သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး နိုင်ငံတကာစံတွေနဲ့ အလှမ်းဝေးနေဆဲ


မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ နိုင်ငံတကာက စံချိန်စံညွှန်းတွေနဲ့
အညီဖြစ်ဖို့ လိုနေသေးတဲ့အကြောင်း၊ နိုင်ငံရေးအခြေအနေတွေ တိုးတက်ဖို့ အခြေခံ
လွတ်လပ်ခွင့်တွေရှိဖို့ လိုသေးတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်
အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟဲ ကင်တားနား (Tomas Ojea
Quintana) က ပြောဆိုလိုက်ပါတယ်။ ဒီလို လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့
တိုက်တွန်းပြောဆိုလိုက်တဲ့အပေါ် မြန်မာနိုင်ငံက အတိုက်အခံ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်က ကြိုဆိုလိုက်ပေမယ့် အခြေအနေတွေ တိုးတက်ဖို့က ပြောနေတာထက်ကို
လိုနေသေးတယ်လို့လည်း ဆိုလိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက
တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာစေဖို့အတွက် လူ့အခွင့်အရေး
အခြေအနေတွေ တိုးတက်ဖို့က စိန်ခေါ်မှုတွေအဖြစ် ရှိနေဆဲပဲဆိုပြီး မနေ့တုန်းက
ထုတ်ပြန်လိုက်တဲ့ သူ့ရဲ့ အစီရင်ခံစာထဲမှာ ပြောဆိုခဲ့တာပါ။ မြန်မာစစ်အစိုးရက သူ့ရဲ့
နိုင်ငံရေးလမ်းပြမြေပုံအရ လာမယ့် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲအသစ်တွေ ကျင်းပဖို့
ပြင်ဆင်နေတဲ့နေရာမှာ အခြေခံလူ့အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်၊
ငြိမ်းချမ်းစွာစုရုံးခွင့် စတာတွေအပြင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို
ပြန်လွှတ်ပေးဖို့ လိုတယ်လို့လည်း သူက ဆိုလိုက်ပါတယ်။ လူ့အခွင့်အရေး ကိုယ်စား
လှယ်ရဲ့ ဒီလို ထောက်ပြပြောဆိုမှုတွေနဲ့ ပတ်သက်လို့ အတိုက်အခံ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ရဲ့ သဘောထားကတော့ …

"အဓိကအားဖြင့် အခြေခံလူ့အခွင့်အရေးတွေကို
ပေးမှဖြစ်မယ်။ ဒီဟာက လူ့အခွင့်အရေးဆိုင်ရာ
အခြေခံအချက် ၄ ချက်ပြောပါတယ်။ Right of
Express, Opinion, Right of Assembly နဲ့
Right of Association ရယ်။ ဒါတွေရှိမှပဲ ဒီမို
ကရေစီ ဖော်ဆောင်ရေးဆိုတာ ဖြစ်နိုင်မယ်လို့
ပြောတာ။ ကျနော်တို့ လုံးဝကြိုဆိုတယ်။ ဒါက
အမှန်လည်း အမှန်တရားပါ။

"နောက်တခုက နိုင်ငံရေးအကျဉ်းသားအားလုံး
လွှတ်ပေးခြင်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲ
ရော၊ နိုင်ငံရေးအကျပ်အတည်းရော ပြေလည်
နိုင်စရာရှိတယ်လို့ တင်ပြတဲ့ဟာတွေက ကျနော်
တို့ ကြိုဆိုတယ်လို့ ပြောချင်ပါတယ်၊ အဲဒါတွေနဲ့
ပတ်သက်ရင်။ အဲဒီလိုပြောပေမယ့် ဒီထဲမှာ အဓိပ္ပာယ်တွေ အများကြီးရှိပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်တယ်ဆိုရင် Dialogue ဆိုတာရှိလာမယ်၊
ညှိနှိုင်းမှုဆိုတာ ရှိလာမယ်။ ဒီဟာတွေ ရှိလာတဲ့အခါ ၂၀၁၀ ရွေးကောက်ပွဲအတွက်
အကျိုးရှိနိုင်တယ်လို့ ဒီလိုအဓိပ္ပာယ်မျိုး ကျနော်တို့ ယူပါတယ်။ ဒါလွှတ်လိုက်တာနဲ့
ဒါဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး မဟုတ်ပါဘူး။ ဒါတွေက အခြေခံ အဓိကလိုအပ်ချက်ကို
ပြောတဲ့သဘောလို့ အန်ကယ်တို့ နားလည်ထားပါတယ်။"

လတ်တလော အခြေအနေမှာတော့ တက်ကြွလှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီးမှု
တွေ ရှိနေတာ အပါအဝင် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ ကျေနပ်
ဖွယ်ရာ မရှိတဲ့အကြောင်းလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က သူ့ရဲ့ အစီရင်
ခံစာထဲမှာ ဖော်ပြခဲ့တာပါ။

အန်န်အယ်လ်ဒီပါတီကတော့ အခြေအနေတွေဟာ ပိုလို့တောင် ဆိုးလာတယ်လို့
ဆိုလိုက်ပါတယ်။

"ဖိနှိပ်မှုတွေ ပိုများတယ်လို့ ကျနော်တို့မြင်ပါတယ်။ သြဂုတ်၊ စက်တင်ဘာ ကာလမှာ
အဖမ်းအဆီး ပိုများလာတယ်။ တော်တော်ကြာကြာ နှစ်နဲ့ချီ ဖမ်းထားတဲ့လူတွေကိုလည်း
အခုမှ ပြစ်ဒဏ်ချတာတွေ တွေ့နေရတယ်။ ဒါကြောင့် ဖိအားပေးမှုကလည်း လက်တွေ့
မှာတော့ ဒီမှာ ပိုနေတယ်၊ ပိုများလာတယ်လို့ ပြောချင်ပါတယ်။"

လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ပြီးခဲ့တဲ့ သြဂုတ်လထဲတုန်းက
မြန်မာနိုင်ငံကို မစ္စတာကင်တားနား ရောက်နေခိုက်မှာပဲ တက်ကြွလှုပ်ရှားသူတွေကို
ဖမ်းတာဆီးတာတွေ ရှိခဲ့သလို ပြီးခဲ့တဲ့ လတွေအတွင်းမှာလည်း ဖမ်းဆီးမှုတွေ၊
ထိန်းသိမ်းခံနေရသူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတာတွေလည်း ရှိခဲ့တာ
ဖြစ်ပါတယ်။ ဒီလို လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့အတွက် အထူးကိုယ်စား
လှယ် သွားရောက်တဲ့ကြားက ဒီလို ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ အန်န်အယ်လ်ဒီ
ရဲ့ အမြင်ကိုလည်း မေးကြည့်ပါတယ်။

"လက်ရှိအခြေအနေမှာ ပြောရင်တော့ ဆုပ်ဆုပ်ကိုင်ကိုင်ပြနိုင်တဲ့ တိုးတက်မှု မရှိသေး
ဘူးလို့ ပြောလို့ရပါတယ်။ သို့သော်လည်း မစ္စတာကင်တားနားတို့လို၊ အထွေထွေအတွင်း
ရေးမှူး မစ္စတာဘန်ကီမွန်းတို့လို ပုဂ္ဂိုလ်တွေက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး
ပြောတာတွေကို လက်ရှိ စစ်ခေါင်းဆောင်များကလည်း တလေးတစားရှိလာတဲ့ အခြေ
အနေဖြစ်လာနိုင်တယ်။ အဲဒီလိုဖြစ်လာရင် တိုင်းပြည်အတွက် လမ်းကြောင်းမှန်ပေါ်
ရောက်တယ်လို့ ပြောလို့ရမှာပေါ့။ ဒီလိုမျှော်လင့်ချက်မျိုး ကျနော်တို့ထားပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း
ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို တရားလက်လွတ် ဖမ်းဆီးနေတာ
တွေ၊ ထောင်သွင်းအကျဉ်းချနေတာတွေနဲ့ ပတ်သက်လို့လည်း အသစ်ခန့်အပ်လိုက်တဲ့
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စ နာဗီ ပီလေး (Navi Pillay) က
မကြာသေးခင်တုန်းကပဲ ပြစ်တင်ဝေဖန် ခဲ့ပါသေးတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခံနေရသူ
တွေ အကျဉ်းကျခံနေရတဲ့ အချိန်ကာလတွေဟာဆိုရင် ရာဇဝတ်ပြစ်မှုကျူးလွန်လို့
ပြစ်ဒဏ်ကျခံနေရသူတွေထက်တောင် ပိုနေသေးတယ် ဆိုပြီးတော့လည်း သူက
ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG