သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း အစုရှယ်ရာ တဟုန်ထိုးကျ


မနေ့က အမေရိကန် အစုရှယ်ရာဈေးဟာ
လေးနှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို
ရောက်ရှိခဲ့ပြီး ကမ္ဘာတဝှမ်းက အစုရှယ်ရာ
ဈေးတွေကလည်း အလားတူ ထိုးကျသွားခဲ့
ပါတယ်။ ဒါဟာ အကျပ်ရိုက်နေတဲ့ ငွေကြေး
နဲ့ ချေးငွေဈေးကွက်အပေါ်မှာ ဆက်ပြီး
စိုးရိမ်ပူပန်မှုတွေရှိသလို စိတ်ချယုံကြည်မှု
တွေလည်း မရှိသေးတဲ့အတွက်ကြောင့်
ဖြစ်ရတယ်လို့ သုံးသပ်နေကြပါတယ်။ ဒါနဲ့
ပတ်သက်ပြီး ဝါရှင်တန်က ဗွီအိုအေသတင်း
ထောက် မိုက်ကယ် ဘိုးမန်း (Michael Bowman) နဲ့ လန်ဒန်က တွမ် ရေးဗားစ်
(Tom Rivers) တို့ သတင်းပေးပို့ထားတာကို နော်ရှိုးက တင်ပြပေးထားပါတယ်။

မနေ့က အမေရိကန် အစုရှယ်ရာဈေးတွေ ထိုးကျနေတဲ့အချိန်မှာ ဥရောပ၊ အာရှနဲ့
ဖွံ့ဖြိုးဆဲနိုင်ငံ တော်တော်များများက အစုရှယ်ရာဈေးကွက်တွေမှာလည်း ထူးမခြားနား
ဘဲ အရှုံးတွေပေါ်နေတာကို တွေ့ရပါတယ်။ နယူးယောက်ခ်မြို့တော်ကို ကြည့်ရင်တော့
ဒေါင်းဂျုန်းစ် (Dow Jones) စက်မှုပျမ်းမျှညွှန်းကိန်းဟာ အောက်တိုဘာ ၂၀၀၄ ခုနှစ်
ကတည်းက မကြုံစဖူး အမှတ် ၁၀,၀၀၀ အထိ ထိုးကျသွားခဲ့ပါတယ်။ မနေ့က နေ့ခင်း
မှာတော့ ဒေါင်းညွှန်းကိန်းဟာ ယေဘုယျအားဖြင့် ၅% ကျသွားခဲ့ပါတယ်။ ဒီနှစ်
ဒီအချိန်အထိဆိုရင် ဒေါင်းရဲ့ဈေးဟာ လေးပုံတပုံ လျော့သွားခဲ့ပါတယ်။

ကမ္ဘာတဝှမ်းက အဓိက အစုရှယ်ရာဈေးကွက် အများစုဟာလည်း အထိနာခဲ့ရပါတယ်။
အာရှဘက်ကိုကြည့်မယ်ဆိုရင် တိုကျိုနဲ့ ဟောင်ကောင်တို့က အစုရှယ်ရာဈေးဟာလည်း
မနေ့ညနေခင်း အစုရှယ်ရာဈေးအပိတ်မှာ ၄% ကျော် ကျသွားခဲ့ပါတယ်။ အိန္ဒိယမှာ
၂ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာလည်း ၁၀% ထိ
ကျလို့ အစုရှယ်ရာဈေး ပိတ်လိုက်ရတဲ့အထိပါပဲ။ မက္ကဆီကို အစုရှယ်ရာဈေးကလည်း
၇% ထိ ကျသွားခဲ့ပါတယ်။

ဥရောပက အစုရှယ်ရာဈေးဘက် လှည့်လိုက်ရင်လည်း လန်ဒန်နဲ့ ဖရန့်က်ဖာ့တ်မှာ ၇%
ကျော်ကျပြီး ပါရီမှာတော့ ၉% ကျော် ကျခဲ့ပါတယ်။ အိုက်စ်လန်နိုင်ငံရဲ့ အကြီးဆုံးဘဏ်
၃ ခုအပါအဝင် တခြား အကြီးဆုံး ငွေကြေးဆိုင်ရာ ကုမ္ပဏီကြီး ၆ ခုကိုလည်း တခဏ
ဆိုင်းငံ့ထားခဲ့ပါတယ်။ မနေ့က ကမ္ဘာ့အစုရှယ်ယာဈေးတွေ တဟုန်ထိုး ကျသွားခဲ့ရတာ
မို့ တချို့က အမည်းရောင် တနင်္လာနေ့လို့ ခေါ်နေကြပါတယ်။ ဒါပေမယ့်လည်း သုံးသပ်
သူတွေကတော့ ဒါဟာ အဆိုးဆုံးဖြစ်ချင်မှ ဖြစ်မယ်လို့ သတိပေးထားကြပါတယ်။

ပိုမိုအကျပ်ရိုက်လာတဲ့ ချေးငွေဈေးကွက်အပေါ် စိုးရိမ်အားကြီးလာတာရယ်၊ ဗဟိုဘဏ်
တွေအနေနဲ့ကလည်း ဒီပြဿနာကို လွယ်လွယ်နဲ့ မဖြေရှင်းနိုင်တာတွေကြောင့် ကမ္ဘာ့
ဈေးကွက်အပေါ် ယုံကြည်စိတ်ချမှု ပိုမိုလျော့နည်းလာစေတာဖြစ်တယ်လို့ လန်ဒန်
အခြေစိုက် လေ့လာသုံးသပ်သူ မိုက်ကယ် ဝေလ်ဆန် (Michael Wilson) က အခုလို
ဆိုပါတယ်။

"အစိုးရအနေနဲ့ ငွေလည်ပတ်မှုယန္တရားကြီး မရပ်တန့်ရလေအောင် ဘယ်လောက်ပဲ
ငွေတွေကို စိုက်ထုတ်သုံးနေပါစေ ဈေးကွက်အပေါ် ယုံကြည်လာနိုင်ဖို့ဆိုရင် ဘဏ်တွေ
အချင်းချင်းအကြား ယုံကြည်မှုနဲ့ စိတ်ချမှုတို့ ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါတယ်။
ခက်တာက လက်ရှိအခြေအနေမှာ ဒါတွေ တခုမှ မတွေ့ရပါဘူး။"

ဒါ့အပြင် ဥရောပ အစုရှယ်ရာဈေး ကျဆင်းသွားစေခဲ့တဲ့ နောက်ထပ်အကြောင်းရင်းတခု
ရှိပါတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေအတွင်း ဂျာမဏီအစိုးရအနေနဲ့ ဘဏ်တွေမှာ
အပ်နှင်းထားတဲ့ ပြည်သူတွေရဲ့ စုငွေတွေထဲက အစိုးရက အာမခံပေးမယ့် ပမာဏကို
တိုးမြှင့်ခဲ့တာကြောင့် တခြား ဥရောပနိုင်ငံတွေက ပြည်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့
အစိုးရတွေက တွေဝေခဲ့ရပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းဖြစ်သူ ကန်းနက်သ် ကလာ့ခ် (Kenneth
Clarke) က ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေအတွင်း ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဥရောပ အချမ်း
သာဆုံး ၄ နိုင်ငံက ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တုန်းက ဥရောပနိုင်ငံတွေအနေနဲ့ ပိုပြီး
ညှိညှိနှိုင်းနှိုင်းရှိတဲ့ ဖြေရှင်းမှုမျိုးကို ဆွေးနွေးဖော်ထုတ်သင့်တယ်၊ ပြင်သစ်သမ္မတ
နစ်ကိုးလပ်စ် ဆာကိုဇီ (Nicolas Sarkozy) အဆိုပြုခဲ့တဲ့ အစီအစဉ်ဟာလည်း မှန်ကန်တဲ့
လမ်းပေါ်မှာ ရောက်နေတယ်၊ ဒီ့ထက်ပိုကောင်းအောင် ပြန်မွမ်းမံဖို့ပဲ လိုပါတော့တယ်လို့
ဆိုပါတယ်။

"နိုင်ငံတကာ ဘဏ်တွေအချင်းချင်းကြားမှာ အပြန်အလှန် ငွေတွေချေးယူနိုင်ဖို့အတွက်
နိုင်ငံတကာရဲ့ တုံ့ပြန်မှုကို လိုအပ်တယ် စသဖြင့် မစ္စတာ ဆာကိုဇီ အကြံပြုခဲ့တာကို
လက်ခံပါတယ်။ ဒါကို ဗြိတိန်နဲ့ ဂျာမဏီတို့ကတော့ ကျနော်တို့မှာ ကိုယ့်တိုင်းပြည်ရဲ့
နိုင်ငံရေး၊ ကိုယ့်တိုင်းပြည်က ဘဏ်တွေအတွက် ပူပန်နေရတာနဲ့ ဥရောပတခုလုံး
ပူးပေါင်းပါဝင်တဲ့ ကြိုးပမ်းမှုမျိုးကိုတော့ မလိုလားဘူးဆိုပြီး သေချာပေါက် ငြင်းမှာပဲ။
ဒါကတော့ ဝမ်းနည်းစရာပါပဲ။"

အမေရိကန်နိုင်ငံမှာ အိမ်ရာဈေးကွက် ကမောက်ကမဖြစ်တဲ့ မီးစကြီးက တောမီးလိုပဲ
အလျှင်အမြန် ပျံ့နှံ့ပြီး ငွေကြေးဈေးကွက်တခုလုံး အသက်ရှုကျပ်လာခဲ့ရတဲ့အဖြစ်ကို
ဖြေဆည်ဖို့ ရည်ရွယ်တဲ့ ဥပဒေမူကြမ်းကို အရင်ပတ်တုန်းက သမ္မတဘုရှ်က လက်မှတ်
ရေးထိုး အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေမူကြမ်းအရ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးအနေ
နဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေဆီက အကြွေးဆုံးတွေကို ဝယ်ယူနိုင်ခွင့်ရှိမှာဖြစ်တဲ့
အပြင် ပြည်သူတွေက ဘဏ်တွေမှာထားရှိတဲ့ ငွေတွေကို ပြည်ထောင်စုအစိုးရအနေနဲ့
အာမခံပေးရမယ့် ပမာဏကိုလည်း တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ်ကို ရောက်နေတဲ့ သမ္မတဘုရှ်က ဒီအရေးပေါ်ငွေကြေးဥပဒေဟာ
ပြဿနာတွေအားလုံးကို တပြိုင်နက် ပပျောက်သွားစေမှာတော့ မဟုတ်ပေမယ့်
စီးပွားရေးပြန်လည်ဦးမော့လာနိုင်ဖို့ တဖြည်းဖြည်း လမ်းကြောင်းပေးနိုင်မှာဖြစ်တယ်လို့
အခုလိုပြောပါတယ်။ အလားတူ ဥရောပအစိုးရ တော်တော်များများကလည်း အခက်
တွေ့နေတဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဘဏ်တွေကို အမေရိကန်နိုင်ငံလိုပဲ ပြန်ဝယ်ဖို့
ခြေလှမ်းစနေပြီ ဖြစ်ပါတယ်။ ဘော့စ်တွန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုအကြံပေး အာ့တ်
ဟိုဂန် (Art Hogan) က ဥရောပနိုင်ငံတွေလည်း မကြာခင်တုန်းက အမေရိကန်အစိုးရ
ကြုံတွေ့ခဲ့သလိုပဲ ဆုံးဖြတ်ရခက်တဲ့အဖြစ်မျိုး ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ခုလို ကမ္ဘာတဝှမ်း စီးပွားရေး အားပျော့နေတဲ့အချိန်မှာ ရေနံစိမ်းဈေးကလည်း ဆက်ကျ
နေပါတယ်။ ဒါပေမယ့် ရွှေဈေးကတော့ ထိုးတက်သွားခဲ့ပါတယ်။ National Association
for Business Economics ခေါ် ဝါရှင်တန်အခြေစိုက် စီးပွားရေးဆိုင်ရာ သုတေသနအဖွဲ့
ကြီးက အမေရိကန်နိုင်ငံဟာ Recession တိုးတက်မှုနှုန်း နှေးကွေးတဲ့ စီးပွားရေး
ကပ်ဆိုက်မှုမျိုးနဲ့ ကြုံနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ထားပါတယ်။

အမေရိကန် ဗဟိုဘဏ်က အကျပ်ရိုက်နေတဲ့ ချေးငွေဈေးကွက်ကို ပြန်လည်နိုးထ
နာလန်ထူနိုင်ဖို့အတွက် ပြည်ထောင်စုဘဏ်အနေနဲ့ ပုဂ္ဂလိကဘဏ်တွေက ဗဟိုဘဏ်
မှာ အရန်ထားရှိတဲ့ ငွေတွေအပေါ်မှာ အတိုးစပေးတော့မှာ ဖြစ်ပါတယ်။ အခက်တွေ့နေ
တဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေကိုလည်း ချေးငွေတွေ ပိုပြီးထုတ်ပေးတော့မှာ
ဖြစ်တယ် စတဲ့ လုပ်ဆောင်ချက်သစ်တွေကို ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG