သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယနိုင်ငံ စီးပွားရေး အရှိန်အဟုန်ကောင်း


၂၀၀၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံဟာ ၅ နှစ်မြောက်ဆက်တိုက်အဖြစ် စီးပွားရေးအခြေ
အနေ ကောင်းမွန်တိုးတက်ခဲ့ပါတယ်။ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို
အိန္ဒိယက စွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး နယူးဒေလီကနေ ဗွီအိုအေသတင်းထောက် Anjana Pasricha သတင်းပေးပို့ထားတာကို မအေးသန္တာ
ကျော်က တင်ပြပေးထားပါတယ်။

မြို့ပြအိန္ဒိယမှာ ပိုပြီးချမ်းသာလာကြတာဟာ နှစ်သစ်ကူးကာလမှာပဲ အလွယ်တကူ
တွေ့မြင်နိုင်တာပါ။ အရောင်းစင်တာတွေမှာ လူတွေနဲ့အပြည့် ဖြစ်နေသလို လူလတ်
တန်းစားတွေ အလုအယက်ဝယ်ယူစီးနင်းနေကြတဲ့ မော်တော်ကားတွေရဲ့ နှုန်းကို
လိုက်ပြီး ကားလမ်းမကြီးတွေလည်း အသစ်ဖောက်လုပ်ယူရပါတယ်။ ဒါပေမယ့် ၂၀၀၇
ခုနှစ် စီးပွားရေးကြီးထွားနှုန်းဟာ အရင်တနှစ်ကထက်စာရင် နည်းနည်းနှေးကွေးတယ်
ဆိုပေမယ့် အိန္ဒိယဟာ တနှစ်ကို ၈ ရာခိုင်နှုန်းနဲ့ စီးပွားရေးဖွံ့ထွားနေပြီး ဒါဟာ ကမ္ဘာမှာ အမြန်ဆုံးနှုန်းတခုဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

အိန္ဒိယရဲ့ စီးပွားရေးဟာ ထိန်းမနိုင်သိမ်းမရ အခြေအနေ ဖြစ်လာနိုင်တယ်လို့ အစော
ပိုင်းက စိုးရိမ်မှုတွေ ရှိခဲ့ကြပေမယ့် စီးပွားရေးအခြေအနေ ကောင်းကောင်းမွန်မွန်ပဲ
ဖွံ့ဖြိုးခဲ့တယ်လို့ သီးခြားရပ်တည်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ RPG Goenka
Foundation အကြီးအကဲ D.H. Pai Panindiker ကပြောပါတယ်။
“စီးပွားရေးအနေအထားက အခြေခိုင်တယ်၊ ၀ယ်လိုအားလည်း မြင့်တက်လာနေတယ်
ဆိုတဲ့ အကောင်းမြင်ယူဆချက်မျိုးတွေ အထူးသဖြင့် စီးပွားရေးလောကထဲမှာ ပေါ်
ထွက်နေပါတယ်။ ၂၀၀၈ ခုနှစ်ဟာ အဆင်ပြေတဲ့နှစ်တနှစ် ဖြစ်မှာပါ” လို့
Mr Panindiker က ပြောသွားတာပါ။

အိန္ဒိယမှာ အကြွေးယူတဲ့ပမာဏ အထူးများပြားလာတာကြောင့် ငွေကြေး ဖောင်းပွမှု
တွေ ဖြစ်စေမလားဆိုတဲ့ စိုးရိမ်မှုနဲ့ ၂၀၀၇ ခုနှစ် ပထမနှစ်ဝက်မှာ ဗဟိုဘဏ်က အတိုး
နှုန်းတွေကို မြှင့်တင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်ကုန်မှာ ငွေကြေးဖောင်းပွဲမှုတွေ ပြန်
လျော့ကျသွားပြီး အိန္ဒိယရဲ့စီးပွားရေးဖွံ့ထွားနှုန်း နှေးကွေးသွားတဲ့ပုံ မတွေ့ရပါဘူး။

နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကလည်း မွမ်ဘိုင်းတို့
ဘန်ဂလောတို့လိုမျိုး မြို့ကြီးတွေဆီကို အပြေးအလွှား ၀င်ရောက်လာခဲ့ကြပါတယ်။
မနှစ်ကတနှစ်လုံးရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ကြည့်မယ်ဆိုရင်တော့ ဒေါ်လာသန်း
၃၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ပြီးတော့ အနာဂတ်မှာ စီးပွားရေးအလား
အလာကောင်းမယ်လို့ အများကယုံကြည်နေကြတဲ့ လက္ခဏာကို အစုရှယ်ယာ
ဈေးကွက်တွေမှာ တွေ့နိုင်ပါတယ်။ အစုရှယ်ယာဈေးတွေဟာ ၂၀၀၇ ခုနှစ်အတွင်းမှာ
၄၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ မွမ်ဘိုင်းက Sensex စံညွှန်းကိန်းက အမှတ်
ပေါင်း နှစ်သောင်းနဲ့ ၂၀၀၇ ခုနှစ်ကို အဆုံးသတ်သွားတာပါ။

စီးပွားရေးဖွံ့ထွားမှုတွေကို ၀န်ဆောင်မှုလုပ်ငန်းတွေနဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း
တွေက ဦးဆောင်နေပါတယ်။ ကိုယ့်လုပ်ငန်းကိုယ် ယုံကြည်မှုရှိတဲ့ အိန္ဒိယကုမ္ပဏီတချို့
ဟာဆိုရင် ပြည်တွင်းမှာသာမက ပြည်ပဈေးကွက်ကို ၀င်ရောက်ဖို့ ချဲ့ထွင်ကြိုးစားနေ
ကြပါပြီ။ နိုင်ငံခြားတိုင်းပြည်တွေမှာ ကုမ္ပဏီဖွင့်လှစ်ဖို့ အိန္ဒိယကုမ္ပဏီတွေ စုစုပေါင်း
ဒေါ်လာသန်း ၅၀ နီးပါး သုံးစွဲခဲ့တယ်လို့ အိန္ဒိယရဲ့ အကြီးဆုံးကုမ္ပဏီအစုအဖွဲ့တခုဖြစ်တဲ့
Reliance Industries က စီးပွားရေးပညာရှင်တဦးက ပြောပါတယ်။
“ကော်ပိုရေးရှင်းကြီးတွေဟာ ကမ္ဘာတလွှားမှာ စီးပွားရေးဖြန့်ကျက်လုပ်ဆောင်ဖို့ ကြိုးစားနေကြပါတယ်။ သူတို့က ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်ပြီလို့
ထင်ပါတယ်။ ဒါ တော်တော်ခိုင်မာတဲ့ ယုံကြည်မှုပါ”

ဒီလိုအောင်မြင်မှုတွေရှိတယ်ဆိုပေမယ့် သတိထားနေရတဲ့အပိုင်းတွေလည်း ရှိနေပါ
သေးတယ်။ ၂၀၀၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် အိန္ဒိယရူပီးငွေတန်ဖိုးဟာ
၁၅ ရာခိုင်နှုန်းမြင့်တက်လာတာကြောင့် နည်းပညာလုပ်ငန်းရပ်တွေကို ထိခိုက်စေ
မလား၊ ပို့ကုန်လုပ်ငန်းကိုများ ထိခိုက်စေမလား စိုးရိမ်နေကြတာပါ။ ပြီးတော့ အိန္ဒိယ
မြို့ပြက စီးပွားရေးဖွံ့ထွားမှုတွေဟာ နိုင်ငံရဲ့ဒေသအများအပြားက နွမ်းပါးတဲ့ကျေးရွာ
တွေဆီတော့ ရောက်မလာသေးပါဘူး။

အိန္ဒိယနိုင်ငံမှာ မှီတင်းနေထိုင်သူစုစုပေါင်း သန်းတထောင်ထဲက သုံးပုံတပုံကျော်ဟာ
တနေ့တနေ့ အမေရိကန် နှစ်ဒေါ်လာလောက်ပဲရရှိပြီး ရှင်သန်ရပ်တည်နေကြရပါတယ်။
ဒီလို စီးပွားရေးအလျှင်အမြန်တိုးတက်နေတဲ့ မြို့ပြနဲ့ ကျေးရွာတွေကြားမှာ ဆင်းရဲ
ချမ်းသာကွာဟမှု ပိုများလာမယ်ဆိုရင် လူမှုရေးမကျေမနပ်မှုတွေ ပေါ်ပေါက်လာနိုင်တဲ့
အရေးအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG