သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီလမ်းပြမြေပုံအတွက် လူ့အခွင့်အရေးလိုအပ်ချက် ကင်တားနား ထောက်ပြ


နိုင်ငံတကာ လူ့အခွင့်အရေး စံထားချက်တွေ အပေါ် လေးစားရေး ကို မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ လမ်းပြမြေပုံ မှာ ခွဲထုတ်ထားလို့ မရပါဘူး လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား က ဆိုပါတယ်။ ဒီ သတင်း ကို UN News Service အင်တာနက် စာမျက်နှာ မှာ တွေ့ရတာပါ။ မစ္စတာ ကင်းတားနား ရဲ့ အစီရင်ခံစာ ရှစ်ရက်နေ့ က ထွက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲ့ လမ်းပြမြေပုံ အရဆိုရင် နောက်တစ်ဆင့် က ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ကို အပြည့်အ၀ လေးစားလိုက်နာတဲ့ ပတ်ဝန်းကျင် မှာသာ အဲဒီ ရွေးကောက်ပွဲတွေ ကို ကျင်းပခဲ့မယ်ဆိုရင်၊ လုပ်တဲ့ ဖြစ်စဉ် ကို ယုံကြည်ကြပါလိမ့်မယ် တဲ့။ ဒီမိုကရေစီ တန်ဖိုးတွေ ကို တဖြည်းဖြည်း ဖြည့်ဆည်းဆောင်ရွက်ရာရောက်လိမ့်မယ်လို့ မစ္စတာ ကင်းတားနား က ဆိုပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုရုံး ဖွဲ့စည်းခွင့်တွေ ရှိဖို့ လိုပါတယ် လို့ မစ္စတာ ကင်တားနား က ပြောပါတယ်။ ဒါကြောင့် ၂၀၁၀ မတိုင်မီမှာကတည်းက အစိုးရ ဟာ အဲဒီ အခြေခံ အခွင့်အရေးတွေ ကို ကန့်သတ်ထားတဲ့ ဥပဒေတွေ ကို ပြန်လည် စိစစ် ပြင်ဆင်ရပါမယ် လို့ သူ က ဆိုပါတယ်။ အဲဒီ အခွင့်အရေးတွေ ကို လေးစားမှသာ ခိုင်မာ၊ အားထားလောက်တဲ့ ဒီမိုကရေစီ စံနစ် ကို ထူထောင်နိုင်တဲ့ ဖြစ်စဉ် ဖြစ်ပါလိမ့်မယ် မစ္စတာ ကင်းတားနား က ထောက်ပြသွားပါတယ်။

ဒါပေမဲ့ လူတွေ ကို ဆက်လက် ဖမ်းဆီးနေတာ၊ ထိန်းသိမ်းဖမ်းဆီးထားတဲ့ သူတွေ ကို အကျဉ်းချတဲ့ သက်တမ်း တိုးလိုက်တာတွေ ဟာ ဒီ အခွင့်အရေးတွေ မရှိတာ ထင်ရှားနေပါတယ်။ ဒါကြောင့် မစ္စတာ ကင်တားနား က နိုင်ငံရေး အကျဉ်းကျနေသူတွေ ကို တိုးတိုးပြီး လွှတ်ဖို့ အကြံပြုထားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မှာ ဒီ အကျဉ်းသားတွေ မပါဝင်ဘဲနဲ့တော့၊ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် ယုံကြည်နိုင်မှု တော်တော်ကြီး ထိခိုက်နိုင်ပါတယ် လို့ မစ္စတာ ကင်းတားနား က ဆိုပါတယ်။

ဖွဲ့စည်းပုံ အသစ် က ပြောထားတဲ့အတိုင်း၊ ပါတီစုံ ဒီမိုကရေစီ အရပ်သား အစိုးရ ကို ကူးပြောင်းရာမှာ ဒီမိုကရေစီ တန်ဖိုးတွေ ကို နက်နက်ရှိုင်းရှိုင်း ထည့်သွင်း လုပ်ဆောင်သွားဖို့ လိုအပ်လိမ့်မယ်လို့ မစ္စတာ ကင်တားနား က ပြောပါတယ်။ ခွဲခြားဆက်ဆံထားတဲ့ ဥပဒေတွေ ကို ရုပ်သိမ်းဖို့၊ ကလေးစစ်သားတွေ သိမ်းသွင်းနေတာ ကို ရှောင်ဖို့၊ နာဂိ ဆိုင်ကလုန်း တုံ့ပြန်ဆောင်ရွက်ခဲ့တာတွေ ကို ဆက်လက် ဆောင်ရွက်ဖို့ တွေ ကိုလည်း မစ္စတာ ကင်တားနား က အကြံပေးထားပါတယ်။

ဒါ့အပြင် တရားရေး စံနစ် ပြုပြင်ပြောင်းလဲရေးတွေ ကိုလည်း အကြံပေးထားပါတယ်။ လက်ရှိ တရားစီရင်ရေး စံနစ် က သီးခြား လွတ်လပ်တဲ့ စံနစ် မဟုတ်ဘဲ၊ အစိုးရ နဲ့ စစ်တပ် ရဲ့ တိုက်ရိုက် ချုပ်ထိန်းမှု အောက်မှာ ရှိနေပါတယ်။ ဒါကြောင့် သီးခြား လွတ်လပ်ပြီး၊ ဘက်မလိုက်တဲ့ တရားရေး စံနစ် အဖြစ် ပြောင်းလဲဖို့ တိုက်တွန်းထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေ ထူထောင်ဖို့လည်း မစ္စတာ ကင်တားနား က ပြောသွားပါတယ် ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG