သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင် လွတ်မြောက်မှု NLD အတွက် အင်အားဖြစ်လာမယ်လို့ လူငယ်တွေမျှော်လင့်


ဝါရင့်သတင်းစာဆရာကြီး တဦးလည်းဖြစ် မြန်မာနိုင်ငံက အဓိက အတိုက်အခံပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ အကြီးတန်း ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဦးဝင်းတင် အပါအဝင် ထင်ရှားတဲ့ ပါတီဝင် တချို့ ထောင်ဒဏ် ကျခံနေရာက ပြန်လည်လွတ်မြောက် လာခဲ့တဲ့နောက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေကြား စိတ်အားထက်သန်မှုတွေလည်း တိုးပွား လာနေပါတယ်။ အခုဆိုရင်လည်း အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနဲ့ သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေတဲ့ လူငယ်အဖွဲ့ဝင်တွေဟာလည်း ဆရာကြီး ဦးဝင်းတင် လို ပုဂ္ဂိုလ်တွေရဲ့ လွတ်မြောက်မှုဟာ သူတို့အတွက် ခွန်အားတွေ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ မကြာသေးခင်ကမှာ ပြန်လည်လွတ်မြောက်လာတဲ့ ဦးဝင်းတင်၊ ဒေါက်တာ သန်းငြိမ်း စတဲ့ သူတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့တဲ့ လူငယ်အဖွဲ့ဝင်တွေ ရဲ့ မျှော်လင့်ချက်တွေ ဘယ်လိုရှိတယ်ဆိုတာ ဆက်သွယ် မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင်တွေ အနေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မပါဝင်နိုင်ပဲ ဖြစ်နေလို့ ပါတီခေါင်းဆောင်ပိုင်းနဲ့ သဘောထား ကွဲလွဲမှုတချို့ ရှိနေရာမှာ အခုလို ထင်ရှားတဲ့ ခေါင်းဆောင်တချို့ ဖမ်းဆီးခံထားရာက ပြန်လွတ်လာတဲ့အတွက် ဒီမိုကရေစီရေးအတွက် တတပ်တအား တိုးလာတယ်ဆိုပြီး ပြောဆို လာကြတာပါ။ ဝါရင့် သတင်းစာဆရာ တဦးလည်းဖြစ် အန်အယ်လ်ဒီ ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် တဦးလည်းဖြစ်တဲ့ ဦးဝင်းတင်၊ နောက် ကျောက်တန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းငြိမ်း တို့နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ ပါတီဝင် လူငယ်တွေ အနေနဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာရပါတယ်လို့ ပြောပြကြတာပါ။

“ကျွန်တော်တို့ လူငယ် ၃၀ ဦးဝင်းတင်နဲ့ ဒေါက်တာ သန်းငြိမ်းတို့ ၂ယောက်ကို သွားတွေ့တယ်။ ဦးဝင်းတင် ပြောတာက သူဟာ ဘယ်သူနဲ့မဆို လက်တွဲပြီး အလုပ်လုပ်မှာ ဖြစ်တဲ့အကြောင်း အဖွဲ့ချုပ်နဲ့လဲ လက်တွဲလုပ်မှာ ဖြစ်တဲ့အကြောင်း၊ အဖွဲ့ချုပ် လူငယ်တွေနဲ့လည်း အလုပ်လုပ်မှာဖြစ်ကြောင်း ပြောပါတယ်။ ဦးဝင်းတင်အနေနဲ့ လူငယ်တွေရဲ့ ခံစားချက်ကို နားလည်တယ်ဆိုတဲ့ အကြောင်းပြောတယ်။ အမြင်မတူတာတွေ ရှိနိုင်တယ်။ အဲဒီ အမြင်မတူတာတွေအတွက် ရန်မဖြစ်ကြဘူး။ ဒါပေမယ့် ငြင်းနိုင်တယ်။ ငြင်းကြ၊ ဆွေးနွေးကြ၊ ညှိနှိုင်းကြမယ်။ အလုပ်လုပ်တဲ့ နေရာမှာလည်း ဘယ်သူနဲ့ မဆို ဗမာပြည် ဒီမိုကရေစီရေးနဲ့ ပြည်သူလူထု ဆင်းရဲ ဒုက္ခအကျပ်အတည်း လွတ်မြောက်နိုင်ရေးကိုသာ အဓိကထား ဆောင်ရွက်သင့်တယ်လို့ ဆုံးမတယ်။ အရေးတကြီး ကျွန်တော်တို့ တောင်းပန်ခဲ့တာက ဦးဝင်းတင်အနေနဲ့ အဖွဲ့ချုပ်ကို တရက်နောက်ကျပြီးမှ ရောက်လာရင် ဒီမိုကရေစီအတွက် တရက်နောက်ကျမယ်လို့ ကျွန်တော်တို့ ထင်ကြောင်း၊ စိုးရိမ်ကြောင်း ပြောခဲ့တယ်။ ဦးဝင်းတင်တို့ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ တာဝန် ထမ်းဆောင်ဖို့ အမြန်ဆုံး လာခဲ့မယ်ဆိုတဲ့ အကြောင်း ပြန်ပြောပြတယ်။ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ သေလုဆဲဆဲ ဖြစ်နေတဲ့ အခွင့်အရေးတခု ပြန်ပြီးတော့ ရှင်သန်လာသလိုမျိုး ခံစားရတယ်။”

အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုနေခြည်ဝင်း ဖြစ်ပါတယ်။ တကယ်တော့ အန်အယ်လ်ဒီ ပါတီတွင်းက လူငယ်တချို့ အနေနဲ့က လက်တလော နိုင်ငံရေး လှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်တာ၊ ပါတီရဲ့ လုပ်ငန်းတွေမှာလည်း မဝင်ဆန့်တာ စတဲ့ အခြေအနေတွေကြောင့် ခေါင်းဆောင်ပိုင်း အပေါ် အားမလို အားမရ ဖြစ်နေတာတွေကလည်း ရှိနေတာ ဖြစ်ပါတယ်။

“အဖွဲ့ချုပ်ထဲမှာ လူငယ်တွေရဲ့ ခံစားချက်က ရှင်းပါတယ်။ အဓိကအချက်ကတော့ လူငယ်တွေဟာ လူငယ်ပီပီ ဆောင်ရွက်ကြတာအခါမှာ တချို့ကိစ္စတွေမှာ လူငယ်အများစုရဲ့ သဘောထားနဲ့ သွားချင်တယ်။ ဒီမိုကရေစီတိုက်ပွဲမှာ ကျွန်တော်တို့ တထောင့် တနေရာကနေ ဝင်ပါသင့်တယ်လို့ ယုံကြည်ထားလို့ ဝင်ပါတာပါ။ ပြည်သူလူထုရဲ့ အခက်အခဲကို တစုံတရာ ဖြေရှင်းပေးနိုင်လောက်တဲ့အထိ အစွမ်းရှိတဲ့ လူငယ်တွေ ဖြစ်ချင်တာ။ အဲဒီလို ဖြစ်ဖို့ ဆိုတာဟာ ကျွန်တော်တို့ကို လူကြီးတွေက ပလတ်ဖောင်းလုပ်ပေးဖို့ လိုတယ်။ စင်မြင့် လုပ်ပေးဖို့လိုတယ်။ လက်တွဲခေါ်ပေးဖို့လိုတယ်။ တခါတလေကျတော့ မှားမှာစိုးလို့ဆိုတဲ့ ပိတ်ဆို့တားမြစ်ထားတဲ့ ဗမာ ယဉ်ကျေးမှုအရ ပေါက်ဖွားလာတဲ့ လူကြီးဆိုရင် မှန်မယ်။ လူငယ်ဆိုရင် မှားမှာစိုးတယ်ဆိုတဲ့ ကိစ္စမျိုးကို ကျွန်တော်တို့က ညီးငွေ့နေပြီ။ ကျွန်တော်တို့ လိုချင်တာက ကျွန်တော်တို့မှားရင် ကျွန်တော်တို့ ခံမယ်။ သို့သော် ကျွန်တော်တို့ကို မမှားအောင် ထိန်းပေး၊ မမှားအောင် မတားပါနဲ့။”
ဒီလို အားမလိုအားမရ ဖြစ်နေတဲ့ အခြေအနေတွေဟာ အန်အယ်လ်ဒီ အကြီးတန်းခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးဝင်းတင် လို ပုဂ္ဂိုလ်မျိုး နှစ်ရှည်ထောင်ဒဏ် ကျခံနေရာက မကြာသေးခင်ကမှ လွတ်မြောက်လာတဲ့အတွက်တော့ အကောင်းဖက်ကို ဦးတည်သွားစေလိမ့်မယ်လို့တော့ လူငယ်တွေဖက်က မျှော်လင့်နေကြပါတယ်။ ဒီကနေ့ ဦးဝင်းတင်နဲ့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ နောက်ထပ် လူငယ်အဖွဲ့ဝင် တဦး ပြောပြတာကတော့ -

“ကျမတို့ ဦးဝင်းတင်တို့ အိမ်ကိုသွားတဲ့အခါမှာ ကျမတို့ အခုမှ ဝင်လာပြီး တခါမှ မတွေ့ဘူးတဲ့ ဦးဝင်းတင်ကို တွေ့လိုက်ရတဲ့အခါမှာ ဆရာကောင်း သမားကောင်း တယောက်တွေ့လိုက်ရသလို၊ နှစ်တွေ အကြာကြီး ပျောက်နေတဲ့ ဆရာတယောက်နဲ့ တွေ့သလို ခံစားရတယ်။ လူငယ်တွေကို တသားတည်း ကျအောင် သူအမြဲတမ်း ကြိုးစားချင်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။”

မကြာသေးခင်ကမှာ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာသူ ဦးဝင်းတင် အပါအဝင် အန်အယ်လ်ဒီ အကြီးတန်းခေါင်းဆောင် တွေနဲ့ တွေ့ဆုံခဲ့ကြတဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ အန်အယ်လ်ဒီ ရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ဖြစ်ကြပြီး နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအဝင် ပါတီဝင် အများအပြားကို အာဏာပိုင်တွေက ဖမ်းဆီးထားသလို၊ ပါတီရုံး အတော်များများကိုလည်း ပိတ်ခံထားရတာတွေဟာလည်း အန်အယ်လ်ဒီ ပါတီ အနေနဲ့ နိုင်ငံရေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်တဲ့ အခြေအနေမျိုး မရှိတဲ့ အကြောင်းရင်းတွေ ဖြစ်မယ်လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG