သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု နေအိမ်အကျယ်ချုပ်အတွက် အယူခံလွှာ တင်လိုက်ပြီ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်
သက်တမ်းတိုးထားတာနဲ့ ပတ်သက်ပြီး အယူခံလွှာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ
တွေက ဒီနေ့ မြန်မာစစ်အစိုးရကို တင်လိုက်ပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ရှေ့နေကြီး ဦးကြည်ဝင်းကို ဆက်သွယ်မေးမြန်းပြီး ကိုသိန်းထိုက်ဦးက တင်ပြပေးထား
ပါတယ်။

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ရဲ့ အမှုကို ရှေ့နေ ဦးကြည်ဝင်းနဲ့အတူ လိုက်ပါကူညီ ဆောင်ရွက်တဲ့ ရှေ့နေ
ဦးလှမျိုးမြင့်က ဒီနေ့ နေပြည်တော်ကိုသွားပြီး အယူခံကို တင်ပါတယ်။ တရားပြိုင်ဖြစ်တဲ့
စစ်အစိုးရ ပြည်ထဲရေး ဗဟိုအဖွဲ့ကိုလည်း မိတ္တူပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ရှေ့နေကြီး ဦးကြည်ဝင်းကို ဆက်သွယ်မေးမြန်းတော့ အမှုနဲ့ပတ်သက်လို့ အခုလိုရှင်းပြ
ပါတယ်။

"ဦးလှမျိုးမြင့်က ဒီနေ့မနက် နေပြည်တော် အစိုးရအဖွဲ့ရုံးမှာ သွားတင်ပြီး ဟိုက လက်ခံ
တဲ့စာ ပေးလိုက်တယ်။ ကော်ပီကိုတော့ ကျနော်တို့က လျှောက်ထားခံရသူ၊ တရားပြိုင်
ပေါ့၊ ပြည်ထဲရေး ဗဟိုအဖွဲ့ကို ပေးလိုက်တယ်။ သူတို့ကလည်း လက်ခံရရှိတဲ့စာ ပေးပါ
တယ်။"

အခု အယူခံလွှာတင်တာဟာ နေအိမ်အကျယ်ချုပ်နဲ့ပတ်သက်လို့ ပထမဆုံး တင်ပြတဲ့
အယူခံဖြစ်ပါတယ်။ အရင်က ဒီလိုတင်တာမျိုးတွေ မရှိသေးတဲ့အတွက် စစ်အစိုးရဘက်
က ဘယ်လိုပုံစံနဲ့ တရားရေးအရ ဆက်ပြီး ရင်ဆိုင်ရမယ်ဆိုတာ အတိအကျ မသိရသေး
ပါဘူး။

တခြားအမှုတွေမှာ အယူခံလွှာတင်ရင် ဆိုင်ရာဌာနတွေက စိစစ်ပြီး လက်ခံတယ်ဆိုရင်
အယူခံ အမှုနံပါတ် ပေးလေ့ရှိပါတယ်။ အခုအယူခံကိုတော့ ဝင်စာအနေနဲ့သာ လက်ခံ
တာမျိုးဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းက တရားရုံးတွေကို တင်ပြတာမျိုးတွေနဲ့တော့
ကွဲလွဲနေတယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။

"ဒီအမှုမျိုး၊ ဒီပုဒ်မ၊ ဒီဥပဒေ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ
ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဆိုတဲ့ Title အရှည်ကြီး၊ ပုဒ်မ ၁၉၊
၂၀ မှာက အယူခံခွင့်ရှိတယ်လို့ ပေးထားတယ်။ ကျနော်သိသလောက် အခု ကျနော်တို့
တင်တဲ့ဟာက ပထမအယူခံပဲ။ ဒီအရှေ့က အယူခံတင်တာတွေ ဘာတွေ မရှိခဲ့သေးဘူး။
အဲတော့ process က ဘယ်လိုသွားမလဲဆိုတာ ကျနော်လည်း တပ်အပ်တော့ မပြော
တတ်ဘူး။

"တရားရုံးမှာ ကျနော်တို့ အယူခံလွှာ သွားတင်တယ်ဆိုပါစို့၊ အယူခံလွှာတင်ရင် ဆိုင်ရာ
ဌာနစိတ်တို့၊ ဌာနစုတို့က စိစစ်ပြီး အားလုံးမှန်ကန်တယ်ဆိုရင် သူက အယူခံအမှုနံပါတ်
ပေးတယ်။ အခုဟာက အယူခံ အမှုနံပါတ် မပေးလိုက်ဘူး။ စာလက်ခံရရှိတဲ့ ဝင်စာဆိုပြီး
စာတစောင်အနေနဲ့ သူတို့က လက်ခံလိုက်တယ်။ အဲဒီတော့ လုပ်ထုံးလုပ်နည်းက အဲဒီ
နေရာမှာကတည်းက တရားရုံးနဲ့တော့ နည်းနည်း ကွဲလွဲနေပြီ။"

ရှေ့နေကြီး ဦးကြည်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းတိုးခဲ့ကတည်းက မြန်မာ
စစ်အစိုးရဟာ သူတို့ချမှတ်ထားတဲ့ ဥပဒေပါ အချက်တွေကို သူတို့ကိုယ်တိုင် ချိုးဖောက်
တယ်ဆိုပြီး ဝေဖန်ခဲ့တာတွေ ရှိပါတယ်။ အခု စစ်အစိုးရရဲ့ ဥပဒေသတ်မှတ်ချက်မှာ ဒီလို
အမှုမျိုးကို အယူခံပိုင်ခွင့်ရှိတယ်လို့ ဖော်ပြတဲ့အတွက် ဒီဖော်ပြချက်အရ ရှေ့နေတွေက
အယူခံလွှာတင်ဖို့ ကြိုးစားတာဖြစ်ပါတယ်။

စစ်အစိုးရအနေနဲ့ သူတို့ချမှတ်ထားတဲ့ ဥပဒေပါ အချက်တွေကို ဘယ်လောက်အထိ
လိုက်နာတယ်ဆိုတာ ထပ်မံစမ်းသပ်လိုက်တာလို့လည်း အကဲခတ်တွေက ပြောဆိုဝေဖန်
ကြတာတွေ ရှိပါတယ်။ အခုအချိန်အထိတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံ
ကို မြန်မာစစ်အစိုးရ လက်ခံကြားနာခြင်း ရှိမရှိ အတိအကျ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG