သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဲန်အယ်လ်ဒီ နှိုးဆော်


မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ အထူးသဖြင့် တပ်မတော်ရဲ့ဂုဏ်သိက္ခာ မထိခိုက်အောင်၊ တပ်မတော်
ရဲ့ သမိုင်းကောင်းကျန်ရစ်အောင် ပြောထားတဲ့အတိုင်း စစ်ခေါင်းဆောင်တွေအနေနဲ့ အမျိုးသားပြန်လည်သင့်
မြတ်ရေး လုပ်ငန်းတွေကို အမြန်ဆုံးစတင်လုပ်ဆောင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က အကြံ ပြုတိုက်တွန်းလိုက်ပါတယ်။ မနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ရက်စွဲနဲ့ အမျိုးသားဒီမိုကရေ
စီအဖွဲ့ချုပ်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ရာမှာ ယခင်ကာကွယ်ရေးဦးချုပ်က ဖွဲ့စည်းပုံရေးဆွဲရေးဆိုင်ရာ ပြောခဲ့တဲ့မှတ်ချက်တွေနဲ့
စစ်အစိုးရရဲ့ ၁/၉၀ ကြေညာချက်တွေကို ပြန်လည်ကိုးကား ဖော်ပြပါတယ်။

၁၉၉၀ ရွေးကောက်ပွဲကို စစ်အစိုးရက ကတိအတိုင်း ကျင်းပပေးခဲ့တဲ့ သမိုင်းကောင်း
လိုမျိုး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လည်း ပြောထားတဲ့အတိုင်း ဆောင်
ရွက်ဖို့ စစ်အစိုးရကို တိုက်တွန်းချင်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ပြောပါတယ်။ ဒီကြေညာချက်နဲ့ပတ်သက်ပြီး အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း
ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

“၁၉၉၀ ပြည့်နှစ်လောက်ကစပြီး သမိုင်းကြောင်းဆိုင်ရာအချက်အလက် အစိုးရက
ထုတ်ပြန်ခဲ့တဲ့ ၁/၉၀၊ ယခင်ကာကွယ်ရေးဦးစီးချုပ် ပြောကြားခဲ့တဲ့ စကားတွေရယ်၊
နောက် ၁/၉၀ အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ
ဆွဲရမယ်ဆိုပြီး အစိုးရကနေ ကြေညာထားတယ်။ ဒီအချက်အလက်တွေကို မမေ့
မပျောက်နိုင်အောင် ဖော်ပြတယ်။ ဖော်ပြပြီး လက်ရှိ အမျိုးသားရင်ကြားစေ့ရေးကို တပ်မတော်ခေါင်းဆောင်များက ဆောင်ရွက်ဖို့ လိုအပ်တယ်။ ဒီလိုဆောင်ရွက်မှသာ တပ်မတော်ရဲ့သမိုင်း၊ တပ်မတော်ရဲ့ ဂုဏ်သိက္ခာရှိမယ်ဆိုတဲ့ အဲဒီစာကိုပဲ ကြေညာချက်
အဖြစ် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်”

ဒီစာကိုပဲ ပြီးခဲ့တဲ့တပတ်ကျော်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပေးပို့ခဲ့တယ်ဆိုတော့ အရင်တုန်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အမျိုးသားပြန်လည်သင့်
မြတ်ရေးအတွက် ကမ်းလှမ်းချက်တွေ ရှိခဲ့ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ စစ်အစိုးရ
ဘက်က တုံ့ပြန်ချက်တွေ ဘာတွေများ ရထားဘူးလဲ။
“ဒီလိုပို့ခဲ့တဲ့စာတွေနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ ဘာတုံ့ပြန်ချက်မှမရဘူး။ အဲဒီလိုမရ
ပေမယ့် အဖွဲ့ချုပ်အနေနဲ့က နိုင်ငံရေးအရ ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်မယ်၊
ဒါတွေဟာ သမိုင်းဆိုင်ရာ မှတ်တမ်းများလည်း ဖြစ်ပါမယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ရဲ့ စေတနာတွေက ဒီစာတွေမှာ အဓိကပေါ်လွင်နေပါတယ်၊ ပေါ်လွင်အောင်လည်း
ကျနော်တို့ ဒီစာကိုပို့ရခြင်းဖြစ်ပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကမ်း
လှမ်းတာတွေ၊ စာထုတ်တာတွေ မကြာခဏတွေ့ရပါတယ်။ ဒါပေမယ့် တကယ်တမ်း တွေ့ဆုံဆွေးနွေးရေးတို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ လက်ရှိ မြန်မာနိုင်ငံမှာ
မဖြစ်သေးတာ တွေ့ရပါတယ်။ ဒီအခြေအနေက ဘာကြောင့်လို့ ပြောလို့ရမလဲခင်ဗျ။
“ကျနော်တို့ လက်ခုပ်က တဖက်တည်းတီးနေတာ၊ ကျန်တဲ့တဖက် မတီးတဲ့အတွက်
မဖြစ်ဘူး။ ယုံကြည်မှုပြင်းထန်လာရင် ဒီဥစ္စာက ခဏလေးနဲ့ ဖြစ်သွားမှာပေါ့။ အခု အမျိုးသားရင်ကြားစေ့ရေးရဲ့ ပထမခြေလှမ်းဖြစ်တဲ့၊ တွေ့ဆုံဆွေးနွေးရေးရဲ့ ရှေ့ခြေလှမ်း
ဖြစ်တဲ့ Dialogue Process တောင်မှ အချိန်တွေက လိုအပ်တာထက် ပိုကြာနေတယ်။ အဲဒီလိုပိုကြာနေတာဟာ ဒီဟာအတွက် ယုံကြည်မှု မပြင်းထန်သေးလို့သာဖြစ်တယ်လို့
ကျနော်တို့ ဒီလိုပဲပြောချင်ပါတယ်”

စစ်အစိုးရဘက်က တဖက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်နဲ့ တွေ့ပြီး
တော့ ဆွေးနွေးနေတယ်လို့ ပြောနေတဲ့ တချိန်တည်းမှာပဲ တဖက်မှာတော့ ဖွဲ့စည်း
အုပ်ချုပ်ပုံ ပေါ်ပေါက်ရေးအတွက် ညောင်နှစ်ပင်ညီလာခံက ရလဒ်တွေကို အကောင်
အထည်ဖော်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ အဲတော့ တကယ်တမ်း မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးဖြစ်နိုင်မယ့် အလားအလာတွေရော မျှော်လင့်လို့ရရဲ့လားခင်ဗျ။
“အခု ၁/၂၀၀၇ အစိုးရအဖွဲ့ကြေညာချက်မှာ တွေ့ဆုံပါ့မယ်လို့ အစိုးရက တတိုင်းပြည်
လုံးသိအောင်၊ တကမ္ဘာလုံးသိအောင် ကတိပေးထားတယ်။ ဒီကတိကလွဲပြီး ကျနော်တို့
တခြားဟာကို လောလောဆယ်မတွေ့ဘူး။ ဒါကြောင့် ဒီကတိအတိုင်း ဆောင်ရွက်ဖို့သာ
ကျနော်တို့ နည်းလမ်းပေါင်းစုံနဲ့ တိုက်တွန်းတယ်၊ အကြောင်းကြားစာပေးတယ်၊
ကြေညာချက်ထုတ်တယ်။ ကျနော်တို့ ဒီကတိကိုပဲ အကောင်အထည်ဖော်နိုင်အောင်၊ ဒီကတိနဲ့ပတ်သက်ပြီးတော့လည်း ကုလသမဂ္ဂကလည်း ဒီသဘောထားတွေရှိတယ်။ စကားပြောနိုင်ဖို့ကိုပဲ ကျနော်တို့ ဦးစားပေးပြီး ဆောင်ရွက်နေပါတယ်”

မနေ့က အန်ကယ်တို့ အခုလိုထုတ်လိုက်တဲ့ ကြေညာချက်က အမျိုးသား ပြန်လည်
သင့်မြတ်ရေး ဖြစ်လာအောင်အတွက် တွန်းပေးတာလား၊ ဒါမှမဟုတ် သတိပေးတာ
လား။ မြန်မာစစ်အစိုးရကို ဘယ်လိုမျိုး Message ပေးချင်တာလဲခင်ဗျ။
“အမျိုးသားပြန်လည်သင့်မြတ်ရေးမှလွဲပြီးတော့ တခြားနည်းလမ်းမရှိပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ခြင်းအားဖြင့် တပ်မတော်ရဲ့ သမိုင်းကလည်း နာမည်ကောင်းနဲ့ကျန်ရစ်မယ်လို့ ကျနော်တို့ ဒီလို Message ပေးတာပါ”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောသွားတာပါ။

မြန်မာစစ်အစိုးရအနေနဲ့ ထိန်းသိမ်းခံထားရတဲ့ အဲန်အယ်လ်ဒီ အထွေထွေအတွင်းရေး
မှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်စားတွေ့ဆုံဖို့ဆိုပြီး ဆက်ဆံရေးဝန်ကြီး
ဦးအောင်ကြည်ကို ခန့်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့
ဦးအောင်ကြည် တွေ့ဆုံကြတာ တရားဝင် လေးကြိမ်မြောက်ရှိပေမယ့်လို့ ဘာမှ တိတိ
ပပ ရလဒ်ရယ်လို့ မတွေ့ရသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG