သုံးရလွယ်ကူစေသည့် Link များ

တရားမ၀င် ၀င်ရောက်လာသော ရိုဟင်ဂျာ မွတ်ဆလင်များကို ထိုင်းအာဏာပိုင်များဖမ်းဆီး


ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်ဖို့အတွက် တရားမ၀င် ၀င်ရောက်လာကြတဲ့ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာလို့ခေါ်တဲ့ မွတ်ဆလင်ဘာသာဝင် ၄၀ ကျော်ကို ထိုင်း
ကမ်းခြေစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အဖမ်းအဆီးခံရသူတွေထဲမှာ အငယ်
ဆုံး အသက် ၁၃ နှစ်အရွယ်ကနေ အကြီးဆုံး အသက် ၅၀ ကျော်ထိ ပါဝင်ပါတယ်။
သူတို့ဘာကြောင့် ထိုင်းနိုင်ငံထဲကို စွန့်စွန့်စားစား ၀င်ရောက်ခဲ့သလဲဆိုတာနဲ့ သူတို့ရဲ့ အနာဂတ်အခြေအနေက ဘယ်လိုလဲဆိုတာကို ထိုင်းအခြေစိုက်သတင်းထောက်
ဦးမိုးဇော်က စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာလို့ခေါ်တဲ့ မွတ်ဆလင်ဘာသာဝင်တွေကို မနေ့
မနက် ၈ နာရီလောက်က ထိုင်းနိုင်ငံ ရနောင်းမြို့အနီးက ကျွန်းတကျွန်းမှာ ဖမ်းဆီး
လိုက်တာ ဖြစ်ပါတယ်။ သူတို့ကို ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သူတယောက်က ဖမ်းဆီးခံရသူတွေထဲမှာ အရွယ်မရောက်သေးတဲ့လူတွေ ပါဝင်တဲ့အကြောင်းကို အခုလို ပြောပြပါတယ်။
“ရိုဟင်ဂျာအကုန်လုံး စုစုပေါင်းက ၄၃ ယောက်။ အခု ဒီတခေါက်လာတဲ့ ရခိုင် ရိုဟင်
ဂျာ မွတ်ဆလင်တွေကတော့ စစ်တွေမြို့ရဲ့ မြောက်ဘက်ခြမ်းကလူတွေဖြစ်တယ်။
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာမွတ်ဆလင်တွေ မဟုတ်ဘူး။ အကုန်လုံး အမျိုးသားတွေချည်း
ပဲ ၄၃ ယောက်။ သူတို့က အသက်အငယ်ဆုံးက ၁၃ နှစ်၊ အသက်အကြီးဆုံးက ၅၂ နှစ်၊
၁၃ နှစ်အရွယ်က ၁၄ ယောက်လောက်ပါတယ်”

အခုလို ထိုင်းနိုင်ငံတွင်းကို လာရောက်ကြတာဟာ သူတို့ဒေသတွင်းမှာ အာဏာပိုင်တွေ
က လယ်ယာမြေသိမ်းယူမှု၊ အဓမ္မလုပ်အားပေး စေခိုင်းမှုနဲ့ လွတ်လပ်စွာ ခရီးသွားလာ
ပြီး စီးပွားရှာခွင့်မရမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံကိုလာရောက်ဖို့အတွက် သူတို့တတွေဟာ မိမိပိုင် အိမ်၊ မြေ၊ နွား စတာတွေ
ကို ရောင်းချခဲ့ကြပြီး အရှည် ပေ ၃၀ လောက်ရှိတဲ့ စက်လှေတစင်းကို ကျပ်ငွေ
၁၂ သိန်းနဲ့ စုပေါင်းဝယ်ယူခဲ့ကြတယ်၊ အဲဒီစက်လှေနဲ့ ထိုင်းနိုင်ငံကို ထွက်ခွာလာခဲ့ကြ
တယ်လို့ ဆိုပါတယ်။

ဒီလိုစွန့်စားပြီး လာရောက်ခဲ့တဲ့ခရီးကို သူတို့နဲ့သွားရောက်တွေ့ဆုံခဲ့တဲ့ သူက အခုလို ပြန်ပြောပြပါတယ်။
“ဒီလှေမှာ တရုတ်နီလုပ်တဲ့ Horse Power ၂၂ ကောင်ရှိတဲ့ အင်ဂျင်လေးတလုံးနဲ့ လူ
၄၃ ယောက် ဒီလှေထဲမှာ ညကြီး သူတို့ စထွက်ခဲ့တယ်။ သူတို့မှာ ပဲ့နင်းလည်းမရှိဘူး၊ စက်ဆရာလည်းမရှိဘူး။ စထွက်တဲ့နေ့ကတော့ ၁၂ ရက်နေ့၊ ၁ လပိုင်း။ အဲတော့
လမ်းမှာတွေ့သမျှ ငါးလှေတွေ ဘာလှေတွေမှာ ငါးတောင်းတယ်၊ အကူအညီတောင်း
တယ်၊ ထိုင်းနိုင်ငံကို လမ်းပြခိုင်းတယ်။ တချို့ငါးလှေတွေရဲ့ ပြောပြချက်အရနဲ့ပဲ သူတို့
လည်း ဒီလိုပဲ စမ်းသမ်းပြီးတော့ မောင်းလာတာ ၁၉ ရက်နေ့မှာ ထိုင်းရေပြင်ထဲကို
ရောက်ခဲ့တယ်။ ရနောင်းမြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ကော့လောင်ကျွန်းရဲ့
အရှေ့ဘက်ကို သူတို့ရောက်နေတယ်။ အဲဒီမှာ တိမ်းရှောင်ပြီးနေရာကနေ သူတို့ဆီမှာ
ပါလာတဲ့ တယ်လီဖုန်းနံပါတ်လေးတွေနဲ့ ကုန်းပေါ်မှာရှိတဲ့ သူတို့နဲ့သိတဲ့ ရခိုင်မွတ်ဆ
လင်တွေ၊ ရိုဟင်ဂျာမွတ်ဆလင်တွေ၊ ဘင်္ဂလားဒေ့ရှ် မွတ်ဆလင်တွေကို ဆက်သွယ်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ သူတို့ အဖမ်းခံခဲ့ရတာ”
အဖမ်းခံခဲ့ရသူတွေကို သွားရောက်တွေ့ဆုံခဲ့တဲ့သူက ပြောပြသွားတာပါ။

ဒီနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာတော့ မာလိန်မှူးတယောက်နဲ့ လှေသားတွေ
က ဦးဆောင်ခေါ်ယူလာတာဖြစ်တယ်လို့ ဖော်ပြပါတယ်။ အခုအခါမှာတော့ သူတို့တွေ
ကို ရနောင်းရဲစခန်းမှာ ချုပ်နှောင်ထားပါတယ်။ မကြာခင်မှာ ရုံးတင်စစ်ဆေးပြီး အချုပ်
ချ၊ ဒဏ်ငွေရိုက်တာမျိုး မလုပ်တော့ဘဲ လာရင်းနိုင်ငံကို ပြန်ပို့မှာဖြစ်ပါတယ်။ ဒီလိုပြန်ပို့
ရတာဟာ တရားမ၀င် ၀င်ရောက်လာသူတွေ များပြားလွန်းလို့ ရနောင်းမြို့က အချုပ်နဲ့
ထောင်တွေမှာ လူပြည့်ကျပ်နေတာကြောင့်လို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်းကလည်း မြန်မာနိုင်ငံ ကော့သောင်ဘက်က တရားမ၀င် ၀င်ရောက်လာ
တဲ့ ထားဝယ်နဲ့ မွန်လူမျိုး ၅၀ လောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ လသားအရွယ် ကလေးငယ်တွေရဲ့ မိခင် ၆ ယောက်ပါတယ်လို့
ပြောပါတယ်။ သူတို့တွေကတော့ မြန်မာပြည်က ပွဲစားတွေက ကျပ်ငွေ ၃ သိန်း
၇ သောင်းယူပြီး ရနောင်းကိုပို့ဆောင်စဉ် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ဒီနှစ်ဆန်းပိုင်းအတွင်းမှာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာခေါ် ရခိုင် ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်ဘာသာဝင် စုစုပေါင်း ၅၀၀ လောက်ရှိမယ်လို့
ဒေသခံ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ခန့်မှန်းပါတယ်။ လွန်ခဲ့တဲ့ ပွင့်လင်းရာသီ
မှာတော့ အခုလို ရခိုင်ပြည်နယ်ကနေ လှေစီးပြီး ၀င်ရောက်လာသူ ၁၅၀၀ လောက်ကို
ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG