သုံးရလွယ်ကူစေသည့် Link များ

မြန်မာစစ်အစိုးရမူဝါဒကြောင့် နိုင်ငံချွတ်ခြုံကျနေဟု အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးကဆို


အရှေ့တောင်အာရှရေးရာ အမေရိကန် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ
မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ မတွေ့ရတဲ့
အတွက် နိုင်ငံတကာ လူ့အဖွဲ့အစည်းအနေနဲ့
မြန်မာစစ်အစိုးရကို ပိုပြီးဖိအားပေးသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ မြန်မာစစ်အစိုးရကျင့်သုံး
နေတဲ့ ပေါ်လစီတွေကြောင့် မြန်မာနိုင်ငံဟာ တနေ့
တခြား ပိုပိုပြီး ချွတ်ခြုံကျလာနေတယ်လို့လည်း
ဒီကနေ့ ဗွီအိုအေနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။ အရှေ့တောင်အာရှ ဒေသ
တလွှား ခရီးထွက်နေတဲ့ အမေရိကန် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စကော့မာဆီ
(Scot Marciel) ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော်
မှာ ရောက်နေတုန်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရောက် ဗွီအိုအေမြန်မာပိုင်းအယ်ဒီတာ ဒေါ်လှလှသန်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အရှေ့တောင်အာရှရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး
စကော့မာဆီဟာ ဂျပန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနဲ့ လောနိုင်ငံတို့ကို ထွက်နေ
တဲ့ လက်ရှိခရီးစဉ်မှာ ဗီယက်နမ်ဟာ သူ့ရဲ့ တတိယတထောက်နားရာ ဖြစ်ပါတယ်။ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာမာဆီအနေနဲ့ ပထမတထောက်
နားရာ ဂျပန်နိုင်ငံ တိုကျိုကိုရောက်ရှိစဉ်လည်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သတင်းစာ
ရှင်းလင်းပွဲ ကျင်းပခဲ့ပါသေးတယ်။ ဒီကနေ့ ဗွီအိုအေနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ
တော့ မစ္စတာမာဆီက မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်မှု နှေးကွေးနေတဲ့
အတွက် အဖက်ဖက်က အခြေအနေ ယိုယွင်းလာနေတယ်လို့ ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ အဖက်ဖက်က ယိုယွင်းကျဆင်းလာနေတယ်လို့ ပြောရတဲ့အချက်က နိုင်ငံရေးမျက်နှာစာမှာ အချေအတင်ဆွေးနွေးမှုနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး
မှာ တိုးတက်မှုရရှိတာ မတွေ့ရလို့ပါပဲ။ ဒါ့အပြင် မြန်မာစစ်အစိုးရရဲ့ ပေါ်လစီတွေကြောင့် နိုင်ငံစီးပွားရေး ပိုချွတ်ခြုံကျလာနေတာရယ်၊ လူတွေရဲ့ ဘ၀နေထိုင်မှုက ပိုပြီး
ကျပ်တည်း လာနေတာရယ်၊ ပညာရေးစနစ်ကလည်း အားနည်းတာရယ်၊ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပြဿနာတွေ ပိုတိုးလာနေတာ တွေ့ရပါတယ်။ ဒါတွေအားလုံးဟာ မြန်မာစစ်အစိုးရရဲ့ လွဲမှားနေတဲ့ ပေါ်လစီတွေကြောင့်ပါပဲ။ အနှုတ်လက္ခဏာဆောင်နေ
တဲ့လမ်းကြောင်းကို သွားနေတာဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိစေပါဘူး” လို့ အမေ
ရိကန် ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ဖြေကြားသွားတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရအပေါ် တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုအခြေအနေနဲ့ ပတ်သက်
လို့လည်း …
“တရုတ်အစိုးရက ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဒါပေမယ့် သူတို့ဘက်ကတော့ ကူညီတာတွေ ရှိပါတယ်။ အထူးသဖြင့် ပထမတချက်က မစ္စတာဂမ်ဘာရီကို မြန်မာနိုင်ငံကို ဧပြီလထက်စောပြီး လာခွင့်ပြုအောင် မြန်မာစစ်
အစိုးရကို ဖိအားပေးဖို့နဲ့ ဒုတိယဖြစ်တဲ့ ပိုပြီးအရေးကြီးတာက နိုင်ငံရေးအခြေအနေ တိုးတက်မှုရရစေဖို့ ဖိအားပေးဖို့ပါပဲ” လို့ မစ္စတာမာဆီက ဖြေကြားသွားတာဖြစ်ပါ
တယ်။

မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီဖော်ဆောင်ရာမှာ တိုးတက်မှုမတွေ့ရတာနဲ့
ပတ်သက်လို့လည်း သူက …
“မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေကိုကြည့်ပြီး ပြောနေတာပါ။ မြန်မာနိုင်ငံသားတွေ၊ မြန်မာအတိုက်အခံအုပ်စုတွေက တောင်းဆိုထားတဲ့ အချေအတင်ဆွေးနွေးမှု စတင်ဖို့ မြန်မာစစ်အစိုးရက ခြေလှမ်းယူတာ မတွေ့ရသေးပါဘူး။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံ
တကာ လူ့အဖွဲ့အစည်းတရပ်လုံးက နိုင်ငံရေးမှာ ကူးပြောင်းရေးကာလကိုဦးတည်မယ့် အချေအတင်ဆွေးနွေးမှုကို စတင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါမှလည်း အချေအတင်
ဆွေးနွေးမှု စတင်နိုင်မှာ ဖြစ်ပါတယ်။ ဒီခြေလှမ်းတွေဟာ တကယ်တော့ လွယ်ကူပေ
မယ့် မြန်မာစစ်အစိုးရက လုပ်ဆောင်ခြင်း မရှိသေးပါဘူး” လို့ မစ္စတာမာဆီက ပြောသွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အရေးအခင်းအပြီး မြန်မာစစ်အစိုးရအပေါ် အမေရိကန် ပြည်ထောင်စုက တိုးပြီးချမှတ်ခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာလည်း နောက်ထပ် အမည်စာရင်းတိုးဖို့ရှိတယ်လို့ မစ္စတာမာဆီက ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုက လက်လှမ်းမီတဲ့ ပိုင်ဆိုင်ပစ္စည်းတွေ ချိတ်ပိတ်ခံရမယ့်
ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းတိုးဖို့ လေ့လာနေတာဖြစ်ပါတယ်။ တကယ်တော့ ဒီ
ဒဏ်ခတ်ပိတ်ဆို့မှုဟာ မြန်မာစစ်အစိုးရကို အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေယူဖို့ ကြိုးစားတိုက်တွန်းဖို့ ရည်ရွယ်တာဖြစ်ပါတယ်” လို့ မစ္စတာမာဆီက ပြောသွားတာပါ။

အရှေ့တောင်အာရှရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးရဲ့
လက်ရှိခရီးစဉ်ရဲ့ ဦးတည်ချက်နဲ့ ပတ်သက်လို့လည်း …
“လက်ရှိခရီးစဉ်ဟာ တကယ်တော့ မြန်မာနိုင်ငံအကြောင်း အဓိကပြောဆိုဖို့တော့
မဟုတ်ပါဘူး။ နှစ်နိုင်ငံဆက်ဆံရေးအကြောင်းကို ဆွေးနွေးဖို့ဖြစ်ပြီး အမြင်ခြင်းဖလှယ်
ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံတွေအားလုံးဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး အသီးသီး
ရှိကြလေတော့ အဲဒီနိုင်ငံတွေရဲ့ အမြင်တွေကို တရားဝင် ဖလှယ်တာတွေရှိပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ အပြုသဘောဆောင်တဲ့ခြေလှမ်းတွေ ဘယ်လိုယူလာနိုင်
အောင် နိုင်ငံတကာ လူ့အဖွဲ့အစည်းက ဘယ်လိုနည်းတွေနဲ့ ဖိအားပေးကြမလဲဆိုတဲ့
အမြင်တွေကို ဖလှယ်ခဲ့ကြပါတယ်” လို့ မစ္စတာမာဆီက ပြောသွားတာဖြစ်ပါတယ်။

ခုလိုဖလှယ်ရာမှာလည်း အပြုသဘောဆောင်တဲ့ အမြင်တွေကို လက်ခံရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“ဒေသတွင်းကြည့်ရင် အာဆီယံက တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့တာ ရှိပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ အရင်က ရှိရင်းစွဲအခြေအနေကို ပြန်သွားလို့ မဖြစ်နိုင်ဘူးဆို
တဲ့ အချက်ပါပဲ။ တိုးတက်မှုရရှိနိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။
ကျနော်တို့ဆွေးနွေးခဲ့တာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး
ဖော်ဆောင်ဖို့ နိုင်ငံတကာအနေနဲ့ မြန်မာစစ်အစိုးရဘက်က ယူလိုတဲ့ ခြေလှမ်းတွေ
အကြောင်းဖြစ်ပြီး ဒီအချက်နဲ့ပတ်သက်လို့ အတော်များများက တသဘောတည်းခံယူ
ကြတာ တွေ့ရပါတယ်” လို့ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ဆက်သွယ်မေးမြန်းခန်းမှာ ဖြေကြားသွားတာဖြစ်ပါတယ်။

မစ္စတာစကော့မာဆီအနေနဲ့ ဒီကနေ့မှာ ဘန်ကောက်ကို ဆိုက်ရောက်ဖို့ရှိတယ်လို့
လည်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG