သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေး စီးပွားရေးမူတွေအပေါ် ဒုသမ္မတလောင်းများ စကားစစ်ထိုး


ကြာသပတေးက ပြုလုပ်တဲ့ စကားစစ်ထိုးပွဲမှာ ရီပက်ပလစ်ကန်ပါတီရဲ့ ဒုသမ္မတလောင်း ဆယ်ရာ ပေလင်း နဲ့ ဒီမိုကရက်ပါတီရဲ့ ဒုသမ္မတလောင်း ဂျိုး ဘိုင်ဒန် တို့နှစ်ဦးဟာ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒတွေနဲ့ စီးပွားရေး အခြေအနေတွေ နဲ့ပတ်သက်လို့ အကြိတ်အနယ် ပြောဆိုခဲ့ကြပါတယ်။ အလက်စကားပြည်နယ် အုပ်ချုပ်ရေးမှူး ဆယ်ရာ ပေလင်း ကတော့ ကြိုတင်မျှော်လင့် ထားတဲ့အတိုင်း ဒီမိုကရက်ပါတီ ဒုသမ္မတလောင်း ဘိုင်ဒန် နဲ့ စကားစစ်ထိုးပွဲမှာ သူ့ရဲ့ ရပ်တည်ချက် အတိုင်း လုပ်ဆောင်ခဲ့တဲ့ အကြောင်း မစ်ဆိုရီပြည်နယ် စိန့်လူးဝစ်မြို့ က ဝါရှင်တန် တက္ကသိုလ်မှာ ပြုလုပ်တဲ့ ဒုသမ္မတလောင်းနှစ်ဦးရဲ့ စကားစစ်ထိုးပွဲကို ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် ဒါဘရာ တိတ် က သတင်းပေးပို့ခဲ့ပါတယ်။

အီရတ်မှာရှိတဲ့ အမေရိကန်တပ်မှူးတွေနဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးပွဲမှာ မစ္စတာ အိုဘားမား က သူသာ သမ္မတဖြစ်လာရင် သူ့ရဲ့ သမ္မတသက်တမ်း ၁၆ လအတွင်းမှာပဲ အီရတ်မှာရှိတဲ့ အမေရိကန်တပ်သားအားလုံးကို ပြန်ရုပ်သိမ်းမယ်ဆိုပြီး ပြောဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် မစ္စစ် ပေလင်း က - အီရတ်စစ်ပွဲနဲ့ပတ်သက်လို့ သမ္မတလောင်း ဘားရက်ခ် အိုဘားမားရဲ့ ရပ်တည်ချက်ကို ဝေဖန် တိုက်ခိုက်ခဲ့ပါတယ်။

“မစ္စတာ အိုဘားမားရဲ့ အစီအစဉ်က အီရတ်မှာ အလံဖြူစိုက်ပြီး လက်နက်ချဖို့ပဲဖြစ်တယ်။ ဒါကို ကျမတို့ တပ်ဖွဲ့တွေ ဒီနေ့ ကြားသိဖို့ မလိုအပ်ဘူး ဆိုတာပါပဲ။ ဒါ သေချာပါတယ်။”

ဒါပေမယ့်လည်း ဒီမိုကရက်ပါတီရဲ့ ဒုသမ္မတလောင်း ဂျိုး ဘိုင်ဒန် ကတော့ - မစ္စတာ အိုဘားမား ဟာ ရီပက်ပလစ်ကန်ပါတီရဲ့ သမ္မတလောင်း ဂျွန်မက်ကိန်း လို မဟုတ်ဘဲ - ဒီလူကြိုက်မများလှတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်တယ်လို့ တုန့်ပြန် တိုက်ခိုက်ခဲ့ပါတယ်။

“သမ္မတလောင်း မက်ကိန်း ဟာ ဒီစစ်ပွဲကို အဆုံးသတ်ဖို့ အမြင် မရှိဘူး။ ဒါနဲ့ပတ်သက်လို့ အခြေခံအကျဆုံး ခြားနားချက် ကတော့ ကျနော်တို့က ဒီစစ်ပွဲကို အဆုံးသတ်မှာပါပဲ။”

ဒီမိုကရက်ပါတီဒုသမ္မတလောင်း ဂျိုး ဘိုင်ဒန် ပြောသွားတာပါ။ အခု အပြန်အလှန် စကားစစ်ထိုးနေကြတဲ့ အီရတ်စစ်ပွဲ ကိစ္စဟာ ဒုသမ္မတလောင်း နှစ်ဦးစလုံးအတွက် ကိုယ်ရေးကိုယ်တာ ထိခိုက်မှုတခုဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ မစ္စစ်ပေလင်းရဲ့ သားဖြစ်သူ Track က တာဝန်ထမ်းဆောင်ဖို့အတွက် ပြီးခဲ့တဲ့ လတုန်းက အီရတ်ကို ထွက်ခွာခဲ့ပါတယ်။ အလားတူပဲ မစ္စတာ ဘိုင်ဒန်ရဲ့ သား Beau ကလည်း အမျိုးသားလုံခြုံရေးအဖွဲ့ဝင် တယောက်အနေနဲ့ အီရတ်မှာ တာဝန် ထမ်းဆောင်ဖို့အတွက် သောကြာနေ့မှာ ထွက်ခွာရမှာဖြစ်ပါတယ်။

နိုင်ငံခြားရေးမူဝါဒတွေနဲ့ပတ်သက်လို့ ပြောဆိုကြတာမှာတော့ - မစ္စတာ အိုဘားမား ဟာ မလိုအပ်ဘဲနဲ့ အီရန်သမ္မတ မာမွတ် အမာဒီနီဂျတ်စ်နဲ့ တွေ့ချင်နေတယ်ဆိုပြီး မစ္စစ် ပေလင်း က စွပ်စွဲပြစ်တင်ခဲ့ပါတယ်။

“အတွေ့အကြုံမရှိတဲ့၊ ဝေဖန်ပိုင်ခြားနိုင်စွမ်းနည်းတဲ့ သမ္မတကိုယ်စားလှယ်တဦးကနေ ပြောတဲ့ကိစ္စပါ။ သူဟာ အန္တရာယ်သက်သက်ကို လုပ်နေတာပါပဲ။” လို့ မစ္စစ် ပေလင်း က ပြောဆိုခဲ့ပါတယ်။

ဒါကို မစ္စတာ ဘိုင်ဒန် က အခုလို တုန့်ပြန်လိုက်ပါတယ်။

“အီရန်သမ္မတ မာမွတ် အမာဒီနီဂျတ်စ်နဲ့ တွေ့ဆုံမယ်လို့ မစ္စတာ အိုဘားမား က မပြောခဲ့ပါဘူး။ သမ္မတ အမာဒီနီဂျတ်စ်ဟာ အီရန်မှာ လုံခြုံရေးယန္တရားနဲ့ပတ်သက်လို့ ထိန်းချုပ်မထားဘူးဆိုတာ သမ္မတလောင်း ဂျွန် မက်ကိန်း မသိတာ ကိုပဲ ကျနော် အံ့အားသင့်ရတယ်။ တကယ်တော့ အီရန်ရဲ့လုံခြုံရေးကို ဘာသာရေးခေါင်းဆောင်တွေကသာ ထိန်းချုပ်ထားတာပါဗျာ။”

အမေရိကန်ပြည်ထောင်စုက အလယ်အလတ်လူတန်းစားတွေ အကျိုးရှိစေဖို့ လက်ရှိ အမေရိကန်စီးပွားရေးမူဝါဒကို ပြောင်းလဲပစ်မယ် ဆိုပြီးတော့ ဒုသမ္မတလောင်း နှစ်ဦးစလုံးက ကတိပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မစ္စတာ ဘိုင်ဒန် က - အမေရိကန် ပြည်ထောင်စုမှာ ဘဏ္ဍာရေးအကျပ်အတည်း ပြဿနာ ရုတ်တရက်ကြုံတဲ့အချိန် - အမေရိကန်စီးပွားရေးရဲ့ အခြေခံကျတဲ့ အချက်တွေဟာ ခိုင်မာတယ်ဆိုပြီး ပြောခဲ့တာကြောင့် ရီပတ်ပလစ်ကန်သမ္မတလောင်း ဂျွန် မက်ကိန်းဟာ သာမန်အမေရိကန် ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှု မရှိဘူးဆိုပြီး အရိပ်အမြွက် ထောက်ပြခဲ့ပါတယ်။ မစ္စတာဘိုင်ဒန်ရဲ့ ဒီပြောဆိုချက်နဲ့ပတ်သက်လို့ မစ္စစ် ပေလင်း က - သမ္မတလောင်း မက်ကိန်း ရဲ့ ပြောဆိုချက်က ခိုင်မာတဲ့ အမေရိကန် အလုပ်သမား အင်အားကို ရည်ညွှန်းခဲ့တာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပြီး တကယ်ဆိုရင် မစ္စတာ အိုဘားမားကသာ အမေရိကန်ပြည်သူတွေနဲ့ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေအပေါ်ကို အခွန်တွေ တိုးမြှင့်မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

တကယ်တော့ မစ္စတာ အိုဘားမား က - အလယ်အလတ် လူတန်းစားတွေအပေါ် အခွန်ဖြတ်တောက်ပြီး၊ ဝင်ငွေ ၂ သိန်းခွဲကျော် တဲ့သူတွေကိုသာ တိုးမြှင့်မှာဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် မစ္စတာ မက်ကိန်းဟာ သမားရိုးကျလမ်းစဉ်ကို လိုက်လေ့မရှိသူအဖြစ် သူ့မှတ်တမ်းက ပြနေတာကြောင့် အပြောင်းအလဲတွေကို ယူဆောင်ပေးနိုင်မယ့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတဦးဖြစ်တယ်လို့ မစ္စစ် ပေလင်းက ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း မစ္စတာ ဘိုင်ဒန် က သမ္မတလောင်း မက်ကိန်း ဟာ အမေရိကန်ပြည်သူတွေ ဂရုစိုက်တဲ့ ဘယ်ကိစ္စမျိုး မဆိုအပေါ် သမားရိုးကျ လမ်းစဉ်ကို လိုက်လေ့မရှိသူ မဟုတ်ဘူးလို့ မစ္စတာ ဘိုင်ဒန်က တုန့်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG