သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အန်အယ်လ်ဒီလူငယ် ထိန်းသိမ်းခံနေရစဉ် သေဆုံးတဲ့ သတင်းထွက်ပေါ်


နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ဖမ်းတာဆီးတာတွေ ရှိတဲ့အပြင် ထိန်းသိမ်းခံထားရသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မိသားစုတွေက မသိနိုင်ပဲ ဖြစ်နေရသလို အခုနောက်ဆုံး စစ်ဆေးရင်း သေဆုံးတဲ့အထိ ဖြစ်ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ရဲ့ လူငယ် ခေါင်းဆောင်တဦး စစ်ဆေးမေးမြန်းမှုတွေအတွင်း သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကြောင့် မိသားစုကလည်း ပူပမ်နေကြရတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦး က ဆက်ပြောပြပေးပါဦးရှင်။

မကွေးတိုင်း နတ်မောက်မြို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအောင်မိုးလွင် မကြာသေးခင်က ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက်၊ သူ့အခြေအနေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရပဲ ဖြစ်နေချိန်မှာပဲ အခုလို သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။ ကိုအောင်မိုးလွင် စတင် ဖမ်းဆီးခံရစဉ် ကာလကစလို့ မိသားစုအပါအဝင် ပြင်ပက လူတွေနဲ့ တွေ့ခွင့်မရပဲ ရှိနေရာက အခုနောက်ဆုံး အာဏာပိုင်လို့ ယူဆရသူတွေက နတ်မောက်မြို့မှာရှိတဲ့ မိသားစုကို တယ်လီဖုန်းကတဆင့် အကြောင်းကြားတာတွေ ရှိခဲ့လို့ အခုဆိုရင် စိုးရိမ်တကြီး လိုက်လံ စုံစမ်းမေးမြန်းမှုတွေ လုပ်ပေမယ့်လည်း အာဏာပိုင်တွေဖက်က တိတိကျကျ အဖြေမရခဲ့ဘူးလို့လည်း ဖခင်ဖြစ်သူ ဦးသိန်းအောင် က ပြောပြပါတယ်။

“အဘတို့ ကြားသိရတာကတော့ ၁၅ရက်လောက်ရှိသွားပြီ။ သေဆုံးပြီလို့ သိရတာကတော့ ၅ရက်လောက်ပဲ ရှိပါသေးတယ်။ အမည်မသိ လူတယောက်ကနေပြီး သားဆီကို ဖုန်းလှမ်းဆက်လို့ သေဆုံးသွားတယ်လို့ သိရတာ။ ရန်ကန်တိုင်း ရဲတပ်ဖွဲ့ရုံးလဲ ရောက်ပါတယ်။ အင်းစိန်ထောင်လဲ ရောက်ပါတယ်။ မသိဘူး၊ မရှိဘူးလို့ပဲ ဖြေပါတယ်။ စုံစမ်းမရပါဘူး။ အင်းစိန်ထောင် ရုံးထုတ်တဲ့ လူတွေက ရန်ကုန် ရဲတပ်ဖွဲ့ရုံးမယ် ရှိတယ်လို့ အခိုင်အမာပြောပါတယ်။ ဒါပေမယ့် မရှိပါဘူး၊ မသိပါဘူး ဖြေလွှတ်ပါတယ်။ အဘတို့ စိတ်ထဲမှာတော့ တော်တော်လေး စိုးရိမ် ကြောင့်ကြမှုတွေ ကြီးနေပါတယ်။ ကိုယ်သားသမီး ဖြစ်နေတော့ အဘတို့မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရပါတယ်။ ဆက်ပြီးတော့ပဲ စုံစမ်းမေးမြန်းနေရပါတယ်။ သက်ဆိုင်ရာကိုလည်း စာတင်ဖို့ လုပ်နေပါတယ်။”

တကယ်တော့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးပြီး စစ်ဆေး မေးမြန်းမှုတွေ လုပ်တဲ့ ကာလ အတွင်းမှာ မိသားစုအပါအဝင် ပြင်ပက လူတွေနဲ့ တွေ့ဆုံခွင့် ပေးလေ့မရှိတဲ့အတွက် ဒီလို သတင်းတွေနဲ့ ပတ်သက်လို့တော့ တိတိကျကျ သိနိုင်ခွင့်တော့ မရှိပါဘူး။ ဒါပေမယ့်လို့ ဒီလို စစ်ရင်းဆေးရင်း၊ ဖမ်းဆီးထောင်ချထားရင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ သေဆုံးခဲ့ရတဲ့ အဖြစ်တွေကတော့ အရင့်အရင်တုန်းကလည်း ရှိခဲ့ဘူးပါတယ်လို့ ပြည်ပမှာ အခြေစိုက်ထားတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင် က ပြောပါတယ်။

“ကိုမိုးလွင် ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က အခုထိ အတည်ပြုလို့ မရသေးပါဘူး။ ဒါပေမယ့် အခုလို ဖမ်းဆီးပြီးတော့ ဘယ်နားရောက်နေမှန်း မသိတဲ့ ကိစ္စမျိုးတွေ အများကြီး ဖြစ်ခဲ့ဖူးပါတယ်။ နောက်တခါ အဲဒီလို ဖမ်းဆီးပြီး၊ စစ်ကျောရေးမှာ လက်လွန်ပြီး သေဆုံးသွားတော့မှ လူကိုလာပြီး အကြောင်းကြားတဲ့ ကိစ္စမျိုးတွေလည်း အရှေ့မှာ သာဓကတွေ ရှိခဲ့ဖူးပါတယ်။ ၂၀၀၅ခုနှစ်တုန်းက NLD က ကိုအောင်လှိုင်ဦးဆိုရင် လက်ဘက်ရည်ဆိုင်မှာ သူ့ကို ဖမ်းသွားတယ်။ ဖမ်းသွားပြီး ၇ရက်ကြာမှ ဆုံးသွားပြီးဆိုပြီး ထောက်လှမ်းရေးက လာပြီး အကြောင်းလာကြားတယ်။ သူ့ကို ဖမ်းသွားတုန်းက သူ့အဖေအမေတွေက မသိဘူး။ အကြောင်းကြားခြင်းလည်း မရှိဘူး။ ဒါပေမယ့် ဆုံးသွားတဲ့ အချိန်ကျမှ လာပြီးတော့ အကြောင်းကြားတယ်။ ဒီလို အကြောင်းတဲ့အခါမှာလည်း သူတို့ စစ်ဆေးတုန်း လက်လွန်သွားတယ်ဆိုတာမျိုး မဟုတ်ဘဲ ရောဂါရ ဆုံးသွားတယ်ဆိုပြီး အကြောင်း ကြားတယ်။ ဒီလိုမျိုးတွေဟာ ခဏခဏဖြစ်တဲ့ ကိစ္စမျိုးတွေပါ။”

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင် ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းတာဆီးတာ၊ သေဆုံးတဲ့အထိ ဖြစ်ရတဲ့ အခြေအနေတွေဟာဖြင့် တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေတဲ့ လက္ခဏာ အဖြစ်လည်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ်၊ ဥပဒေပညာရှင် တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း က မြင်ပါတယ်။

“ကျွန်တော် သုံးသပ်တာတော့ ဒီကိစ္စက ဥပဒေစိုးမိုးမှု မရှိတာဘဲဗျ။ ဒါက ဘာကိုပြသလဲဆိုတော့ မင်းမဲ့စရိုက်ဆိုတာ ဥပဒေကို မလေးစားဘဲ လုပ်ချင်ရာ လုပ်တာ မင်းမဲ့ စရိုက်၊ ဒီလို စရိုက်တွေ အများကြီး ထွန်းကားနေတယ်လို့ ကျွန်တော် မြင်ပါတယ်။”

အန်အယ်လ်ဒီပါတီ က ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ (AAPP) အဖွဲ့ရဲ့ မှတ်တမ်းတွေအရ ဆိုရင်တော့၊ ဒီမိုကရေစီရေး တောင်းဆို အုံကြွခဲ့တဲ့ ၁၉၈၈ ခုနှစ်ကကာလကစလို့ အခုအချိန်အထိ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေထဲက စစ်ကြောရေးမှာ သေဆုံးသူ အနည်းဆုံး (၁၀) အပါအဝင် စုစုပေါင်း သေဆုံးသူ အနည်းဆုံး (၁၃၇) ဦးထိ ရှိနေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG