သုံးရလွယ်ကူစေသည့် Link များ

ငွေကြေးမုန်တိုင်းဒဏ် ကာကွယ်နိုင်ရေး ဥရောပ ခေါင်းဆောင်တွေ ပြင်ဆင်


ကမ္ဘာ့ငွေကြေး အကျပ်အတည်းတွေကို ဖြေရှင်းမယ့် အားလုံး ဘုံ သဘောတူညီချက်တွေကို အဖြေရှာဖို့အတွက် ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နဲ့ အီတလီနိုင်ငံ ခေါင်းဆောင်တွေ ဒီနေ့ ပြင်သစ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးပါလိမ့်မယ်။ ပါရီကနေ Lisa Bryant သတင်းပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုက နေ စတင်တဲ့ ငွေကြေးအကျပ်အတည်းတွေက ကမ္ဘာတဝှမ်းကို ပျံ့နှံ့လာနေပြီဖြစ်ပါတယ်။ ဒီ ငွေကြေး အကျပ်အတည်းရဲ့ ရိုက်ခတ်မှုကို ဥရောပမှာရှိတဲ့ ငွေကြေးအဖွဲ့အစည်းတွေပါ ရင်ဆိုင်နေရပြီဆိုပြီး ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းရေး ထိပ်သီးအစည်းအဝေးကျင်းပဖို့ ပြင်သစ် သမ္မတ နီကိုလတ်ဇ် ဆာကိုဇီ က ထိပ်သီး အစည်းအဝေး ခေါ်ခဲ့တာဖြစ်ပါတယ်။

စက်မှုအင်အားကြီးနိုင်ငံ ရှစ်နိုင်ငံ G-8 အဖွဲ့ဝင် ဥရောပနိုင်ငံတွေ အနေနဲ့ ရင်ဆိုင်နေရတဲ့ ငွေကြေး အကျပ်အတည်း နဲ့ပတ်သက်လို့ ပိုပြီး ကြီးမားတဲ့ အစည်းအဝေး ကျင်းပနိုင်ရေး ပြင်ဆင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ ဒီအစည်းအဝေးကိုတော့ ဘယ်တော့ ကျင်းပမယ်ဆိုတာ ရက်အတိအကျ မသတ်မှတ်သေးပါဘူး။ ဥရာပနိုင်ငံတွေက ပြုပြင်ပြောင်းလဲရေး ဆိုင်ရာဌာန စမ်းစစ်သုံးသပ်သူ တဦးဖြစ်တဲ့ Philip Whyte ကတော့ ဒီ အကျပ်အတည်းကို ဖြေရှင်းရေး ဥရောပ ခေါင်းဆောင်တွေ လက်တွဲဖြေရှင်းမယ့် အယူအဆကို ကြိုဆိုတယ်လို့ ပြောပါတယ်။

“ဥရောပနိုင်ငံတွေထဲက ဦးစီးဦးဆောင်လုပ်နေတဲ့ နိုင်ငံတွေ အခုလို တနိုင်ငံနဲ့ တနိုင်ငံ လက်တွဲပြီး ဒီကိစ္စ ပူးပေါင်းလုပ်ကြတာက သိပ်ကို ကောင်းမွန်တဲ့ လုပ်ရပ်တခုဆိုတာ သေချာပါတယ်။ ဒီ တပတ်ထဲမှာ တက်တက်ကြွကြွ လုပ်ဆောင်တဲ့ အချက် ၂ ခု ရှိပါတယ်။ ကိုယ့်နယ်နမိတ်ထဲမှာ မရှိပေမယ့် အဲဒီ ဘဏ်တွေကို ကယ်တင်ဖို့ လိုအပ်လာရင် ဥရောပ နိုင်ငံတွေ တက်တက်ကြွကြွ လက်တွဲဖြေရှင်းနိုင်တယ်ဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက Benelux ဘဏ်၊ Dexia နဲ့ Fortis ဘဏ်တွေကို လေးနိုင်ငံ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပါတယ်။ ဒီလို ကယ်ဆယ်ရေးလုပ်ငန်းတွေကို နိုင်ငံတွေ ပေါင်းပြီး ဒီအတိုင်း ဆက်လုပ်နိုင်ပါ့မလား။ Philip Whyte ကတော့ သူ့အနေနဲ့ သံသယ ရှိတယ်လို့ ပြောပါတယ်။

“အိုင်ယာလန် နိုင်ငံဆိုရင် သူ့တိုင်းပြည်က ဘဏ်တွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ပြီးခဲ့တဲ့ အပတ်က သူ့ဘာသာ တဖက်သတ် ဆုံးဖြတ် ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။”

ဒီနေ့ကျင်းပမယ့် ထိပ်သီးအစည်းအဝေးကနေ ဘယ်လို အကျိုးရှိမယ့် ဆုံးဖြတ်ချက်တွေ ထွက်လာမလဲဆိုတာ မသေခြာသေးပါဘူး။ အကျပ်အတည်း ဖြစ်နေတဲ့ ဘဏ်တွေကို ကယ်တင်ဖို့အတွက် ဥရောပနိုင်ငံတွေအနေနဲ့ ကယ်ဆယ်ရေး ဘဏ္ဍာငွေ ရံပုံငွေအဖွဲ့ ဖွဲ့စည်းရေး နယ်သာလန်နိုင်ငံက အဆိုပြုထားပါတယ်။ ဒီ အဆိုပြုချက်နဲ့ပတ်သက်လို့လည်း ဥရောပနိုင်ငံတွေအတွင်းမှာ သဘောထား ကွဲလွဲချက်တွေ ရှိနေပါတယ်။

နယ်သာလန်နိုင်ငံရဲ့ အဆိုပြုချက်က အမေရိကန်ပြည်ထောင်စုမှာ ကွန်ဂရက်စ်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဘဏ်တွေကို ကယ်ဆယ်ရေး အစီအစဉ်နဲ့ အလားတူ ဖြစ်ပါတယ်။ ပြင်သစ် အခြေစိုက် ဥရောပကောင်စီ နိုင်ငံခြား ဆက်ဆံရေးရုံး အကြီးအကဲ Thomas Klau က တော့ နယ်သာလန်ရဲ့ အဆိုပြုချက်ကို ပြင်သစ်မှာ တွေ့ဆုံတဲ့ ဥရောပ ခေါင်းဆောင်တွေ လက်ခံပါ့မလားဆိုတာ သူ့အနေနဲ့ သံသယ ရှိမိတယ်လို့ ပြောပါတယ်။

“ဒီ အဆိုပြုချက်အပေါ်မှာ သဘောတူညီချက်တွေ ရမယ်လို့တော့ ကျနော့်အနေနဲ့ မထင်ပါဘူး။ ဂျာမဏီနိုင်ငံဘက်က ဒီကိစ္စကို တော်တော်လေး ဆန့်ကျင်နေတယ်လေ။ ဒါပေမယ့်လည်း ကတိကဝတ်တွေ ပေးလာမယ်ဆိုရင် ဒီကတိကဝတ်တွေကနေ ပူးပေါင်းဆောင်ရွက်လာဖို့အတွက် ထပ်ပြီး အားဖြည့် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

လေ့လာစမ်းစစ်သူတွေကတော့ ဥရောပနိုင်ငံတွေဟာ ဒီနေ့ ကမ္ဘာကို တိုက်ခတ်နေတဲ့ ငွေကြေးမုန်တိုင်းကို အမေရိကန် ပြည်ထောင်စုမှာ ထက်တော့ ကြံ့ကြံ့ခံနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့်လည်း သေချာပေါက် ပြောဖို့တော့ စောနေသေးတယ်လို့လည်း သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG