သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ ထောင်ဝင်စာ ကန့်သတ်ခံရ


မကြာသေးခင်က ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ထိန်းသိမ်းခံနေရသူ
တွေကို သက်ဆိုင်ရာ မိသားစုဝင်တွေက ဒီကနေ့ သွားရောက်တွေ့ဆုံရာမှာ အတော်
များများ ထောင်ဝင်စာတွေ့ခွင့် ငြင်းပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။ မိသားစုဝင်တွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက အကြောင်းစုံကို တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်၊ စက်တင်ဘာလတွေက လူထုလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ထိန်းသိမ်းခံနေရသူတွေကို မိသားစုဝင်တွေ သွားရောက်တွေ့ဆုံရာမှာ သက်ဆိုင်ရာ
မိသားစုဝင်တွေအနေနဲ့ အိမ်ထောင်စုစာရင်း မိတ္တူမှန် ယူလာရမယ်၊ မပါတဲ့သူတွေ တွေ့ခွင့်မရှိဘူးဆိုပြီး ထောင်အာဏာပိုင်တွေက ငြင်းပယ်ခဲ့တာပါ။ ဒီလို ငြင်းပယ်ခံခဲ့
ရတဲ့အတွက် မိသားစုဝင်အများအပြား ထောင်ဝင်စာတွေ့ခွင့် မရခဲ့ကြဘူးလို့လည်း
ဆိုပါတယ်။ ဒီအထဲက သားဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်တဲ့ ကိုပဏ္ဍိတ်
ထွန်းကို ထိန်းသိမ်းခံနေရတဲ့ ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ဒီကနေ့ သွားရောက်
တွေ့ဆုံခဲ့တဲ့ မိခင်ဖြစ်သူ ဒေါ်တင်တင်ဝင်းက အခုလို ပြောပြပါတယ်။
“အိမ်ထောင်စုစာရင်း ခါတိုင်းကတော့ ကော်ပီနဲ့သွားလို့ရတယ်။ အခုကတော့ Original
ပါမှတဲ့။ မပါရင် မတွေ့ရဘူးတဲ့။ ပစ္စည်းပါရင် ပစ္စည်းပေးခဲ့၊ ပြန်လို့ ပြောလို့ပါ။ မတွေ့ခဲ့ရ
ပါဘူး။ ဒီလိုပဲ ၅ လ သူတို့ရှိတော့မယ်လေ။ သူတို့ တွေ့ခွင့်ပေးကတည်းကိုက မိတ္တူနဲ့ပဲ တွေ့နေတာပါပဲ။ ဘယ်သူမှလည်း ယူမသွားကြဘူး မူရင်းကိုတော့။ ဒီနေ့မှ ရောက်တော့ အဲလိုဖြစ်သွားတယ်။ မူရင်းပါမှတွေ့ရမယ်၊ မပါရင်မဖြစ်ဘူးတဲ့။ တော်တော်များပါတယ်။
တချို့က အိမ်ထောင်ခွဲနေတာတွေရှိတော့ မူရင်းဆိုတာက တအိမ်မှာပဲ ထားရမယ်
မလား၊ ဧည့်စာရင်းလာစစ်ရင် ပြဖို့တို့ဘာတို့။ အဲတော့ နောက်တအိမ်ကိုတော့ ဘယ် ပေးထားလို့ဖြစ်မလဲ။ မိတ္တူနဲ့ပဲ နေရတာပေါ့။ လာမယ်ဆိုတော့ မိတ္တူနဲ့ပဲ လာဖြစ်တာ
ပေါ့”

ဒီလို အင်းစိန်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ ခင်ပွန်းဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသား
အဖွဲ့က ကိုပြုံးချိုကို သွားရောက်တွေ့ဆုံခဲ့တဲ့ မ၀ါကတော့ ထောင်အာဏာပိုင်တွေကို တောင်းဆိုခဲ့တဲ့အတွက် နောက်ဆုံး ခင်ပွန်းဖြစ်သူနဲ့ တွေ့ခွင့်ရခဲ့သူပါ။
“ကျမက တရားဝင်ဇနီးမယားဖြစ်ပါကြောင်း လ၀ကထဲမှာ မထည့်ထားသေးဘူး။ ဒီက
ထောက်ခံစာနဲ့ ကျမသွားတယ်။ ဒါကလည်း SB ကိုယ်တိုင်က ဒီလိုသွားရမယ်လို့ပြော
တယ်၊ စစလာပြောတော့။ သွားရမယ်ဆိုတော့ ကျမ သူတို့ကိုတင်ပြတော့ သွားတယ်။
သွားတော့ မရဘူးပြောတဲ့အခါကျတော့ ကျမက မရရင်တော့ ဖုန်းဆက်ပေးပါ၊ အထဲ
ကို၊ အင်းစိန်ထောင်ထဲကို၊ သူဆက်ပေးတဲ့အခါကျတော့ ကျမကို ၀င်ခွင့်ပေးတယ်”

ဒါပေမယ့်လည်း သူ့လောက်ကံမကောင်းဘဲ ဒီကနေ့ ထောင်ဝင်စာတွေ့ခွင့်မရတဲ့သူ
တွေ အများအပြားရှိခဲ့ပြီး ဒီအထဲမှာ စက်တင်ဘာတုန်းက သံဃာတော်တွေရဲ့ မေတ္တာပို့ ကြွချီလှုပ်ရှားမှုတွေမှာ ထင်ရှားတဲ့ သံဃာတော်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရရဲ့ မိသားစုဝင်
တွေလည်း ပါဝင်တယ်လို့ သူကဆိုပါတယ်။
“ဒီရက်လေးတွေကို ကျမတို့ကို Warning လေးပေးလိုက်၊ နောက်ပိုင်း စုံစုံလင်လင်
ယူလာခဲ့ပါဆို ကျမတို့ ယူလာပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အထဲကလူတွေက ဒီနေ့
တွေ လာမယ်လို့ မျှော်မှန်းပြီးတော့၊ မလာဖြစ်ဘူးဆိုရင် နေမကောင်းလို့လား၊
ထိုင်မကောင်းလို့လား ဒါမျိုးတွေကို ပူကြတယ်။ ဒါကတော့ ပထမတုန်းက ပုံမှန်လာနေ
ကြက အခု ဒီလိုဖြစ်တဲ့အတွက်ကို ကျမတို့က ပြောပြတယ်။ ဒါပေမယ့် မရဘူး၊ မရဘူး
ဆိုတော့ အကုန်လုံးတော့ တော်တော်ဒုက္ခရောက်ကြတယ်။ များသောအားဖြင့်တော့ နယ်သမားတွေက ထောက်ခံချက်နဲ့လာတော့ မရဘူးပေါ့။ ကျမတို့အခုတွေ့တာ
၁၁ ပတ်မြောက် ဖြစ်သွားပြီ။ ၁၁ ပတ်မြောက်ဆိုတာ ၈ ပတ်မြောက်က လူတွေ့ရတဲ့
အပိုင်းဆိုရင် မိတ္တူနဲ့လာတာ။ မူရင်းတွေထိုးပြတယ်၊ အရင်တုန်းကတော့ ကျမတို့
လည်း။ မူရင်းထိုးပြတဲ့ အခါကျတော့လည်း ပျောက်မှာစိုးလို့ သိမ်းခိုင်းပြီး မိတ္တူနဲ့ပဲ
သွားနေတာ ဒီနေ့မှ ၀ုန်းခနဲဖြစ်လိုက်တော့ လူတွေက အကုန်ဒုက္ခရောက်ကုန်တယ်။
ဦးဂမ္ဘီရတို့ကတော့ လုံးဝတွေ့လို့မရဘူး။ နယ်ကလာတော့ ထောက်ခံချက်နဲ့ဆိုတော့
မရဘူး”
ခင်ပွန်းဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုပြုံးချိုကို
ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့တဲ့ ဇနီးသည်ဖြစ်သူ မ၀ါ ပြောပြသွားတာပါ။ ပြီးခဲ့တဲ့
သြဂုတ်၊ စက်တင်ဘာလတွေတုန်းက လူထုအုံကြွမှုကာလကတည်းက ဖမ်းဆီးထားသူ
တွေထဲက ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေ သိပ်မ
ကောင်းလှတာကြောင့်လည်း မိသားစုဝင်တွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေရှိနေတာပါ။
ဒီအထဲက တချို့ဆိုရင် ထိန်းသိမ်းထားတာ အခုဆိုရင် ၄ လကျော် ၅ လနီးပါး ရှိလာပြီ ဖြစ်ပေမယ့်လည်း အခုအချိန်အထိ အာဏာပိုင်တွေဘက်က တိတိကျကျ အရေးယူ
တာတွေ၊ တရားရုံးတင် စစ်ဆေးတာတွေတော့ မရှိသေးဘူးလို့လည်း မိသားစုဝင်တွေ
က ပြောပြလို့ သိရပါတယ်။

XS
SM
MD
LG