သုံးရလွယ်ကူစေသည့် Link များ

ကဗျာဆရာစောဝေ ကို အင်းစိန်ထောင်ပို့၊ အချစ်ဂျာနယ် ပိတ်ခံရ


မြန်မာစစ်အစိုးရကို တိုက်ခိုက်ပြောဆိုထားတယ်လို့ အဓိပ္ပာယ်ထွက်နေတဲ့ ကဗျာတပုဒ်ကို ပြည်တွင်းထုတ် ဂျာနယ်တစောင်အတွက် ရေးစပ်ခဲ့တာကြောင့်ဆိုပြီး အထိန်းသိမ်းခံနေရတဲ့ ကဗျာဆရာ ကိုစောဝေကို
အာဏာပိုင်တွေက မကြာသေးခင်ကဘဲ အင်းစိန်
ထောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

ထောင်မှာ ဒီနေ့ ကိုစောဝေနဲ့ တွေ့ခွင့်ရဖို့ ကြိုးပမ်းခဲ့တဲ့ ဇနီးသည်ဖြစ်သူ နန်းစမ်းစမ်းအေးကိုလည်း အာဏာပိုင်
တွေက ထောင်ဝင်စာတွေ့ခွင့် မပေးခဲ့သလို ကိုစောဝေ
အတွက် ထောင်ဝင်စာပစ္စည်းတွေ ပေးတာကိုလည်း
လက်မခံခဲ့ဘူးလို့ သိရပါတယ်။ ကိုစောဝေကို ထိန်းသိမ်းထားတာ၊ ထောင်ကိုပို့လိုက်
တာ၊ ဒါတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေဘက်က တစုံတရာ အသိပေး အကြောင်း ကြားတာမျိုးမရှိဘဲ တခြား ထောင်ဝင်စာလာတွေ့ကြတဲ့ မိသားစုတွေကနေမှ တဆင့်
ပြောပြလို့သာ ကိုစောဝေထောင်ထဲမှာရောက်နေတာကို မိသားစုက သိခွင့်ရခဲ့တာလို့
လည်း ဒီကနေ့ အင်းစိန်ထောင်ကို သွားရောက်ခဲ့တဲ့ ဇနီးသည်ဖြစ်သူ နန်းစမ်းစမ်းအေး
က ပြောပြပါတယ်။

“သူ့ကို တိုက် ၃ ဆိုလားမသိဘူး၊ အဲဒီကိုရောက်နေတယ်။ ကျမလည်း လူမမြင်ရဘူး၊ သူများပြောတာပဲ ကြားရတယ်။ ထောင်ဝင်စာသွားတွေ့တဲ့လူတွေက ဖုန်းဆက်လာ
တာ။ အဲဒီကိုရောက်နေပြီဆိုတဲ့အကြောင်း။ တဆင့်စကားနဲ့ပေါ့၊ ထောင်ဝင်စာသွား
တွေ့တဲ့လူတွေက ကိုစောဝေဆိုတာ ရောက်လာတယ်၊ ဘာညာဆိုပြီး အဲဒီလိုပဲ ကြားရ
ပါတယ်။ ပြီးတော့ ယူသွားတဲ့ ပိုက်ဆံအိတ်လေးတွေ၊ အ၀တ်ထည့်တဲ့အိတ်လေးတွေ အဲဒါလေးတွေတော့ ပြန်ရောက်လာတယ်။ အိမ်ကိုပြန်လာပေးထားတယ်။ အင်းစိန်ကို သွားနေတုန်းမှာပဲ ကျမတူမလေးကို လာပေးသွားတယ်။

“သူက သူလိုချင်တဲ့ သောက်နေကျ ၀မ်းနုတ်ဆေးလေးဘာလေး လိုချင်တယ်ဆိုတော့
ကျမက ပေးလို့များရမလားဆိုပြီး သွားကြည့်တာ။ သွားကြည့်တော့ တွေ့လို့မရသေးပါ
ဘူးတဲ့၊ နောက်တပတ်တောင်မှ ပစ္စည်းပို့ဖို့ မသေချာသေးပါဘူးတဲ့။ သူလိုအပ်တဲ့ဟာ
လေး ဘာလေး ပို့လို့မရဘူး။ ဘာမှတော့ အကြောင်းမကြားပါဘူး။ ဘာမှလည်း ပြော
ဆိုခြင်းမရှိပါဘူး။ အစက ပြည်ထဲရေးရုံးမှာစစ်တယ်၊ ဆေးတယ်။ အခု အင်းစိန်ထောင်
ကို ပို့လိုက်တယ်။ အဲဒါပဲ ကျမသိတယ်။ ကျန်တာ ဘယ်လိုဆက်လုပ်မယ်ဆိုတာလည်း
ကျမ ခန့်မှန်းလို့မတတ်ဘူး။ စနေနေ့ကမှ အင်းစိန်ကိုပို့လိုက်တာဆိုတော့ တွေ့တဲ့လူ
တွေက နေကောင်းတယ်လို့တော့ ပြောကြတာပါပဲ။ နေကောင်းတယ်ဆိုတဲ့ စကား
တခွန်းတော့ကြားရတယ်၊ စိတ်မပူဖို့ပေါ့။ သူ အဲလိုဖြစ်သွားတော့ ကျမက စိတ်
မကောင်းတာဘဲရှိတယ်ပေါ့၊ ဘာပြောလို့ရမလဲ”
ကိုစောဝေရဲ့ဇနီးဖြစ်သူ နန်းစမ်းစမ်းအေး ပြောပြသွားတာပါ။

ဇနီးသည်ဖြစ်သူအနေနဲ့ ကိုစောဝေ ဖမ်းဆီးထိန်းသိမ်းခံရစဉ်ကစပြီး ပြည်ထဲရေး
လက်အောက်ခံ ရဲအချုပ်မှာထားစဉ်တုန်းက တကြိမ်ပဲ ခင်ပွန်းဖြစ်သူနဲ့ စကားပြောခွင့်
ရသေးတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က ထုတ်ဝေခဲ့တဲ့ အချစ်ဂျာနယ်မှာ ကဗျာဆရာစောဝေရဲ့ ဖေဖော်ဝါရီ ၁၄ ဆိုတဲ့ကဗျာကို ဖော်ပြခဲ့တာပါ။ သာမန် အချစ် ကဗျာတပုဒ်ဆိုပေမယ့် ကဗျာရဲ့ ထိပ်ဆုံးစာသားတွေကို စာဖတ်သူတွေက အဓိပ္ပာယ် ကောက်ယူခဲ့ရာမှာတော့ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ထိခိုက်ပြောဆိုထားတဲ့သဘော သက်ရောက်နေခဲ့တာပါ။

ဒီကဗျာနဲ့ပတ်သက်လို့ ပြဿနာတက်ကာစ ပြီးခဲ့တဲ့အပတ်ကတည်းက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ စာပေစိစစ်ရေးက ကဗျာဆရာ ကိုစောဝေအပြင်
အချစ်ဂျာနယ် အယ်ဒီတာချုပ်ဖြစ်တဲ့ ဦးမြတ်ခိုင်၊ ထုတ်ဝေသူ မောင်ပန်းမွှေးတို့ကို
လည်း ဆင့်ခေါ်ပြောဆိုတာတွေရှိပါတယ်။ အဲဒီတုန်းကတော့ ဦးမြတ်ခိုင်က အကျိုး
အကြောင်း သူတို့ဘက်က ဒီကဗျာကို သာမန်ကဗျာတပုဒ်အနေနဲ့ ဆုံးဖြတ်သတ်မှတ်
ပြီး ဂျာနယ်ထဲမှာ သုံးခဲ့တာဖြစ်တယ်ဆိုပြီး ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် စာပေစိစစ်ရေးဘက်က ဘယ်လိုဆုံးဖြတ်မယ်၊ တုံ့ပြန်မယ်ဆိုတာတော့ အကြောင်းမပြန် သေးဘူးလို့လည်း ဆိုပါတယ်။ ဒါပေမယ့် ဒီနေ့တော့ အဖြူအမည်းသိရတဲ့သဘော ရှိပါ
တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုံမှန် တနင်္လာနေ့တိုင်းထုတ်တဲ့ အချစ်ဂျာနယ် ဒီနေ့တော့ ထွက်မလာပါဘူး။ ဒါဟာ စာပေစိစစ်ရေးက သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ရှိရင် လုပ်လေ့လုပ်ထရှိသလို ထုတ်ဝေခွင့်ပိတ်ပင်ပြီး အပြစ်ပေးဒဏ်ခတ်မှုတခုလို့ ရန်ကုန်
စာပေအသိုင်းအ၀ိုင်းက ယူဆနေကြပါတယ်။ တချို့ဆိုရင်လည်း အရင်တုန်းက ထုတ်ဝေ
ခွင့် အပြီးအပိုင် အပိတ်ခံရတာတောင် ရှိခဲ့ဖူးတာပါ။ ဒါပေမယ့် အခု အချစ်ဂျာနယ် ထွက်မလာတာဟာ ယာယီပိတ်လိုက်တာလား၊ ဒီ့ထက်ကြာဦးမှာလားဆိုတာတော့
စိတ်ဝင်စားစရာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG