သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် မလွတ်သေးပေမယ့် အာဆီယံပဋိညာဉ် ဖိလစ်ပိုင် အတည်ပြု


အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN)
ရဲ့ ပဋိညာဉ်စာတမ်းကို ဖိလစ်ပိုင် အထက်
လွှတ်တော်က အင်္ဂါနေ့မှာ အတည်ပြုပေး
လိုက်ပြီ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ
အာဆီယံ ပဋိညာဉ်စာတမ်းကို အတည်ပြုဖို့
အတွက် မြန်မာနိုင်ငံမှာ နေအိမ်အကျယ်ချုပ်
ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ်
လို့ ပြောဆိုခဲ့ဖူးတဲ့နိုင်ငံ ဖြစ်ပါတယ်။
အခုတော့ ဒေါ်အောင်ဆန်းစုကြည်က
နေအိမ်အကျယ်ချုပ် ကျနေဆဲရှိပေမယ့်
ပဋိညာဉ်စာတမ်းကိုတော့ အတည်ပြုလိုက်ပါပြီ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက
တင်ပြပေးထားပါတယ်။

ပဋိညာဉ်စာတမ်းကို ပိုပြီးပြည့်စုံကောင်းမွန်တဲ့ စာတမ်းတခုဖြစ်ဖို့ ဆန္ဒရှိပေမယ့် တရုတ်
နဲ့ အိန္ဒိယနိုင်ငံတို့ စီးပွားရေးအင်အားကြီး နိုင်ငံတွေအဖြစ် ပြောင်းလဲဖြစ်ထွန်းလာတာ
ဟာ အာဆီယံအတွက် လက်တွေ့ကျကျ စဉ်းစားရမယ့် အခြေအနေသစ်တွေ ပေါ်ထွက်
လာတယ်လို့ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ မီရီယမ် ဆန်တီယာဂို
(Miriam Santiago) ကပြောကြောင်း မနီလာကလာတဲ့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြ
ထားပါတယ်။ အဓိပ္ပာယ်ကတော့ အာဆီယံအနေနဲ့ တခြား အာရှအင်အားကြီးနိုင်ငံတွေ
နဲ့ စီးပွားရေးအရ ယှဉ်ပြိုင်မှု အားကောင်းစေဖို့က ပိုအရေးကြီးတယ်လို့ ဆိုလိုတာပါပဲ။

မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အာဆီယံနိုင်ငံတွေထဲမှာ
ဆိုရင် တောက်လျှောက် တွန်းတွန်းတိုက်တိုက် ပြောဆိုလာခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက
တောင်မှ ပဋိညာဉ်စာတမ်းကို အတည်ပြုလိုက်ပြီဆိုတော့ မြန်မာ့အရေးမှာ ဖိလစ်ပိုင်ရဲ့
ရပ်တည်ချက် ပြောင်းလဲသွားပါပြီလား။ ဒီစာတမ်းကို တချိန်မဟုတ်တချိန် အတည်ပြု
ကြမယ်ဆိုတာ မျှော်လင့်ထားပြီးသားမို့လို့ ရပ်တည်ချက် ပြောင်းလဲသွားတဲ့ အနေ
အထားထိတော့ မယူဆတဲ့အကြောင်း AIPMC လို့ခေါ်တဲ့ မြန်မာ့အရေး အာဆီယံ
လွှတ်တော်အမတ်များအဖွဲ့မှာ NCGUB အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ
ညွန့်ပေါင်းအစိုးရအဖွဲ့ကို ကိုယ်စားပြု ဆောင်ရွက်နေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်
အမှတ် ၂ မဲဆန္ဒနယ်မြေရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေက
ပြောပါတယ်။

"ဒီလိုလက်မှတ်ထိုးတာ အခုမဟုတ်လည်း နောင် တဖြည်းဖြည်းတော့ ဖြစ်လာမှာပဲ။
ဒါက နိုင်ငံတကာ သံရေးတမန်ရေးကိစ္စမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဥပမာ နအဖ
ကိုယ်တိုင် မြောက်ကိုရီးယားကို နှစ်ပေါင်းများစွာ သံအဆက်အသွယ်ဖြတ်ထားပြီး
နောက်ကျတော့လည်း ပြန်ဆက်ရတာပဲ။ ဒီလိုလုပ်လိုက်လို့လည်း ဖိလစ်ပိုင်အနေနဲ့
မြန်မာနိုင်ငံအပေါ်ထားတဲ့ နိုင်ငံခြားရေးပေါ်လစီ ပြောင်းသွားတယ်လို့ ကျနော်
မယူဆပါဘူး။"

အာဆီယံ ပဋိညာဉ်စာတမ်းနဲ့ ပတ်သက်ရင် အများဆုံး ပြောဆိုကြတဲ့ကိစ္စရပ်ကတော့
အာဆီယံဒေသတွင်း လူ့အခွင့်အရေး စောင့်ကြည့်ကြီးကြပ်တဲ့အဖွဲ့တခု ထူထောင်ဖို့
ဆိုတာပါ။ ဒီလိုအဖွဲ့မျိုးထူထောင်ဖို့ ပဋိညာဉ်စာတမ်းထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားပါ
တယ်။ လွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့မျိုးသာ တကယ်တမ်း ထူထောင်နိုင်မယ်ဆိုရင်
မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးလို လူ့အခွင့်အရေးကိစ္စမျိုး
တွေမှာ အထောက်အကူဖြစ်နိုင်မယ်လို့ မျှော်လင့်တာတွေရှိပေမယ့် ဒီအဖွဲ့ဟာ ဟန်ပြ
ပါပဲ၊ အလုပ်ဖြစ်မှာမဟုတ်ပါဘူးလို့ မြင်ကြတဲ့ ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်
အာကွီလီနို ပီမန်းတဲလ် (Aquilino Pimentel) လို ပုဂ္ဂိုလ်မျိုးတွေက အများစုဖြစ်ပါတယ်။
မစ္စတာအာကွီလီနိုဟာ အာဆီယံပဋိညာဉ်စာတမ်းက မြန်မာအစိုးရ ပြောင်းလဲလာ
အောင် တွန်းအားပေးနိုင်မယ်ဆိုတာ မယုံကြည်သူဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေကတော့ အာဆီယံအဖွဲ့ကို နောက်ဆွဲနေတာက မြန်မာအစိုးရဖြစ်နေ
တာမို့ လူ့အခွင့်အရေးလို ကိစ္စအပါအဝင် ကိစ္စရပ်တွေမှာ ရှေ့တိုးလုပ်ဆောင်နိုင်ဖို့က
အများကြီး တွန်းအားပေးရလိမ့်မယ်လို့ ပြောပါတယ်။

"ဘာပဲလုပ်လုပ် တနိုင်ငံရဲ့အရေးကို ဝင်မစွက်ဖို့၊ စသဖြင့် ဒီဟာတွေက တုပ်နှောင်ထား
တော့ ရှေ့တက်လို့မရဘူး။ ဆိုးနေတာက တခါလာလည်း ပွကြီးဆိုတော့ နအဖက
အဓိကကျနေတာပဲ။ သူတို့ရှေ့ရောက်ရေးမှာ နအဖက ပြန်ဆွဲထားတဲ့အနေအထားရှိပါ
တယ်။ လူ့အခွင့်အရေးကိစ္စကိုလည်း အာဆီယံထဲမှာ ဒီ့ထက်ထိ ကြိုးစားကြရမှာ အမှန်
ပဲ။ သို့သော် ရှေ့ရောက်ဖို့ကတော့ အတော်ကို နှေးဦးမယ်။ ဒါက အာဆီယံရဲ့ သဘော
သဘာဝပဲ။ ကျနော်တို့ အများကြီးတော့ မျှော်လင့်လို့မရသေးဘူး။ သို့သော် အဲဒါကို
မြန်သထက်မြန်အောင်နဲ့ ထိရောက်သထက် ထိရောက်အောင်လုပ်ဖို့ကတော့ ကျနော်
တို့ အပြင်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အာဆီယံထဲက စိတ်တူ
သဘောတူ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝိုင်းပြီး ကြိုးစားကြရဦးမယ့် အနေ
အထားပါပဲ။"

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့မေလက နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး နိုင်ငံ
တကာက ကမ်းလှမ်းတဲ့ အကူအညီတွေကိစ္စနဲ့ ပတ်သက်လို့ မတင်မကျ အခြေအနေ
တရပ် ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ အာဆီယံက ကြားဝင် စေ့စပ်ညှိနှိုင်းပြီးတော့ မြန်မာ
အစိုးရနဲ့ နိုင်ငံတကာအကြား ယုံကြည်မှုတည်ဆောက်ပေးခဲ့ပြီး အကူအညီတွေလက်ခံ
ရေး ပြေလည်အောင် ကြိုးစားခဲ့ဖူးပါတယ်။ ဒါကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ
အောင်မြင်မှုတခုအဖြစ် အာဆီယံခေါင်းဆောင်တွေက ပြောလေ့ရှိပါတယ်။

အခုလည်း ပဋိညာဉ်စာတမ်းကို လက်မှတ်ထိုး အတည်ပြုတဲ့ နိုင်ငံတွေအားလုံးဟာ
တာဝန်ရှိလာတဲ့အတွက် တာဝန်သိသိနဲ့ လုပ်ဆောင်ကြဖို့လိုတယ်လို့ ဒေါက်တာ
တင့်ဆွေက ပြောပါတယ်။

"နိုင်ငံတကာတာဝန်မယူဘဲနဲ့ ပြည်တွင်းရေး ကိုယ့်လူထုရဲ့ တာဝန်တောင်မှ မကျေတဲ့
နအဖစစ်အစိုးရကတော့ အာဆီယံ ရှေ့သွားမယ့်ခြေလှမ်းကြီးကို ဆက်လက်ပြီးတော့
နောက်ပြန်ဆွဲဦးမယ်၊ ဒါဟာ မဖြစ်သင့်တော့ဘူး၊ ဒီဟာကိုလည်း အာဆီယံက အရင်က
ထက် ပိုပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့၊ ကျယ်ကျယ်လောင်လောင်၊ ပိုပြီး တိတိကျကျ
ပြောလာသင့်တယ်လို့ အယူအဆရှိပါတယ်။ နအဖဘက်ကလည်း ပြင်သင့်တယ်။
အာဆီယံ တခြား ၉ နိုင်ငံကလည်း ဒီအပေါ်မှာ အရင်ကထက်ပိုပြီး ပဋိညာဉ်ကို အမွှမ်း
တင်တဲ့အနေနဲ့ လုပ်ပြဖို့ လာမယ့် လပိုင်း၊ နှစ်ပိုင်းမှာ စောင့်ကြည့်ကြရမယ့် အနေ
အထားလို့ ကျနော် သုံးသပ်ပါတယ်။"

မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များအဖွဲ့မှာ အဝေးရောက် ပြည်ထောင်စု
မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ကိုယ်စားပြုဆောင်ရွက်နေတဲ့ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေ ပြောပြသွား
တာ ဖြစ်ပါတယ်။

အာဆီယံ ပဋိညာဉ်စာတမ်းကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စင်ကာပူမှာကျင်းပတဲ့
ထိပ်သီးအစည်းအဝေးအတွင်း နိုင်ငံခေါင်းဆောင်တွေက လက်မှတ်ရေးထိုးခဲ့ပြီးသားပါ။
ဒါပေမယ့် နိုင်ငံအသီးသီးရဲ့ လွှတ်တော်တွေက သဘောတူအတည်ပြုဖို့ လိုအပ်ပါတယ်။
အာဆီယံဒေသတွင်းမှာ လူထုက လွတ်လွတ်လပ်လပ် ရွေးကောက်တင်မြှောက်ထားတဲ့
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်မျိုး ရှိတဲ့နိုင်ငံတွေက
များများစားစားမပါတာမို့ အတည်ဖြစ်ရေးမှာ သိပ်ခက်ခဲလှတာတော့ မဟုတ်ပါဘူး။
အခုဆိုရင် ဖိလစ်ပိုင်ကလည်း အတည်ဖြစ်သွားပြီမို့ နောက်ဆုံးအတည်ပြုဖို့ ကျန်နေတာ
ကတော့ အင်ဒိုနီးရှားနိုင်ငံပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG