သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီရေး တိုးတက်မှုမရှိရင် ဘန်ကီမွန်း မြန်မာခရီးစဉ် ဖျက်မည်


မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်မှုတွေ
မတွေ့ရဘူးဆိုရင်တော့ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်
ကို ပယ်ဖျက်ကောင်း ပယ်ဖျက်မယ့်အကြောင်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
(Ban Ki-moon) က အင်္ဂါနေ့မှာ ပြောလိုက်ပါ
တယ်။ လာမယ့်ဒီဇင်ဘာလမှာ သူ မြန်မာနိုင်ငံကို
သွားရောက်မယ်ဆိုပြီး အရင်ထွက်ပေါ်နေခဲ့တဲ့
သတင်းတွေနဲ့ပတ်သက်လို့ အင်္ဂါနေ့က ကုလ
သမဂ္ဂဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ
ရှင်းလင်းပွဲအတွင်း သတင်းထောက်တွေက
မေးမြန်းတဲ့အပေါ် မစ္စတာဘန်ကီမွန်းက တုံ့ပြန်
ဖြေကြားခဲ့တာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့မေလက နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး မြန်မာနိုင်ငံကို မစ္စတာ
ဘန်ကီမွန်း ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ မြန်မာစစ်အစိုးရခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီတုန်းကတော့ လူသားဘေးဒုက္ခ
ဆိုင်ရာ ကိစ္စသက်သက် သွားတာဖြစ်လို့ နိုင်ငံရေးနဲ့ပတ်သက်တာတွေ ဘာမှ ပြောဆို
ဆွေးနွေးတာမျိုး မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးကိစ္စရပ်တွေကို ပြောဆိုဆွေးနွေးဖို့ လာမယ့်ဒီဇင်ဘာလမှာ သွားဖို့ရှိတယ်လို့
ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင်မ် ဂမ်ဘာရီ
(Ibrahim Gambari) ပြီးခဲ့တဲ့ သြဂုတ်လ မြန်မာနိုင်ငံရောက်ရှိချိန်အတွင်း ပြောခဲ့ပါ
တယ်။

မစ္စတာဘန်က သူ့အနေနဲ့ရော၊ သူ့ရဲ့အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီအနေနဲ့ရော
မြန်မာ့အရေးမှာ အဆက်မပြတ် ကိုယ်တိုင်ကိုယ်ကျ ထိတွေ့လုပ်ဆောင်သွားမယ်ဆိုတာ
ကို အခိုင်အမာ ထပ်ပြောခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ မြန်မာ့အရေး အတွင်းရေးမှူး
ချုပ်ရဲ့ မိတ်ဆွေနိုင်ငံတွေက ထောက်ခံပံ့ပိုးသွားမယ်ဆိုတာလည်း ကတိပြုထားကြတယ်
လို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာအစိုးရကို တိုက်တွန်းထားတာနဲ့ ပတ်သက်ပြီးတော့
လည်း မစ္စတာဘန်ကီမွန်းက …

"ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို မြန်မာအစိုးရက အပြည့်အ၀ အကောင်
အထည် ဖော်သင့်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး
အကျဉ်းသားတွေကိုလည်း လွှတ်ပေးသင့်ပါတယ်။"

သူ့ရဲ့ခရီးစဉ်ဟာ ကုလသမဂ္ဂက တောင်းဆိုထားသလို မြန်မာအစိုးရက ဒီမိုကရေစီရေး
ပြုပြင်ပြောင်းလဲမှုတွေ လုပ်သလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်
သလား၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးသလားဆိုတာတွေပေါ်မှာ မူတည်နေ
တယ်လို့ မစ္စတာဘန်က ပြောပါတယ်။

"သင့်တော်တဲ့အချိန်မှာ မြန်မာနိုင်ငံကို ကျနော်ပြန်သွားချင်ပါတယ်။ ဒါပေမယ့်
အကောင်အထည်ပြနိုင်တဲ့ ဒါမှမဟုတ် အင်မတန် အားတက်ဖွယ်ကောင်းတဲ့ တိုးတက်မှု
တွေ မရဘူးဆိုရင်တော့ ကျနော် မြန်မာနိုင်ငံကို သွားမှာမဟုတ်ပါဘူး။"

မစ္စတာဘန်ကီမွန်းက ခရီးစဉ်ကို လုံး၀ ပယ်ဖျက်လိုက်တဲ့သဘော ပြောဆိုတာမဟုတ်ဘဲ
တိုးတက်မှုရှိဖို့ဆိုတာကို အလေးထား ပြောကြားသွားတာပါ။ ဒီစကားဟာ ပြီးခဲ့တဲ့လကုန်
ပိုင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ ဆွေးနွေးပွဲ
အပြီး စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ချ်ယို (George Yeo) ပြောခဲ့တဲ့စကားကို
ပဲ့တင်ထပ်နေပါတယ်။ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ဒီလိုခရီးစဉ်မျိုးဟာ ခပ်ပေါ့ပေါ့
လုပ်ရမယ့် ကိစ္စမဟုတ်ဘဲ အချိန်အခါကို ဂရုတစိုက် ရွေးချယ်ရမယ့်ကိစ္စဖြစ်ပြီး
ရှင်းလင်းသိသာတဲ့ တိုးတက်မှုတွေမရှိဘဲ မသွားသင့်ဘူး၊ ဒါပေမယ့် အတွင်းရေးမှူးချုပ်
ရဲ့ အချိန်အခါသင့် ဝင်ရောက်ဆောင်ရွက်မှုဟာ အင်မတန်အရေးကြီးတယ်လို့
အဲဒီတုန်းက ပြောခဲ့ပါတယ်။

အခုလည်း မစ္စတာဘန်က သူ့ခရီးစဉ်အတွက် အခြေခံလိုအပ်တာတွေကို လုပ်ဆောင်
နေတယ်လို့ ဆိုပါတယ်။

"ဒီတကြိမ်မှာ ကျနော့်အတွက် အချိန် ပိုလိုအပ်ပါတယ်။ သွားရောက်ဖို့ အသင့်တော်ဆုံး
အချိန်က ဘယ်အချိန်ဖြစ်မယ်ဆိုတာကို သတ်မှတ်ဖို့အတွက် အခြေအနေအားလုံးကို
ကျနော် ထည့်သွင်းစဉ်းစားရမှာပါ။"

ဒီနေရာမှာ သူလုပ်နေတဲ့ အခြေခံလိုအပ်တာတွေဆိုတာက ဘာတွေ၊ ထည့်သွင်း
စဉ်းစားနေတဲ့ အခြေအနေတွေက ဘာတွေဆိုတာကိုတော့ မစ္စတာဘန်ကီမွန်းက
ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။

မစ္စတာဘန်ကီမွန်းက သူ့ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်
ပြောင်းလဲမှုတွေ ရှိ-မရှိ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ
လွတ်-မလွတ် ဆိုတာတွေအပေါ် မူတည်နေတယ်လို့ မြန်မာအစိုးရအပေါ် သွယ်ဝိုက်ပြီး
ဖိအားပေးတဲ့သဘော ပြောသွားပါတယ်။ ဒါပေမယ့် မြန်မာအစိုးရကတော့ အခြေခံ
ဥပဒေမူကြမ်းကို မြန်မာလူထုက တခဲနက် ထောက်ခံအတည်ပြုပေးခဲ့ပြီးတာ၊ နိုင်ငံရေး
လုပ်ငန်းလမ်းစဉ် ၇ ရပ်မှာ အဆင့် ၅ ဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀
ပြည့်နှစ်မှာ ကျင်းပဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ စတာတွေကိုပဲ
ထပ်တလဲလဲ ပြောဆိုနေပါတယ်။ လက်ရှိ အကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ
ကို လွှတ်ပေးဖို့မဆိုထားနဲ့၊ ဆက်ပြီးတော့ အကျဉ်းရုံး စစ်ဆေး ထောင်ချတာတွေ၊
နောက်ထပ်ဖမ်းဆီးတာတွေကလည်း ဆက်တိုက်လို ဖြစ်နေဆဲပဲမို့ လာမယ့် ရက်ပိုင်း
လပိုင်းအတွင်း အပြောင်းအလဲဖြစ်လာဖို့ကတော့ အလားအလာ နည်းပါးလှတဲ့
အကြောင်း မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG