သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူကိုယ်စားလှယ် ကုလသမဂ္ဂ အရာရှိများနှင့် မြန်မာ့အရေးဆွေးနွေး


မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအပြောင်းအလဲတွေ
ပေါ်ပေါက်လာရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး
အတွက် ကုလသမဂ္ဂနဲ့ လက်တွဲဆောင်ရွက်ဖို့ အခြေခံ
တူညီချက်တွေ ဆွေးနွေးနိုင်ခဲ့တဲ့အကြောင်း ဥရောပ
အဖွဲ့ဝင်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား
လှယ် မစ္စတာ ပီယာရို ဖက်ဆီနို (Piero Fassino) ရဲ့ ပြောရေးဆိုခွင့်ရှိသူ အူဂိုပါပီ (Ugo Papi) က ပြောပါ
တယ်။ မစ္စတာ ပီယာရို ဖက်ဆီနိုဟာ သောကြာနေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာ
ဟင် ဂမ်ဘာရီတို့ကို ကုလသမဂ္ဂဌာနချုပ်မှာ တွေ့ဆုံခဲ့ပါ
တယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက ဆက်ပြီး
ပြောပြပေးပါ။

ပြီးခဲ့တဲ့ သီတင်းပတ်မကုန်ခင်လေးမှာ ကုလသမဂ္ဂဌာနချုပ်ကိုသွားပြီး ကုလသမဂ္ဂ
အရာရှိတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂဝင် နိုင်ငံတွေရဲ့ အထူးကိုယ်စားလှယ်
မစ္စတာ ပီယာရို ဖက်ဆီနိုက သွားရောက်ပြီး တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံပြီး မြန်မာ့
အရေး ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ မစ္စတာ ပီယာရို ဖက်ဆီနိုရဲ့ ပြောရေးဆိုခွင့်
ရှိသူ မစ္စတာ အူဂိုပါပီက ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

“မစ္စတာဂမ်ဘာရီနဲ့ ကုလသမဂ္ဂအရာရှိတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ မြန်မာနိုင်ငံအရေး
ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်ရေး ကြိုးပမ်းချက်တွေအားလုံးကို ဥရောပအဖွဲ့ဝင်
နိုင်ငံတွေအနေနဲ့ ထောက်ခံတဲ့အကြောင်း မစ္စတာ ပီယာရို ဖက်ဆီနိုက ပြောခဲ့ပါတယ်။
မစ္စတာ ပီယာရို ဖက်ဆီနိုအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပအဖွဲ့ဝင်နိုင်ငံတွေရဲ့ အထူး ကိုယ်စားလှယ်အဖြစ် တာဝန်ခန့်အပ်ခံခဲ့ရတဲ့ အချိန်ကတည်းက မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာ့အရေး ဆောင်ရွက်ချက်တွေကို တစိုက်မတ်မတ် ထောက်ခံခဲ့တဲ့ သူပါ။ ဆက်လက် ပြီးတော့လည်း ထောက်ခံသွားမယ့်အကြောင်း ဆွေးနွေး ခဲ့တယ်။ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်တွေ အကြား မြန်မာနိုင်ငံ့အရေး ချဉ်းကပ်မှုနဲ့ ပတ်သက်လို့ သဘောတူညီမှုတွေ တော်တော် များများကို ဆွေးနွေး အမြင်တွေ ဖလှယ်နိုင်ခဲ့တယ်။”

မစ္စတာဂမ်ဘာရီဟာ ဒီ ဇန်နဝါရီလအတွင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ ကြိုး
စားနေပြီး လောလောဆယ်တော့ မြန်မာစစ်အစိုးရဘက်က တုန့်ပြန်ချက်ကို စောင့်ဆိုင်း နေတယ်လို့လည်း အူဂိုပါပီက ပြောပါတယ်။

တချိန်တည်းမှာပဲ မစ္စတာ ပီယာရို ဖက်ဆီနိုအနေနဲ့ အာရှနိုင်ငံတွေကို သွားရောက်ပြီး မြန်မာနိုင်ငံအရေးမှာ အာရှဒေသတွင်းနိုင်ငံတွေက မြန်မာစစ်အစိုးရကို ဝိုင်းဝန်းနားချ
နိုင်အောင် သူ့အနေနဲ့ တိုက်တွန်းပြောဆိုဖို့လည်း စီစဉ်နေပါတယ်။ သူ့ရဲ့ခရီးစဉ်
အတွင်းမှာ မြန်မာနိုင်ငံကိုသွားရောက်ဖို့ အစီအစဉ်ရှိပေမယ့်လည်း မြန်မာနိုင်ငံကို သွားရောက်ခွင့်ရမရ၊ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ဆိုတာတွေကတော့ လောလောဆယ်မှာ သူ့ဘက်
က မျှော်လင့်ချက်ပဲ ရှိပါသေးတယ်လို့ ပြောရေးဆိုခွင့်ရှိသူ အူဂိုပါပီက ပြောပါတယ်။
သူ အာရှနိုင်ငံတွေကိုသွားမယ့် ခရီးစဉ်နဲ့ ပတ်သက်လို့လည်း မစ္စတာ ပီယာရို ဖက်ဆီနိုရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အူဂိုပါပီ က အခုလို ရှင်းပြပါတယ်။

“အာရှနိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံတော်တော်များများက နိုင်ငံခြားရေးဝန်ကြီးတွေ၊ အစိုးရ
အရာရှိတွေကို မစ္စတာ ပီယာရို ဖက်ဆီနိုအနေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ အိန္ဒိယနိုင်ငံကို
ဇန်နဝါရီလလယ်နောက်ပိုင်းလောက်မှာ သွားနိုင်ဖို့ စီစဉ်ထားပါတယ်။ အင်ဒိုနီးရှားနဲ့ ထိုင်းတို့ကိုလည်း ဖေဖော်ဝါရီလဆန်းလောက်မှာ သွားဖို့ရှိပါတယ်။ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေကိုလည်း သွားဖို့ရှိပါတယ်။ ဒီနိုင်ငံတွေက မြန်မာနိုင်ငံမှာ
အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့အတွက် မြန်မာစစ်အစိုးရကို တိုက်တွန်းနိုင်မယ့်၊ နားချနိုင်မယ့်နိုင်ငံတွေလို့ မျှော်လင့်ပါတယ်။”

ထိုင်းနဲ့မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးဟာ အရေးကြီးသလိုပဲ ဒီမိုကရေစီ အသွင်ကူးပြောင်း
ရေးမှာ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ စစ်တပ်ကနေ ဒီမိုကရေစီနိုင်ငံထူထောင်ရေးမှာ
အတွေ့အကြုံရှိခဲ့တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဒီလို အသွင်ကူးပြောင်းရေး အတွေ့အကြုံရှိ
တဲ့ နိုင်ငံတခုအနေနဲ့ နည်းပေးလမ်းပြ လုပ်ငန်းစဉ်တွေ လုပ်နိုင်ပါတယ်လို့ မစ္စတာ
အူဂိုပါပီက ပြောဆိုသွားတာပါ။

ဒီလို ကုလသမဂ္ဂနဲ့ အီးယူနိုင်ငံတွေက မြန်မာနိုင်ငံရေးမှာ တက်တက်ကြွကြွ ကြားဝင်
ဆောင်ရွက်နေပေမယ့် ဥရောပမှာ အခြေစိုက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား
ကောင်စီ (အဲန်စီယူဘီ) ရုံး ဒါရိုက်တာ ဦးနွယ်အောင်ကတော့ ဥရောပနိုင်ငံတွေဟာ တကယ်တမ်းကျတော့ မြန်မာစစ်အစိုးရကို အခုထက်ပိုပြီး ဖိအားပေးသင့်တယ်လို့ သူ့အမြင်ကိုပြောပါတယ်။ ဥရောပနိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂနည်းတူ အာရှနိုင်ငံ
တွေကိုသွားပြီး မြန်မာ့အရေးမှာ တိုက်တွန်းဖို့ ဖိအားတွေပေးနေတာထက်စာရင် မြန်မာစစ်အစိုးရအပေါ်မှာ သံတမန်ရေးအရ၊ စီးပွားရေးအရ ပြင်းပြင်းထန်ထန် အရေး ယူပိတ်ဆို့တာမျိုးတွေ လုပ်သင့်တယ်လို့ သူက အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံကိစ္စကို အီးယူကလည်း တော်တော်လေး ဝင်လုပ်နေတယ်။ ပြီးတော့
ယူအဲန်ကလည်း ဥပမာဆိုရင် Special Envoy ဖြစ်တဲ့ အိုကာတာတို့၊ ယူကိုတာတို့၊
လာလားစ်တို့၊ ပီညဲရိုးအထိပေါ့လေ ဆယ်နှစ်ကျော် ယူအဲန်ဘက်ကလည်း လုပ်လာ
တယ်။ အခု ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ကစပြီး နည်းနည်းထူးခြားတာကတော့ ယူအဲန်တင်
မကဘူး၊ အီးယူကပါ ကိုယ်စားလှယ်လွှတ်ပြီး မြန်မာကိစ္စကိုကိုင်တွယ်ဖို့ဆိုပြီး လုပ်လာ
တယ်။
“ဒါတွေဟာ ကျနော်တို့အနေနဲ့ ကြိုဆိုရမယ့် ယူအဲန်၊ အီးယူလုပ်ငန်းတွေဖြစ်တယ်။
ဒါတွေကို ဆက်ပြီးလုပ်ဖို့လည်း တိုက်တွန်းတယ်။ ဒီ့ထက်ပိုပြီး Pressure များများနဲ့
လုပ်ဖို့ကိုလည်း တိုက်တွန်းတယ်။ မြန်မာဘက်က ပြန်ကြည့်ရင်လည်း မြန်မာစစ်
အာဏာရှင်တွေဟာ သူတို့က ထုတ်ပြောပြီးပြီ၊ သူတို့က ဘယ်သူ့ဟာကိုမှ နားမ
ထောင်ဘူး၊ ဘယ်သူ့အကြံဉာဏ်ကိုမှ ယူစရာမလိုဘူး။ သူတု့ိရဲ့ Road Map အတိုင်း ပဲဆက်သွားမယ်ဆိုတာ ပြောထားပြီးသားဖြစ်တဲ့အတွက် ယူအဲန်တို့ အီးယူတို့ကတော့
အခုလုပ်နေတဲ့ ပုံသဏ္ဌာန်အတိုင်း လုပ်နေလို့ကတော့ သိပ်ပြီးတော့ မျှော်လင့်ချက်
မရှိဘူး။”

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (အဲန်စီယူဘီ) ဥရောပရုံးဒါရိုက်တာ
ဦးနွယ်အောင် သုံးသပ်သွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG