သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးမြောက်ပိုင်းကို လက်ဘနွန်က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်


အမေရိကန်သမ္မတဘုရှ် (George Bush) အရှေ့အလယ်ပိုင်းဒေသကို ခရီးမထွက်ခင်မှာ
ဘဲ လက်ဘနွန်နိုင်ငံဘက်က ဒီနေ့ ဒုံးကျည်
နှစ်ခုပစ်လွှတ်ပြီး အစ္စရေးနိုင်ငံမြောက်ပိုင်းကို ပစ်လွှတ်တိုက်ခိုက်လာခဲ့လို့ နှစ်နိုင်ငံအကြား
မှာ တင်းမာမှုတွေ တိုးလာနေပါတယ်။ အစ္စရေးရဲတွေကတော့ သမ္မတဘုရှ် ခရီးစဉ်
အတွက် လုံခြုံရေးရဲတွေ အကြီးအကျယ်ချ
ထားမယ်လို့ ဗွီအိုအေသတင်းထောက်
Jim Teeple က အစ္စရေးကနေ သတင်းပေးပို့
ထားတာကို ကိုကျော်အောင်လွင်က တင်ပြ
ထားပါတယ်။

လက်ဘနွန်နိုင်ငံနဲ့ကပ်လျက် အစ္စရေးရဲ့ မြောက်ဘက်နယ်စပ်ဒေသမှာ အခုလို အမှတ်
မထင် တိုက်ခိုက်မှုဟာ လပေါင်းတော်တော်
များများအတွင်း ပထမဆုံးအကြိမ် ဖြစ်လာခဲ့
တာပါ။ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကစခဲ့တဲ့ အစ္စရေး-လက်ဘနွန်စစ်ပွဲမှာ ဒါဟာ ဒုတိယ
အကြိမ် တိုက်ခိုက်မှုလို့ ဆိုရမှာပါ။ ၂၀၀၆ ခုနှစ်တုန်းကဆိုရင် အစ္စရေးပိုင်နက်ထဲကို
ဒုံးကျည်တွေဟာ ထောင်နဲ့ချီပြီးတော့ကို ကျလာခဲ့တာပါ။ အခုတခေါက်မှာတော့ အစ္စရေးမြောက်ပိုင်းက လမ်းမတခုပေါ်ကို ဒုံးကျည်နှစ်လုံးပဲကျပြီးတော့ အသေ
အပျောက် အထိအခိုက်တွေ မရှိပါဘူးလို့ အစ္စရေးရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ
မစ်ခေး ရိုဆန်းဖီးဒ် (Mickey Rosenfeld) က အခုလိုပြောပါတယ်။
“လက်ဘနွန်ဘက်ကနေ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်နှစ်လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ အစ္စရေးမြောက်ပိုင်း ရှလိုမီ (Shlomi) မြို့နားက လမ်းမတခုပေါ်ကို အဲဒီဒုံးကျည်တွေ
ကျခဲ့ပါတယ်။ အဲဒီနေရာကို အစ္စရေးဘက်က ဗုံးဆိုင်ရာကျွမ်းကျင်သူတွေ ရောက်နေပြီး
ကတ်ချူးရှာ (Katyusha) ဒုံးကျည်တွေရဲ့ အကျွင်းအကျန် အစအနတွေကို စစ်ဆေးနေ
ပါတယ်” လို့ မစ်ခေးရိုဆန်းဖီးဒ်က ပြောသွားခဲ့တာပါ။

အမေရိကန်သမ္မတဘုရှ်ဟာ အစ္စရေးဝန်ကြီးချုပ် အီဟွတ်အိုမတ် (Ehud Olmert)၊ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် (Mahmoud Abbas) တို့နဲ့ သုံးရက်ကြာ
ပြောဆိုဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်။ သမ္မတဘုရှ်ခရီးစဉ်မတိုင်ခင် နာရီပိုင်းအလိုမှာ
အခုလိုမျိုး ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးနဲ့ လက်ဘနွန် နှစ်နိုင်ငံအကြား
တင်းမာမှုတွေ တိုးပွားလာစေခဲ့ပါတယ်။

သမ္မတဘုရှ်ခရီးစဉ် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် တသောင်းကျော်ကို အစ္စရေးဘက်က
နေ ချထားပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ လုံခြုံရေးအင်အား သုံးပုံတပုံကျော်ကို သုံးထား
တာပါ။ လုံခြုံရေးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်ခေးရိုဆန်းဖီးဒ်ကတော့ လုံခြုံရေးရဲတွေဟာ
အခု အစ္စရေးမှာ အသင့်ပြင်ထားပါပြီလို့ ဆိုပါတယ်။
“အစ္စရေးရဲတွေရဲ့ စိုးရိမ်မှုအတိုင်းအတာအရ အသေအချာကို ပြင်ဆင်ထားတာပါ။ အခု
ဆိုရင် ကျနော်တို့ဘက်က သမ္မတဘုရှ်ခရီးစဉ်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ စစ်ဆင်
ရေးဆိုင်ရာကိစ္စတွေမှာရော၊ စုံစမ်းထောက်လှမ်းရေးကိစ္စတွေမှာရော အပြီးအစီးကို ကျနော်တို့လုပ်ထားတာပါ။ သမ္မတဘုရှ်ရဲ့ သုံးရက်ကြာခရီးစဉ်နဲ့ပတ်သက်ပြီး ဘာမှ
ထူးခြားတဲ့ သတိပေးချက်မျိုးတွေတော့ ကျနော်တို့ ရမထားပါဘူး။ ဒါပေမယ့် ကျနော်
တို့ဟာ ပုံမှန်အတိုင်း သတိအပြည့်နဲ့ လုပ်စရာရှိတာတွေကို ဆက်ပြီးလုပ်သွားမှာပါ။
ဒါတွေဟာ တနှစ်ပတ်လုံး ကျနော်တို့လုပ်နေကျ ကိစ္စတွေပါပဲ” လို့ အစ္စရေးရဲဘက် ပြောရေးဆိုခွင့်ရှိသူ မစ်ခေးရိုဆန်းဖီးဒ်က ပြောခဲ့တာပါ။

သမ္မတဘုရှ်နဲ့အဖွဲ့ဟာ ဂျေရုစလင်က သမိုင်းဝင် ကင်းဒေးဗစ် (King David) ဟိုတယ်
မှာ တည်းကြမှာပါ။ အဲဒီဟိုတယ်မှာ အိမ်ဖြူတော်အဖွဲ့ဝင်တွေ အပြည့်ယူထားပါတယ်။
သမ္မတဘုရှ်နဲ့ အတူလိုက်လာခဲ့တဲ့ သတင်းထောက်တွေကတော့ အဲဒီနားက ဟိုတယ်
တွေမှာ တည်းကြပါလိမ့်မယ်။

ဂျေရုစလင်က အဓိကကျတဲ့ လမ်းမကြီးတွေကတော့ သမ္မတဘုရှ် ခရီးစဉ်အတွင်းမှာ
အခု ပိတ်ပင်ထားပြီးပါပြီ။ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေကတော့ အစ္စရေးရဲ့ အခြေ စိုက်ရွာတည်ဆောက်မှု ကိစ္စတွေကို ဆန့်ကျင်နေကြတာဖြစ်ပြီး သူတို့တွေ အကြီး
အကျယ် ဆန္ဒပြကြမယ်လို့လည်း ခြိမ်းခြောက်ထားတာ ရှိပါတယ်။

လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားတဲ့ကြားကပဲ သမ္မတဘုရှ်ဟာ အနောက်ဘက်ကမ်း
ခြေကို သွားဖို့လည်း ရှိနေပါတယ်။ အနောက်ဘက်ကမ်းခြေမြို့ဖြစ်တဲ့ ရာမလာ
(Ramallah) မှာ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်နဲ့ သမ္မတဘုရှ် တွေ့မယ်လို့ ကြေညာချက်ထုတ်ထားတာပါ။

ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းခြေဒေသမှာလည်း အကြမ်းဖက်မှုတွေက
ဆက်ပြီး ဖြစ်ပွားနေတာပါ။ အဲဒီနေရာမှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်း စစ်သွေး
ကြွတွေ ဒီကနေ့ပဲ ပဋိပက္ခတွေ ဖြစ်ပွားနေပါသေးတယ်။ ဂါဇာကမ်းမြောင်မှာ အစ္စရေး
ရေတပ်နဲ့ ဟားမတ်စ်စစ်သွေးကြွအဖွဲ့တွေ တဖက်နဲ့တဖက် အပြန်အလှန် ပစ်ခတ်တာ
တွေလည်း ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG