သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲ ငွေကြေးဈေးကွက် အရေး အဓိက လွှမ်းမိုး


အမေရိကန် ပြည်ထောင်စု ရဲ့ သမ္မတလောင်း ၂ ဦး ဖြစ်ကြတဲ့ ရီပါဘလီကန်ပါတီ သမ္မတလောင်း ဂျွန်မက်ကိန်း နဲ့ ဒီမိုကရက် ပါတီ သမ္မတလောင်း ဘားရက် အိုဘားမား တို့ ဟာ ငွေကြေးဈေးကွက် အကျပ်အတည်း နဲ့ နိုင်ငံခြားရေး မူဝါဒ ကိစ္စတွေ ကို မစ္စစပီ (Mississippi) တက္ကသိုလ် မှာ နိုင်ငံရေး စကား စစ်ထိုးခဲ့ကြပါတယ်။ အခွန်ဖြတ်တောက်ရေး၊ အီရန် နိုင်ငံ ရဲ့ နျူကလီယား ရည်မှန်းချက်၊ အာဖဂန်နစ္စတန် နဲ့ အီရတ် စစ်ပွဲ ကိစ္စတွေ နဲ့ ပတ်သက်ပြီး၊ သမ္မတလောင်း ၂ ယောက် ဟာ မကြာခဏဆိုသလို သဘောထားကွဲ စကားစစ်ဆင်ခဲ့ကြပါတယ်။

စကားစစ်ထိုးခဲ့ကြတဲ့ Oxford မြို့ ကနေ ဗွီအိုအေ သတင်းထောက် Greg Flakus သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။ နိုင်ငံခြားရေး မူဝါဒ ဟာ အခု နိုင်ငံရေး စကားစစ်ထိုး ပွဲ ရဲ့ အဓိက အကြောင်းအရာ ဖြစ်ရမှာ ဖြစ်ပေမယ့်၊ ငွေကြေး ဈေးကွက် အကျပ်အတည်း က ထိပ်ရောက်သွားခဲ့ပြီး၊ အချေအတင် ငြင်းကြတဲ့ အချိန် ပထမပိုင်း တစ်ဝက်လုံး ကို ယူသွားခဲ့ပါတယ်။

သမ္မတလောင်း ၂ ယောက်လုံး က ဝါရှင်တန် ကနေ မစ္စစပီ ပြည်နယ် ကို လာခဲ့ကြတာပါ။ ငွေကြေးဈေးကွက် အကျပ်အတည်း ကိစ္စ အပေါ် အာရုံစိုက်နိုင်ရအောင်၊ အထက်လွှတ်တော် အမတ် မက်ကိန်း က သူ့ မဲဆွယ်စည်းရုံးရေးကို ရပ်ထားပြီး၊ စကား အချေအတင် ငြင်းကြမယ့် ပွဲ ကိုလည်း ရွှေ့ဖို့ ဗုဒ္ဓဟူးနေ့တုန်း က တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် တစ်ယောက်တည်းဖြစ်လည်း အထက်လွှတ်တော် အမတ် မစ္စတာ အိုဘားမား ကတော့ လာမယ် လို့ ဆိုပါတယ်။ စကားစစ်ထိုးပွဲ က အဲသလို မရေမရာ ဖြစ်နေရာ က သောကြာနေ့မှာတော့ ဝါရှင်တန် မှာ ငွေကြေးကိစ္စ ဆွေးနွေးနေတာတွေ က တိုးတက်မှုရှိလာတဲ့အတွက် သူ လာ စကားစစ်ထိုးမယ် လို့ ပြောခဲ့ပါတယ်။ သမ္မတလောင်း ၂ ယောက်လုံး က ငွေကြေးအကျပ်အတည်း ကို ကယ်တင်မယ့် အစီအစဉ် ကို ယေဘုယျ အယူအဆပေါ်မှာတော့ သဘောတူကြပါတယ်။

ဒါပေမယ့် အမေရိကန် စီးပွားရေး ပြန်ကောင်းလာအောင် ဘာလုပ်မလဲ ဆိုရာမှာတော့ ၂ ယောက် ကွဲနေကြပါတယ်။ အစိုးရ ဟာ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေ ကို တာဝန်ရှိရှိ လုပ်ဆောင်ဖို့လိုအပ်တယ် လို့ မစ္စတာ မက်ကိန်း က ထင်ပါတယ်။

“ကျွန်တော်တို့ အသုံးစားရိတ်တွေ ဖြတ်တောက်ရပါမယ်။ အသုံးစားရိတ် ဖြတ်တောက်ဖို့ ကျွန်တော် တိုက်ပွဲ ဝင် နေခဲ့ရပါတယ်။ အထက်လွှတ်တော် အမတ် အိုဘားမား ကတော့ ဒေါ်လာ သန်း ပေါင်း ၈ သိန်း အသစ် သုံးစွဲမယ့် အစီအစဉ်တွေ ရှိနေပါတယ်။ အဲဒီ သုံးစွဲမယ့် အစီအစဉ်တွေ ကို ပယ်ဖျက်တာ နဲ့ စဖို့ ကျွန်တော် အကြံပေးချင်ပါတယ်။”

အထက်လွှတ်တော် အမတ် မက်ကိန်း နဲ့ ရီပါဘလီကန် ပါတီဝင်တွေ ဟာ သူဌေးတွေ အပေါ် ကောက်နေတဲ့ အခွန် ဖြတ်တောက်ပစ်ဖို့ပဲ ထောက်ခံနေကြပြီး၊ သာမာန် အလုပ်လုပ်နေတဲ့ အမေရိကန်တွေ ရဲ့ လိုအပ်ချက်ကိုတော့ လျစ်လျူပြုနေတယ်လို့ အထက်လွှတ်တော် အမတ် အိုဘားမား က ပြန်လည် ချေပခဲ့ပါတယ်။

“မလိုတော့တဲ့ လူတွေအပေါ် အခွန်ဖြတ်တောက်ဖို့ ကျွန်တော်တို့က ဒေါ်လာ သန်းပေါင်း ၃ သိန်း သုံးစွဲပြီး၊ တစ်နိုင်ငံလုံးရှိ ပြည်သူတွေအပေါ် ဖိစီးနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုတော့ ချန်ထားမယ် ဆိုရင်၊ ဒါ ဆိုးရွားလှတဲ့ ဆုံးဖြတ်ချက်ပဲ လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ရဲ့ ရေရှည် ဦးစားပေးလုပ်ရမယ့် အလုပ်တွေကို ရေတို သဘောအရ မပြောင်းမိဖို့ ကျွန်တော်ကတော့ သေချာစေချင်ပါတယ်။”

နိုင်ငံခြားရေး မူဝါဒ မှာတော့ အီရန် ရဲ့ နျူကလီယား လက်နက် ခြိမ်းခြောက်မှု၊ ရုရှား နဲ့ ဆက်ဆံရေးတွေ ကို မစ္စတာ အိုဘားမား အပြည့်အ၀ နားမလည်ဘူး လို့ မစ္စတာ မက်ကိန်း က ဆိုပါတယ်။ မစ္စတာ အိုဘာမား ကတော့ လက်ရှိသမ္မတ ဘုရှ် ရဲ့ မူဝါဒတွေ ကို ဝေဖန် ပြောကြားခဲ့ပါတယ်။ မစ္စတာ မက်ကိန်း က ဘုရှ် မူဝါဒတွေ ကို အများအားဖြင့် ထောက်ခံပါတယ်။

အီရတ် ကို ကျူးကျော်ဝင်ရောက်ဖို့ ဆုံးဖြတ်ချက် ကို မစ္စတာ အိုဘားမား က ဝေဖန်ပြီး၊ မစ္စတာ မက်ကိန်း ကတော့ အီရတ် မှာ စစ်တပ် ပို ချခဲ့လို့ အောင်မြင်မှုတွေ ရှိလာခဲ့တာ ကို ချီးမွမ်းပြောဆိုသွားပါတယ်။ အီရန် ကိစ္စမှာတော့ သမ္မတလောင်း ၂ ယောက် တို့ ဟာ အပြင်းထန်ဆုံး စကား စစ်ထိုးခဲ့ကြပါတော့တယ်။

အီရန် မှာ နျူကလီယား လက်နက် ရှိလာတာဟာ အစ္စရေး ကို ခြိမ်းခြောက်ရာ ရောက်ပြီး၊ မစ္စတာ အိုဘားမား က အီရန် ခေါင်းဆောင် မာမွတ် အမာဒင်နဂျက် (Mahmoud Ahmadinejad) နဲ့ တိုက်ရိုက် တွေ့ဆုံမယ် ဆိုတာကို ထိုးနှက် တိုက်ခိုက်ပါတယ်။ သူကတော့ တွေ့လိမ့်မယ် မဟုတ်ဘူး လို့ ဆိုပါတယ်။

“မစ္စတာ အိုဘားမား နားမလည်တာကတော့ အခြေအနေ အချို့ သတ်မှတ်မထားဘဲ၊ အစ္စရေး နိုင်ငံ ကို အပုပ်နံ့ ဟောင်စော်နေတဲ့ အလောင်းကောင် လို့ ခေါ်ထားပြီး၊ မြေပုံ က ဖယ်ထုတ် ဖျက်ဆီးပစ် ချင်တဲ့ တစ်စားပွဲထဲ ထိုင်တာဟာ အဲဒီ သူ ပြောထားတဲ့ စကားတွေ ကို တရားဝင်သွားအောင် လုပ်ပေးရာရောက်တယ် ဆိုတာပါပဲ။ ဒါ တော်တော် အန္တရာယ် ကြီးပါတယ်။ ထုံ-အ ရုံသာ မဟုတ်ပါဘူး။ အန္တရာယ် ကြီးတာပါ။”

ဒါပေမယ့် မစ္စတာ အိုဘားမား ကတော့ အမေရိကန်နိုင်ငံ လုံခြုံစိတ်ချရေး အတွက် ဆိုရင်၊ ဘယ် နိုင်ငံခြား ခေါင်းဆောင် နဲ့ မဆို သူ တွေ့ချင်တဲ့ ဆန္ဒရှိတယ်လို့ တုန့်ပြန်ပြောဆိုပါတယ်။

“ကဲ။ အခြေအနေ တချို့ သတ်မှတ်မထားဘဲ တွေ့ဆုံတယ်ဆိုတာ ကို အခု နားလည်လိုက်ပါ။ လက်ဘက်ရည်သောက် ကြွပါလို့ တစ်ရက်လောက် သူတို့ကို ဖိတ်ကြားတာလို့ အဓိပ္ပါယ် ထွက်တာမျိုး မဟုတ်ပါဘူး။ အဓိပ္ပါယ် ကတော့ လုပ်နေကျအတိုင်း ကျွန်တော်တို့ မလုပ်ဘူး ဆိုတာပါပဲ။ အဲဒီ လုပ်နေကျ ဆိုတာကတော့ .. “ကျွန်တော် တို့ ပြောတဲ့အတိုင်း တိတိကျကျ လုပ်ဖို့ ခင်ဗျား သဘောတူတဲ့တိုင်၊ ခင်ဗျားတို့ နဲ့ တိုက်ရိုက်အဆက်အသွယ် ကျွန်တော် တို့ မလုပ်ဘူး“ ဆိုတာ က လုပ်နေကျ ဖြစ်နေပါတယ်။ ”

အောက်တိုဘာလ ၂ ရက်နေ့ မှာ ဒုတိယ သမ္မတလောင်း ရီပါဘလီကန် အုပ်ချုပ်ရေးမှူး မစ္စ ဆာရာ ပေလင်း နဲ့ ဒီမိုကရက် အထက်လွှတ်တော် အမတ် ဂျိုးဘိုင်ဒင် တို့ စကားစစ်ထိုးကြဦးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG