကျိုးအကြောင်း ဘာမှ မပြောပါဘူး။”

အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG